အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက် အမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒီဇင်ဘာ ၂၃ ရက်က ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ရာ ဖမ်းဝရမ်း သက်သေအဖြစ် ရွှေပြည်သာမြို့နယ် ရဲစခန်းမှ ဒုတပ်ကြပ်အောင်ဝင်းက ဖမ်းဝရမ်း အတည်ပြု သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။အဆိုပါ ဒုတပ်ကြပ်သည် ကျော်ပုံနှိပ်တိုက်တွင် အာရဗီပြက္ခဒိန် ရိုက်နှိပ်ရန် လာရောက်အလုပ်အပ်နှံသူ ဦးအောင်ခင်အား ၎င်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်တွင် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ဖမ်းဝရမ်းဖြင့် သွားရောက်ဖမ်းဆီးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူ အနေဖြင့် ပါဝင်ခဲ့သူဖြစ်သည်။ရွှေပြည်သာမြို့မ ရဲစခန်းမှ ဒုတပ်ကြပ် အောင်ဝင်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးစဉ် ဦးအောင်ခင်ဆိုသူမှာ နေအိမ်တွင် ရှိမနေဘဲ ၎င်း၏ သမီးဖြစ်သူကိုသာ တွေ့ရှိခဲ့ကြောင်း၊ ၎င်း၏ သမီးဖြစ်သူက ဖခင်ဖြစ်သူ ဦးအောင်ခင်မှာ ခရီးထွက်သွားသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ယခုအခါ ဖမ်းဝရမ်း အတည်ပြု သက်သေအဖြစ် ပုဇွန်တောင်ရဲစခန်းမှူး၊ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရွှေပြည်သာ ရဲစခန်းမှ ဒုတပ်ကြပ်တို့အား စစ်ဆေးမှု ပြီးစီးပြီဖြစ်၍ နောက်တစ်ပတ် ရုံးချိန်းတွင် တရားလို ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်အား စတင်စစ်ဆေးမည်ဖြစ်ကြောင်း၊ ခြောက်ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် တရားသူကြီးက ပြောကြားသည်။ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားများဖြစ်သော ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ငါးဦးနှင့် ပြက္ခဒိန် ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင်ဆိုသူတို့ကို ပုဒ်မ-၅၀၅(ခ) ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လတ်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် အမျိုးသားငါးဦးသည် ၎င်းပြက္ခဒိန် ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၂၀ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ရာ တစ်ဦးလျှင် ဒဏ်ငွေကျပ် ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ် ကျခံရမည်ဟု အမိန့်ချခဲ့သည်။နိုဝင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ငါးဦးနှင့် ဦးအောင်ခင်အား အာရဗီပြက္ခဒိန် ကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။လူမှုကွန်ရက် Facebook တွင် အောင်ခင်(စစ်တွေ) ဆိုသည့် အကောင့်မှ ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန် ရိုက်နှိပ်ထားသော လှုံ့ဆော်ဖော်ပြမှု ပြက္ခဒိန်များ ရိုက်နှိပ်ထုတ်ဝေကြောင်း သတင်းများအရ နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်က ဝင်ရောက်ရှာဖွေရာမှ ဖလင်ချပ်များနှင့် ပြက္ခဒိန်စက္ကူများ သိမ်းဆည်းရမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု ငါးကြိမ်မြောက် ရုံးချိန်းတွင် ဖမ်းဝရမ်း သက်သေအဖြစ် ရွှေပြည်သာ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လာရောက်ထွက်ဆို