လမ်းဘေး ဈေးသည်များနှင့် ရန်ကုန်မြို့ပြညများဆီသို့

လမ်းဘေး ဈေးသည်များနှင့် ရန်ကုန်မြို့ပြညများဆီသို့
Published 25 December 2015
ဖေဒီ

(၁)
 
မကြာသေးမီ ရက်ပိုင်းအတွင်းက Daily Eleven သတင်းစာတွင် “လက်ရှိ အစိုးရလက်ထက်၌ ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည် အရေအတွက် ယခင်ထက် ၁၀ ဆခန့်အထိ များလာ” ဆိုသော သတင်းတစ်ပုဒ် တွေ့လိုက်ရပါသည်။ ဒီသတင်းကို တွေ့လိုက်ပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို သတိရလိုက်မိပါသည်။
“လမ်းမပေါ် ဆေးရိုးလှန်းခြင်း” 
ထိုအကြောင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်က “ဟင်္သာတနယ်ထဲမှာ ကျွန်တော် တွေ့ခဲ့တယ်။ ဘာတွေ့လဲဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်မှာထွက်ပြီး ဆေးတွေလှန်းတယ်။ --- အဲဒါဟာ လွတ်လပ်ရေး မဟုတ်ဘူး” ဟု ပြောခဲ့ပါသည်။ ဗိုလ်ချုပ်ပြောသည့် လွတ်လပ်ရေးမှာ ဂျပန်တွေကပေးသော ရွှေရည်စိမ် အတုအယောင် လွတ်လပ်ရေးကာလ ဖြစ်ပါသည်။
 
ဒီမိုကရေစီခေတ်ဟု နားလည်နေကြသော ယနေ့ကာလတွင်မူ လမ်းမပေါ်တက်ပြီး ဆေးရိုးလှန်းခြင်း မရှိကြတော့ပါ။ သို့သော်လည်း လမ်းမများသည် ဈေးရောင်းစရာ နေရာများ ဖြစ်လာကြပါသည်။ ဈေးသည်များဖြင့် ပြည့်ကျပ် ပိတ်ဆို့နေသည့် ယခု အနေအထားများကို ဗိုလ်ချုပ်အောင်ဆန်းသာ မြင်ပါလျှင် ဘယ်လို ပြောလေဦးမည် မသိ။ “ဟာ ဒီမိုကရေစီ ရပြီကွလို့ ဆိုပြီးတော့ လူတကာ သွားတဲ့လမ်းမပေါ်မှာ ထွက်ပြီး ဈေးရောင်းကြတယ်။ အဲဒါဟာ ဒီမိုကရေစီ မဟုတ်ဘူး” ဟု ပြောလေမလား။
 
“ဟ . .ဒီမိုကရေစီ အစိုးရ ကောင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မင်းတို့ မသိကြဘူးလား။ ပြည်သူတွေက တင်မြှောက်လိုက်တာနဲ့ပဲ ဒီမိုကရေစီ အစိုးရ ဖြစ်ပြီလို့များ ထင်နေသလား။ မင်းတို့ကို တင်မြှောက် ရွေးချယ်ပေးလိုက်တဲ့ ပြည်သူတွေရဲ့ စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူဖြစ်အောင် မြှင့်ပေးနိုင်မှ အစိုးရကောင်း။ ဒီမိုကရေစီ အစိုးရကောင်း ဖြစ်တယ်။ လမ်းမပေါ် ဈေးတက်ရောင်းနေတဲ့ သူတွေဟာ တကယ်တော့ မင်းတို့အစိုးရဟာ အစိုးရကောင်း ဟုတ်မဟုတ်ဆိုတာကို တိုင်းတာပြနေတာတွေပဲ။ အဟုတ် မှတ်မနေနဲ့”
 
“လွတ်လပ်ရေး အရသာကို ခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့။ စည်းကမ်း ရှိကြဖို့။ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကိုယ် အကျင့်ဆိုးတွေ။ အကျင့်ဟောင်းတွေ။ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက် ကတည်းက ငါပြောခဲ့တာ ခုထိမှ မပြင်နိုင်ကြသေးဘဲကိုး” ဟုပဲ ကရုဏာဒေါသော ဆိုလေမလား။ ဗိုလ်ချုပ်သည် တစ်ခုခု ပြောမှာတော့ သေချာသည်။
 
(၂)
 
အဆိုပါ သတင်းတွင် “ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ယခု အစိုးရသစ် တက်လာချိန်တွင် လမ်းဘေးဈေးသည် ပပျောက်ရေး စီမံချက် ရေးဆွဲပြီး လုပ်ဆောင်ခဲ့သော်လည်း လမ်းဘေးဈေးသည် အရေအတွက်မှာ ယခင် ၅၀၀၀ ခန့်မှ ၁၀ ဆအထိ များလာကြောင်း၊ အဆိုပါ ဈေးသည်များအတွက် နေရာ ချထားပေးရန် မြေနေရာ မရှိကြောင်း၊ ရန်ကုန်မြို့၏ လူစည်ကားသော ယုဇနပလာဇာ၊ တာမွေဈေးကဲ့သို့ နေရာဝန်းကျင်များတွင် လမ်းဘေးဈေးသည်များ သိသာစွာ များနေကြောင်း” စသည်တို့ကို ဖော်ပြထားပါသည်။
 
ဤသတင်းမှာ သာမန်သတင်း မဟုတ်ဘဲ အလေးအနက် စဉ်းစားရမည့် သတင်းတစ်ပုဒ် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေအနေနှင့် ပြည်သူတို့၏ ဘဝပုံရိပ်ကို ထင်ဟပ်နေစေသောကြောင့် ဖြစ်ပါသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရေကြည်ရာ မြက်နုရှာနေကြရသည့် ပြည်သူလူထု၏ ပုံရိပ်ကို ပေါ်လွင်စေသည်။ လမ်းဘေးဈေးသည် အများစုသည် ကျေးလက်တောနယ်များမှ တက်လာသူများဖြစ်၍ နိုင်ငံတွင် တောနေလူတန်းစားများ၏ ဘဝအခြေအနေ မည်သို့မည်ပုံ ရှိနေသည်ကိုလည်း ပုံရိပ်သွင် ထင်စေပြန်ပါသည်။ ထို့ကြောင့် လမ်းဘေးဈေးသည်များ အဘယ့်ကြောင့် များပြားလာသနည်း ဟုဆိုလျှင် စီးပွားရေး ဝမ်းရေး ဟူသော အဖြေတစ်ခုသာ ထွက်ပါလိမ့်သည်။
 
သို့ဖြစ်ပေရာ လမ်းဘေးဈေးသည်များ ပပျောက်ရေးဆိုသည့် စီမံကိန်းကို မည်သို့ပင်လုပ်လုပ် အောင်မြင်မှု ရရှိလိမ့်မည် မဟုတ်ပါ။ ဘိုးဘိုးအောင် ဝလုံးလိုပင် တစ်လုံးဖျက် နှစ်လုံးပေါ်၊ နှစ်လုံးဖျက် လေးလုံးပေါ်နည်းကားဖြင့် တိုး၍တိုး၍သာ လာမည်မှာ သေချာပါသည်။ သည်သို့သည်ပုံ တိုးလာမှတော့ ပေးစရာမြေ၊ ပေးစရာနေရာလည်း ဘယ်မှာ ရှိနိုင်ပါတော့မည်နည်း။
 
(၃)
 
ဤတွင် မလေးရှားနိုင်ငံသို့ ရောက်ခဲ့ရစဉ်က မြင်ခဲ့ရသည့် “မလေးရှား ညဈေး” အကြောင်းကို ပြောပြချင်စိတ် ပေါ်လာပါသည်။
 
မလေးရှားသို့ ရောက်သွားသည့် တစ်ခေါက်က ကလန်းစက်မှုဇုန်မှ ရင်းနှီးသော မြန်မာလူငယ်လေးများ အလုပ်လုပ်နေရာ စက်ရုံရှိ အဆောင်တွင် ၁၀ ရက်လောက်သွားပြီး နေခဲ့ဖူးပါသည်။ သူတို့သည် အလုပ်ပြီးသည်နှင့် ထမင်းဟင်းချက်။ ပြီးလျှင် ထမင်းစား။ နေ့လယ်စာ ဆိုလျှင်လည်း ထမင်းစားနားချိန်မှ အဆောင်ကို ပြန်လာပြီး ချက်ပြုတ်စားသောက်။ ပထမ တစ်ရက်နှစ်ရက် သတိမထားမိ။ ရေခဲသေတ္တာထဲမှ ဟင်းရံ ဟင်းသီးဟင်းရွက်များကိုထုတ်ပြီး ချက်ပြုတ်ကြသည်ကို သုံးရက်လောက်နေတော့ သတိပြုမိလာသည်။ ဈေးထွက်ဝယ်တာလည်း မတွေ့ရ။
 
မင်းတို့ ဈေးဘယ်လိုဝယ်တာလဲ မေးကြည့်တော့ သောကြာနေ့ ညနေကျ သိရမယ်ဟု ဖြေကြသည်။ မှန်ပါ၏။ သောကြာနေ့ညနေ လေးနာရီခွဲလောက်တွင် သူတို့စက်ရုံဘေးရှိ လမ်းပတ်ပတ်လည်တွင် ညဈေးဆိုတာ ရောက်လာသည်။ သူတို့သည် ထိုတော့မှ တစ်ပတ်စာ သားငါးများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားလိုအပ်သည့် ဆန်၊ ဆီ၊ ဆပ်ပြာ၊ သွားတိုက်ဆေးစသည့် အသုံးအဆောင်များကို ဝယ်ယူကြပါတော့သည်။
 
“ဆရာ။ ဒီနားက စက်ရုံတွေများတော့ ဒီညဈေးက သောကြာနဲ့ စနေနှစ်ည ဖွင့်တယ်။ ညနေ လေးနာရီခွဲလောက်ကနေ ည ၁၁ နာရီအထိ ဖွင့်တယ်။ မနက်ကျ လုံး၀ မရှိဘူး။ ဒီနားကလူတွေ အဆင်ပြေအောင် ဒီလို လာဖွင့်ပေးတာ။ မလေးရှားမှာ သူ့နေရာနဲ့သူ ဒီလိုညဈေးတွေ အများကြီး ရှိတယ်” ဈေးလည်းဝယ်၊ လိုက်လည်းပြရင်း သူတို့က ရှင်းပြပါသည်။
 
(၄)
 
မလေးရှား ဘာသာစကားဖြင့် ညဈေးကို ပါစာမာလန်းဟု ခေါ်သည်။ (ပါစာ-ဈေး။ မာလန်း-ည)။ မလေးရှားတွင် ထိုညဈေးများ နေရာအနှံ့ ရှိသည်ဟု မလေးရှားသက်ရင့် မြန်မာများကပြော၍ သိရပါသည်။ ညဈေးပေါင်းများစွာ ရှိသော်လည်း တစ်နေရာတည်းတွင် အမြဲတမ်း ရှိနေခြင်းမျိုးလည်း မဟုတ်ပြန်ပါ။ ရက်အလိုက် အလှည့်ကျ ဖွင့်လှစ်ခြင်းမျိုး ဖြစ်ပါသည်။ တနင်္လာနေ့ဆိုလျှင် ဘယ်နေရာ၊ အင်္ဂါနေ့ဆိုလျှင် ဘယ်နေရာ၊ စနေနေ့ဆိုလျှင် ဘယ်လမ်း စသည်ဖြင့် ခုနစ်ရက်ခုနစ်လီ ရွှေ့ပြောင်းဖွင့်လှစ်သည့် မိုလ်ဘိုင်း ညဈေးမျိုးများ ဖြစ်သည်။ 
 
တစ်ခေါက်တွင် ကွာလာလမ်ပူမြို့လယ် အန်ဘန်းရှိ ပန်ဒန်အင်ဒ (Pandan indah) သောကြာ ညဈေးကိုလည်း ရောက်ခဲ့ရပါသည်။ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သားငါးမျိုးစုံ၊ အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုး၊ ထမင်း၊ ခေါက်ဆွဲကြော်၊ ပေါက်စီ၊ အအေး၊ မုန့်မျိုးစုံ၊ ကလေးကစားစရာ၊ သစ်သီးစုံ စသည့်ဆိုင်မျိုးစုံ လာရောက် ရောင်းချသည်။ ရေပိုက်ခေါင်းများ ရောင်းချသည့် ဆိုင်တောင် ပါလိုက်သေးသည်။ ဈေးကောက်အဖြစ် ခြောက်ရင်းဂစ် (မြန်မာငွေ ၁၈၀၀ ကျပ်) ပေးရသည်ဟု ထိုဈေးတွင် တွေ့ရသော မြန်မာလူမျိုး ကိုခိုင်ထူးက ပြောပြပါသည်။
 
တောင်ငူဇာတိ ကိုခိုင်ထူးသည် ကြက်ဆား (သားမဟုတ်ပါ) ပေါင်းဆိုင်တွင် လုပ်နေသည်မှာ ရှစ်နှစ်ကျော် ရှိနေပြီး နေ့စား စားရိတ်ငြိမ်း မလေးရှားရင်းဂစ် ၁၅၀၀ ရသည်။ အင်္ဂါညတစ်ညသာ နားရပြီး ကျန်သည့် ခြောက်ညတွင် တစ်နေရာပြီး တစ်နေရာ လှည့်လည် ရောင်းချရသည်ဟုလည်း သူက ရှင်းပြပါသည်။ ဈေးသိမ်းပြီးသည်နှင့် ဆိုင်ရာစည်ပင်က အမှိုက်တစ်စ၊ အနံ့အသက်တစ်ခု မကျန်စေရအောင် သန့်ရှင်းရေး လုပ်ပေးသဖြင့် အနီးနားရှိ အိမ်များကလည်း ကျေနပ်ကြသည်။ ထိုနေရာသို့ မနက်ပိုင်း သွားကြည့်လျှင် ညက ညဈေးဖွင့်ခဲ့သည့် နေရာဟု ဘယ်သူမှ မထင်ကြဟုလည်း ကိုခိုင်ထူးက ရှင်းပြလိုက်ပါသေးသည်။
 
(၅)
 
မလေးရှား ညဈေးများသည် ရောင်းသူရော ဝယ်သူပါ အဆင်ပြေလှသည့် ဈေးများ ဖြစ်သည်။ စည်ပင်ခွန် မကြီးသဖြင့် ရောင်းသူကလည်း ဈေးသက်သက်သာသာ ရောင်းချနိုင်သည်။ ကိုယ့်အနီးနားသို့ လာရောက် ရောင်းသည့်အတွက် ဝယ်ယူကလည်း အပန်းမကြီးဘဲ ဝယ်ယူနိုင်သည်။ ထာဝရဈေး မဟုတ်ဘဲ သူ့ရက်နှင့်သူသာ လာရောက် ရောင်းချသဖြင့် အနီးရှိ လူများအတွက်လည်း အနှောင့်အယှက် မဖြစ်ရပြန်။ ဘက်ပေါင်းစုံ အကျိုးဖြစ်သော ပုံစံကောင်းတစ်ခု ဖြစ်သည်။
 
(၆)
 
မိုဘိုင်းလ် ညဈေးပုံစံသည် မြန်မာများနှင့် သူစိမ်းပြင်ပြင် ဈေးရောင်းနည်း မဟုတ်ပါ။ မြန်မာနိုင်ငံတွင် ဘုရားပွဲတော်များ၊ ဘာသာရေး အထိမ်းအမှတ် အထူးပွဲတော်များတွင် ဈေးရောင်းချမှုများသည် မိုဘိုင်းလ်ဈေး ပုံစံပဲ ဖြစ်သည်။ ထို့ကြောင့် မလေးရှားညဈေးများ ပုံစံကို နည်းယူကာ ရန်ကုန်မြို့တွင် ဆိုင်ရာမြို့နယ်အလိုက် (အထူးသဖြင့် လမ်းဘေးဈေးသည်များ များလှသည်ဆိုသော ခြောက်မြို့နယ်တွင်) လမ်းကျယ် အချို့ကို တစ်ညပိတ်၍ ခုနစ်ရက်ခုနစ်လီ မိုဘိုင်းလ် ညဈေးများအဖြစ် ရောင်းချစေခြင်းဖြင့် လမ်းဘေးဈေးသည်များကြောင့် လမ်းပိတ်ဆို့များ၊ အမြင်ဆိုးမှုများ၊ အမှိုက်များဖြင့် ညစ်ပတ်ပေရေမှုများ စသည်တို့ ကင်းရှင်းသွားစေမည် ဖြစ်သလို ပေးစရာ နေရာမရှိသည့် ဒုက္ခကြီးမှလည်း လွတ်ငြိမ်းခွင့် ရစေနိုင်လိမ့်မည်ဟူသော ကျွန်တော့်စိတ်ကူးကို ဗဟုသုတ ကြီးမားသူများကလည်း ဝိုင်းဝန်း စဉ်းစားပေးလိုကြောင်းပါ ခင်ဗျာ။

Most Read

Most Recent