ထလော့ မြန်မာ၊ အို မြန်မာတို့

ထလော့ မြန်မာ၊ အို မြန်မာတို့
Published 26 December 2015
ဘစံကောက်

နံနက် အရုဏ်တက်လေပြီ၊ ရွာဦးကျောင်းမှ ကလတက် ခေါက်သံကို ကြားရ၏ အိမ်ခေါင်းရင်း မန်ကျည်းပင်ထက်မှ ကြက်တွန်သံကိုလည်း ဖြိုင်ဖြိုင်ကြားရ၏။ မကြာခင် အရှေ့ပြုဗ္ဗာမှ ရောင်ခြည်တစ်ထောင် အလင်းဆောင်သော ဘာနူရာဇာရှင် နေမင်းသည် သူ၏အရောင်ဖြင့် လောက အလုံးကို ဆောင်ပေဦးတော့မည်။ သို့သော် ယခုမူကား အမှောင်ထုသည် စိုးမိုးနေဆဲသာ ရှိနေပေသေး၏။ မောင်လူအေးလည်း အိပ်ရာထဲတွင် ကွေး၍ ကောင်းနေဆဲသာ ရှိနေပေသေးသည်။ အလို ဘာသံပါလိမ့်။ မောင်လူအေး တစ်ယောက် အသံလာရာဆီသို့  စိတ်ဖြင့်မှန်း၍ နားစွင့်၏။ အစပထမတွင် အတော်ဝေးဝေးက လေနှင့် လွင့်ပါလာသလို ခပ်တိုးတိုးပင် ကြားရ၏။ သို့သော် နားစည်ကို အသံက ပြန်ခတ်ရာတွင်မူ ပီပီသသ ရှိလှ၏။ ကြည်ကြည်မြမြ ရှိလှ၏။ အသံ၏ ဆွဲဆောင်ပုံသည် ချိုသလိုရှိ၏။ သို့သော်မနွဲ့။ တိုသလို ထင်ရသော်လည်း ပြတ်တောင်းတောင်း တုံးတိတိကား မဟုတ်။ ဝါသော်လည်း သာ၏။ ရင်တွင်းကလာသော အသံမျိုး ဖြစ်သည်။ ပမာဆိုလျှင် စေတနာ ကဲသော အသံမျိုးတည်း။
ထလော့မြန်မာ၊ အို-မြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မား၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်၊ မစားလေရ
ဝမ်းမဝ၍၊ ဆွမ်းမျှမတင်နိုင်ရှိမည်တည်း။

အို ဘယ့်နှယ်ပါလိမ့်၊ နိဗ္ဗာန်ဆော် အသံလည်း မဟုတ်။ နံနက်စောစော ဘုရားဝတ်တက်သော ဘွားဒွေးကြီး၏ ရောင်ခြည်တော် ဘုရားရှိခိုးလည်း မဟုတ်။ ဟိုအိမ်ဒီအိမ်မှ ကြားနေကျ တရားဓမ္မရွတ်သံလည်း မဟုတ်။ ထူးခြားလေစွ။ သို့သော် အိပ်ရာမှ နိုးနေခြင်းမူကား စစ်စစ်ဖြစ်၏။ ဘယ်အချက်ကို ကြည့်၍ သိသနည်းဟူမူ ထလော့ မြန်မာဟု ဆိုခြင်းကြောင့် သိရ၏။ သို့ဆိုလျှင် အိပ်နေသော အဘယ်မြန်မာမျိုးတို့ကို နှိုးလေသနည်း။ ဤ လူ့ရွာမြေတွင် နေလေသမျှ မြန်မာအားလုံးကိုပင် နှိုးခြင်းဖြစ်၏။ သူနှိုးပုံကလည်း အကြောင်းအကျိုး ဆက်စပ်၏။
အိုမြန်မာတို့ နိုးထကြကုန်လော့၊ သင်တို့၏ မြေတွင် စေတီပုထိုး ဘုရားကျောင်းကန်တို့သည်လည်း များ၏။ လုပ်ခင်းဆောင်တာ လယ်မြေယာမြေတို့သည်လည်း ကျယ်ပြောလှ၏။ သို့ဖြစ်ရကား ထိုလယ်ယာမြေတို့မှ ထွက်သော ကောက်ပဲသီးနှံ ဆန်ရေ စပါးတို့သည်လည်း များပြားကြသည်သာ ဖြစ်ကုန်၏။ သို့ဖြစ်ပါသော်လည်း ယခုအခါ ကိုယ့်လယ်ထွက် စပါးကို ဝမ်းစာထည့်၍ စားနိုင်သော လယ်သမားဟူ၍ကား တစ်စစ ရှားပါလာသည်ကို တွေ့ရ၏။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံရ၍ ဝမ်းစာရှားပါး ဆင်းရဲသားတို့သည်သာ များကုန်၏။ မြင်လေသမျှ လုပ်စားကိုင်စား ဆင်းရဲသားတို့သည်လည်း မွဲမွေးပေါက်၍ နုံချာလှ၏။ ဒီအရေးကား အေးနေစရာ မဟုတ်၊ တွေးနေစရာ မဟုတ်၊ မကောင်းလည်းကံ ကောင်းလည်းကံဟု ကံကို ပုံချ၍ အေးနေကြပါလျှင် ကြာသောအခါ ထိုထိုစေတီပုထိုး ဘုရားကျောင်းကြို ကျောင်းကြားတွင် စားရတစ်ချက်၊ မစားရတစ်ချက်နှင့် လှည့်လည်၍ နေရင်းက ဘဝလည်း ညှိုး၊ လူလည်းညှိုးကာ ဖုန်းတောင်းယာစကာ အသွင်ရောက်၍ နောက်ဆုံးဘုရားကိုသော်မှ ဆွမ်းတော်မတင်နိုင်သော အဖြစ်သို့ ရောက်ကြရချေတော့မည်ဟု တစ်တစ်ခွခွ ဆိုလေသည်။
ထိုစကားကို ကြားရလျှင် မောင်လူအေးသည်လည်း အိပ်နေရာမှ ခုန်ပြီး ထချင်လောက်အောင် စိတ်အားသည် နိုးသွားလေ၏။ သို့သော် မနိုးပါနှင့်ဦး။ ဆက်ပြီး နားထောင်ကြည့်လိုက်စမ်းပါဦး။ အသံရှင်က ထပ်ပြီး လောဆော်လိုက်ပြန်သည်။
ထလော့မြန်မာ၊ အို မြန်မာတို့
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်
ရေချိုးသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။

ဦးစွာပထမ အိုမြန်မာတို့ဟူ၍ပင် အာလုပ်ပြုပြန်၏။ သင်တို့ ရွာမြေဝယ် သောက်စရာ ရေချိုကား ပေါလှသည် တမုံ့၊ ငုံ့၍သောက်ကာမျှဖြင့်ပင် ဝနိုင်၏။ ခပ်နေစရာပင် မလိုချေ။ နတ်တို့ဖန်သကဲ့သို့ အသင့်ပင်ရှိ၏။ ပျားသကာနှယ် လွန်စွာချိုသော အသီးအနှံ တို့သည်လည်း ထိုမြေမှာပင် အညွန့်အညှောက် ပေါက်၍ လွယ်ကူစွာ ခူးဆွတ်စားဖို့ အသင့်ရှိ၏။ သို့ရှိပါလျက်လည်း သင်တို့ အသုံးမချတတ်၍ ထိုရေချိုမြစ်ချောင်းနှင့် လူတို့ မဆင်မခြင် စွန့်ပစ်သော အမှိုက်တို့ကြောင့် အညစ်အကြေးတို့ဖြင့် ပျက်စီးကာ သောက်ရန် မသင့်သည့် အခြေသို့ပင် ဆိုက်ရောက်၍ နေကြပေပြီ။ မြေတို့သည်လည်း ဓာတုဆေးဝါး ပိုးသတ်ဆေးနှင့် လူတို့ဖန်တီးသော စစ်ပွဲများကြောင့် ပျက်စီး၍ နေကြလေပြီ။ ကြာလျှင် သီးပင်၊ စားပင်မှ ထွက်သမျှ အသီးအပွင့်တို့ကို စားရန်မျှပင် မသင့်သည့် အဖြစ်သို့ ကျရောက်ပြီး ပြိတ္တာများ ဖြစ်ကြရလေမည်ကိုလည်း သတိချပ်သင့်သည်ဟု ဆိုပြန်ချေသေးသည်။
မောင်လူအေးကား အတော်ပင် ကြက်သီးထ၍ သွားလေ၏။ ဘယ့်နှယ်လုပ်ရပါ့ စဉ်းစားနေတုန်းမှာပင် အသံသည် မောင်လူအေး၏ နားခံတွင်းပေါက်သို့ ရောက်၍လာပြန်လေတော့သည်။

Most Read

Most Recent