ဒုက္ခသည်တစ်ဦး၏ အိပ်မက်

ဒုက္ခသည်တစ်ဦး၏ အိပ်မက်
Published 25 December 2015
မြတ်သစ်

ခုနစ်လသားသာ ရှိသေးသော အဒမ် တစ်ယောက် ညဘက်ဆိုလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်။ သူ့အနေဖြင့် အိပ်မပျော်နိုင်ရခြင်းကတော့ လူ ၆၀၀ ခန့်ရှိသော စခန်းတွင် နေထိုင်ရခြင်းကြောင့် ညဘက် အိပ်ချိန်ရောက်ပေမယ့် စကားပြောသံတွေက ဆူညံနေခြင်းကြောင့် ဖြစ်သည်။ အဒမ် နည်းတူ ဒုက္ခသည်များသည် နယ်သာလန် မြောက်ပိုင်းရှိ ဒုက္ခသည် စခန်းတွင် စုဝေး နေထိုင်ကြရသည်။ အဒမ်၏ မိဘများကတော့ ညဘက် အိပ်မပျော်နိုင်ရှာသော ရင်သွေးအတွက် စိတ်ပူနေကြသည်။နေစရာ အိမ်တစ်လုံး။ လူသားမှန်သမျှ နေရန်အိမ်ကို လိုလား တောင့်တကြသည်။ ရရှိရေး အတွက်လည်း အားကြိုးမာန်တက် ရှာဖွေ လုပ်ကိုင်ကြသည်။ သို့သော် တိုင်းပြည် မငြိမ်သက်၊ စစ်မက်ရေးရာများကြောင့် နေအိမ်ကိုသာ စွန့်လွှတ်ကြရရုံမျှမကဘဲ မွေးရပ်မြေကို ကျောခိုင်း စွန့်ခွာကြရသည်။ တချို့က တစ်ကိုယ်တည်း ရုန်းထွက်ကြသည်။ တချို့က မိသားစုလိုက်။ တစ်ချို့က မိတကွဲ ဖတကွဲ။အဒမ်တို့ မိသားစုဆိုလျှင် ဒုက္ခသည်များ စုဝေးနေထိုင်ရာ စခန်းသည် နေစရာအိမ်ဟု သတ်မှတ်ထားကြသည်။ သုံးလတာ ကာလအတွင်း စခန်းငါးခု ပြောင်းလဲ နေထိုင်ခဲ့ကြရသည်။ ဒုက္ခသည် စခန်းရှိ ဒုက္ခသည်တွေထား ရှိရာနေရာသည် တစ်ချိန်တုန်းကတော့ ဟင်းလင်းပြင် ခန်းမကြီး ဖြစ်သည်။ ဒုက္ခသည်များ ရောက်လာချိန်တွင် သုံးထပ်သားတွေ ကာပေးထားသည်။ တံခါးမရှိ။ မျက်နှာကြက်မရှိ။ နံနက် ၇ နာရီ ထိုးသည်နှင့် နေရောင်တွေ အခန်းထဲဝင်လာသည်။"ဒါ ဘဝမဟုတ်ဘူးဆိုတာ ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး" ဟု အဒမ်၏ဖခင် အာမက်က ပြောသည်။ အာမက်၏ အသက် က ၂၇ နှစ်။ မိမိတို့ ဘဝသည် လှောင်အိမ်ထဲမှ ငှက်တွေလို ဖြစ်နေကြသည်။ စားချိန်တန်စား။ အိပ်ချိန်တန်အိပ်။ သို့ပေမဲ့ လူသား တစ်ယောက်၏ ပျော်ရွှင်မှုများ ပျောက်ဆုံးနေရသော အဖြစ်နှင့် ကြုံနေကြရသည်။အာမက်သည် အခြားအီရတ် နိုင်ငံသားများနှင့် အတူ ပြီးခဲ့သည့် စက်တင်ဘာလက ဥရောပတိုက်သို့ ရောက်ရှိခဲ့ကြသည်။ အာမက်၊ ဇနီးသည် အေလီယာနှင့် သားငယ်အဒမ်တို့သည် အခြားဒုက္ခသည်တွေနှင့် အတူ နိုင်ငံကို စွန့်ခွာခဲ့ကြသည်။ ဆင်းရဲဒုက္ခ အ၀၀ကို ကျော်လွှားပြီးမှ နယ်သာလန်သို့ ရောက်လာခြင်း ဖြစ်သည်။ကျွန်တော့်ရဲ့ခရီးစဉ်က မပြီးသေးဘူးဟု အာမက်က ပြောသည်။ ရင်သွေးငယ်ကို ကျောပိုးပြီး ခက်ခဲသော ခရီးကြမ်း ဖြတ်သန်းခဲ့ရသည်။ ကံကောင်းထောက်မသည်ဟု ဆိုရမည်။ ခုနစ်လသားမျှသာရှိသော အဒမ် အသက်မသေ။ ဒုက္ခသည်စခန်း ရောက်ချိန်မှာတော့ အဒမ်သည် မတ်မတ်ရပ်နိုင်ပြီ။ မားမား ပါပါဟု မပီတပီ ရွတ်ဆိုနိုင်ပြီ။အာမက်သည် ဘဂ္ဂဒက်မြို့တွင် အထည်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားသည်။ စားဝတ်နေရေး အဆင်ပြေသူ တစ်ယောက်ဟု ဆိုနိုင်သည်။ သို့သော် နိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ ပြီးသည့်နောက် ဒုက္ခသည် စခန်းရောက်ချိန်မှာတော့ အာမက်သည် အထည်ဆိုင်ပိုင်ရှင် အာမက် မဟုတ်တော့။ ဒုက္ခသည် အာမက်။ အလုပ်လက်မဲ့ အာမက်။ စခန်းကပေးထားသော ဝတ်စုံပြာ ဝတ်ဆင်ထားသော အာမက် ဘဝရောက်နေသည်။ဘယ်လို ကံကြမ္မာကြောင့် ခုလိုဖြစ်ရတယ်ဆိုတာ မသိဘူးဟု အာမက်က ညည်းတွားသည်။ ဒုက္ခသည် စခန်းမှာ နေထိုင်ခွင့် လက်မှတ်ရထားပေမယ့် နယ်သာလန်နိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ် ရ မရ မသေချာသေး။ နယ်သာလန် နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ခွင့် လျှောက်လွှာ တင်ထားသူတွေ မရေမတွက်နိုင်အောင် များနေသည်။ ဒုက္ခသည်များကို လက်မခံဘဲ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့မှုများလည်း ရှိနေသည်။ မိမိလည်း အီရတ်နိုင်ငံကို ပြန်ပို့ခံရမည့် အရေးတွေးပူပြီး မပျော်နိုင်။ပါရီအကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် မိမိတို့၏ အနေအထားသည် စိုးရိမ်စရာ ကောင်းနေကြောင်း အာမက်သာမက တခြားဒုက္ခသည်တွေ သဘောပေါက်ထားကြသည်။ ပါရီအကြမ်းဖက် တိုက်ခိုက်မှု မပေါ်ပေါက်မီက လမ်းမပေါ်ရှိလူများနှင့် တွေ့လျှင် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် "ဟဲလို" ဟု နှုတ်ဆက်စကား ပြောကြသည်။ ပါရီအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးသည့်နောက် လမ်းတွင်တွေ့သော ဒုက္ခသည်များကို ဒေသခံတွေက မသိကျိုး ကျွန်ပြုသွားကြသည်။ဥရောပတိုက် အနေဖြင့်လည်း ဒုက္ခသည် ပြဿနာသည် ခေါင်းခံစရာ ဖြစ်နေသည်။ ဒုက္ခသည်တွေ နေထိုင်ရေးအတွက် အားကစားကွင်းတွေနှင့် အခြားအများပြည်သူအတွက် အပန်းဖြေ နားနေရန် ဆောက်ထားသော နေရာများကို ဒုက္ခသည် စခန်းတွေ ဖွင့်လှစ်ပေးထားရသည်။ ဥရောပတိုက်သို့ စစ်ဘေးဒုက္ခသည်၊ ငတ်မွတ်ခေါင်းပါးမှု ဘေးခံရသော ဒုက္ခသည်များ သန်းချီပြီး ရောက်နေကြရသည်။ ဒုက္ခသည်များကို လူကုန်ကူးသမားတွေက အခကြေးငွေယူပြီး ပြည်ပသို့ ပို့ဆောင်လျက် ရှိကြသည်။၂၀၀၅ ခုနှစ်လယ်ပိုင်းတွင် နယ်သာလန် နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည် အရေအတွက် တစ်သိန်းကျော်ရှိပြီး ငါးသောင်းခွဲ နီးပါးက ယာယီနေထိုင်ခွင့် လျှောက်ထားကြသည်။ အစိုးရဘက်မှ ဒုက္ခသည်များကို ယာယီနေထိုင်ခွင့် ပေးရေးအတွက် ခေါင်းခဲနေရသလို ဒုက္ခသည်တွေဘက်ကလည်း မရေရာသော ဘဝအတွက် ရတက်မအေး ဖြစ်နေရသည်။စခန်းတွင်းရှိ ဒုက္ခသည်များသည် စခန်းထဲမှာပဲ နေကြတာများသည်။ တစ်ပတ်လျှင် တစ်ရက်အပြင်ထွက်ပြီး စားသောက်ဆိုင်သွားပြီး ခပတ်စားသည်။ အီရတ်နိုင်ငံမှာလို လက်ရာ မကောင်းပေမယ့် မိမိတို့ အစားအစာ စားရသဖြင့် ကျေနပ်မှုရသလို အိမ်လွမ်း ဝေဒနာကိုပါ ပူးတွဲ ခံစားကြရသည်။ တစ်ခါတစ်ရံ အီရတ်တွေ၊ ဆီးရီးယားတွေစုပြီး တိရစ္ဆာန်ရုံ သွားလည်ကြသည်။ တိရစ္ဆာန်ရုံတွင် လည်ပတ်ရသည့် အချိန်ကာလသည် ဒုက္ခသည်များအတွက် ပျော်စရာကောင်းသည့် အခိုက်အတန့်များ ဖြစ်သည်။အာမက်၏ဇနီး အေလီယာအတွက် ဒုက္ခသည်စခန်းမှာ ဆူညံသံတွေ ကြားရလျှင် ထိတ်ထိတ်ပျာပျာ ဖြစ်ရသည်။ ဆူညံသံ ကြားရလျှင် ဗုံးပေါက်ကွဲသံဟု ထင်နေသည်။ အီရတ်တွင် ဗုံးသံတွေကြားမှာ အသက်ရှင်ခဲ့ရသည့် အတွက် ဤအသံတွေသည် သူ့အတွက်  မရဏတေးသံတွေ ဖြစ်နေသည်။ နယ်သာလန်တွင် နေထိုင်ရသည့်အတွက် သူ့စိတ်ထဲမှာ ခိုးဝှက်၊ လုယက်မည့်သူ မရှိခြင်းကြောင့် စိတ်သက်သာရသည်ဟု ပြောကြားထားသည်။ခင်ပွန်းသည် အာမက်နည်းသူ နယ်သာလန်တွင် နေထိုင်ခွင့် လက်မှတ်မရမှာပဲ အေလီတွေးပူနေသည်။ ဒတ်ချ်နိုင်ငံသား လျှောက်ထားခွင့် ကျခဲ့လျှင် နိုင်ငံအနှံ့ သွားရောက်နိုင်မည်ဟု စိတ်ကူးယဉ်နေသည်။ အလုပ်တစ်ခု ရှာဖွေလုပ်ကိုင်ရေး၊ ဘာသာခြားစကား သင်ကြားရေး သာမက နေစရာတိုက်ခန်း၊ ကိုယ်ပိုင်ယာဉ်တစ်စီး ပိုင်ဆိုင်ခွင့်ကိုလည်း မျှော်မှန်းထားသည်။လက်ရှိအချိန်မှာတော့ အာမက်တို့ မိသားစု သုံးယောက် နေထိုင်ရသော နေရာက ကျဉ်းမြောင်းသည်။ သူတို့ အိပ်မက်ထဲမှာ ရှိနေသော ကမ္ဘာကြီးက ကျယ်ပြန့်သည်။ နေရာ ကျဉ်းကျဉ်းလေးမှာ နေရင်း ကြီးမားကျယ်ပြန့်သော ကမ္ဘာကြီးတွင် ပျော်ရွှင်စွာဖြင့် နေထိုင်ရန်အတွက် အီရတ်နိုင်ငံကို စွန့်ပြီး ဥရောပတိုက်သို့ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။  ဒုက္ခသည်စခန်းသည်  သူတို့စွန့်စားမှု ဧရာမ ခရီးရှည်အတွက် အစပြုရာ အရပ်ဖြစ်သည်။

Most Read

Most Recent