နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ဖော်ဆောင်ခြင်း

နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ဖော်ဆောင်ခြင်း
Published 22 December 2015
မြတ်သစ်

ဒီဇင်ဘာ ၂၀ ရက်က ခေတ်သစ် စပိန်နိုင်ငံ၏ အကြိတ်အနယ် အရှိဆုံး၊ အင်အား ပြိုင်ဆိုင်မှု အကြီးဆုံး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ထူးခြားမှု တစ်ရပ်ကတော့ စပိန် ရွေးကောက်ပွဲတွင် သက်တမ်းရင့် ပါတီကြီးနှစ်ခု ဖြစ်သော လက်ရှိဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်၏ ပေါ်ပြူလာပါတီ Popular Paty(PP)၊ အတိုက်အခံဆိုရှယ်လစ်ပါတီ Socialist Party (PSOE) နှင့် ပါတီသစ်နှစ်ခု ဖြစ်သော ဗဟိုဝါဒီ Ciudadano(Citizen) နှင့် ခြိုးခြံချွေတာမှုဆန့်ကျင်ရေး Podemos ပါတီ တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ငွေကြေး အကျပ်အတည်း တစ္ဆေခြောက်လှန့်ခံ နေရသော စပိန်နိုင်ငံ။ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းက ကြောက်ခမန်း လိလိမြင့် တက်နေသည်။ လူမှုရေး မညီမျှမှုတည်း ဟူသော လူတန်းစား ကွာဟချက် ချောက်ကမ်းပါး။ ကင်ဆာရောဂါ ဖြစ်နေသည့် အကျင့်ပျက် ခြစားမှု။ စပိန်အရှေ့ မြောက်ပိုင်း ကက်က လိုနီးယား ဒေသ၏ ခွဲထွက်ရေး လှုပ်ရှားမှု စသည့် ပြဿနာများသည် စပိန်နိုင်ငံ၏ အဓိက ကြုံတွေ့နေရသည့် ပြဿနာများ ဖြစ်သည်။
ရွေးကောက်ပွဲ ကြိုကာလ လူထုစစ်တမ်း ကောက်ယူမှုများအရ ဝန်ကြီးချုပ်ရာဂျွိုင်၏ ပေါ်ပြူလာပါတီ (PP) သည် ရွေးကောက်ပွဲတွင် မဲအများဆုံး ရမည်ဟု ခန့်မှန်းထားသည်။ သို့သော် ပေါ်ပြူလာပါတီသည် အစိုးရဖွဲ့ နိုင်လောက်သည့် မဲအရေအတွက် ရနိုင်ဖွယ် မမြင်ကြောင်း သုံးသပ်ခဲ့သည်။
နှစ်ပေါင်းများစွာ စီးပွားရေး ကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရသော စပိန်နိုင်ငံသည် ၂၀၁၅ တွင် နိုင်ငံစီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်း  ပြန်လည် မြင့်တက်လာမည်ဟု အစိုးရက ခန့်မှန်းထားပေမယ့် အလုပ်လက်မဲ့ ဦးရေနှုန်း က ၂၃ ရာခိုင်နှုန်း အထိ မြင့်တက်နေဆဲ ဖြစ်ခြင်းကြောင့် ပြည်သူလူထုသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ေ၀ဝါးနေကြသည်။ မည်သည့်ပါတီကို မဲပေးရမည်နည်း ဟူသော ဆုံးဖြတ်ချက်ကိုလည်း ပြည်သူများက မဝေခွဲနိုင် ကြသေးပဲ ရှိနေခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသော ရွေးကောက်ပွဲကြီး ပြီးချိန်မှာတော့ အာဏာရ ပေါ်ပြူလာပါတီသည် ခါးသီးသော အတွေ့အကြုံ နှင့် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ပေါ်ပြူလာ ပါတီက မဲ ၂၉ ရာခိုင်နှုန်း၊ ဆိုရှယ်လစ်  များက ၂၂ ရာခိုင်နှုန်း ရရှိခဲ့သဖြင့် ပေါ်ပြူလာ ပါတီသည် လွှတ်တော်အမတ် ၃၅၀ နေရာ အနက် ၁၂၃ နေရာရတော့မည်။ ဆိုရှယ်လစ်များက အမတ် ၉၀ ရရှိမည်ဖြစ်သည်။ ဗဟိုဝါဒီ Ciudadano က အမတ် ၄၀ နှင့် ခြိုးခြံချွေတာမှု ဆန့်ကျင်ရေး Pademos ပါတီက အမတ် ၆၉ နေရာရရှိမည်ဖြစ်သည်။ Pademo ပါတီခေါင်းဆောင် ပါဘလိုအစ်လက်ဆီးယပ်စ်က စပိန်နိုင်ငံသစ် မွေးဖွားလာ ပြီ။ ဆယ်စုနှစ် များစွာ လွှမ်းမိုးထားသော နှစ်ပါတီ နိုင်ငံရေး စနစ်ကျဆုံးသွားပြီဟု ပြောကြားလိုက်သည်။
ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ပက်ဒရို ဆန်ချက်စ်က စပိန်နိုင်ငံ ပြည်သူများသည် လက်ဝဲများကို မဲပေးခဲ့ကြသည်။ စပိန်နိုင်ငံသည် ပြောင်းလဲမှု တစ်ရပ်ကို လိုလားကြပေမယ့် ပေါ်ပြူလာပါတီသည် နိုင်ငံရေးဦး ဆောင်မှုနေရာတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မက်ဒရစ်မြို့ရှိ ပါတီဌာနချုပ် လေသာ ဆောင်ထက်မှနေ၍ ဝန်ကြီးချုပ် ဟောင်းရာဂျွိုင်က ပါတီထောက်ခံသူများကို “ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် မဲပြတ်ပြတ်သားသား အနိုင်မရသေးပေမယ့် အမတ် ၃၅၀ နေရာရှိသော လွှတ်တော်တွင် ၁၂၃ နေရာရရှိခဲ့ခြင်းသည် ပေါ်ပြူလာပါတီသည် စပိန်နိုင်ငံရေးတွင် အင်အား အကြီးမားဆုံး ပါတီတစ်ရပ်အဖြစ် တည်ရှိနေသည်။
နိုင်ငံရေးသက်တမ်း ၄၃ နှစ်ကြာခဲ့ပြီဖြစ် သောရာဂျွိုင်က မိမိတို့ အနေဖြင့် အစိုးရသစ် တစ်ရပ် ဖွဲ့စည်းရေး ကြိုးပမ်းမည်ဟု ပြောကြားလိုက်သည်။ လွှတ်တော်တွင် အမတ် ၁၂၃ နေရာနှင့် ကျေနပ်လိုက်ရသော ရာဂျွိုင်  ၏ ပေါ်ပြူလာပါတီသည် နိုင်ငံရေးပုံရိပ် ကျဆင်းလာခဲ့သည်မှာ ထင်ရှားနေ၏။ ၁၉၉၃ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပြူလာပါတီ၏ ရွေးကောက်ပွဲရလဒ်မှာ ရှစ်သန်းထက်လျော့ နည်းလာခြင်းက လူထုထောက်ခံမှု လျော့ နည်းလာမှု၏ ပြယုဂ်ပင်ဖြစ်သည်။
ဆိုရှယ်လစ်များနှင့် တတိယနေရာရသော လက်ဝဲဝါဒီ Pademos ပါတီသာ မဟာမိတ် ပြုလိုက်ပါက စပိန်နိုင်ငံသည် လက်ဝဲနိုင်ငံ ဖြစ်သွားမည်ကို စိုးရိမ်မှုတွေ ဖြစ်နေကြသည်။ ပေါ်ပြူလာ ပါတီဌာနချုပ်ရှိရာ အောင်ပွဲခံ အခမ်းအနား တက်ရောက်ခဲ့သူ အသက် ၁၇ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်သူ ဇေဗီယာဆန်ချက်စ်က လက်ဝဲနှစ်ပါတီ ပူးပေါင်းလျှင် တိုင်းပြည် အန္တရာယ်ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆိုရှယ်လစ်ပါတီ များကတော့ မိမိတို့ပါတီ အနေဖြင့် လွှတ်တော်တွင် အမတ် ၉၀ နေရာ ရရှိသည့်အတွက် ကျေနပ်ကြသည်။ လက်ဝဲ Pademos ပါတီဝင်များကတော့ မက်ဒရစ်မြို့ရှိ ပါတီဌာနချုပ်ရှေ့တွင် စုဝေးရောက်ရှိ လာပြီး မရမ်းရောင်ဘောလုံးများကို လေထဲလွှင့်တင်ကြသည်။ ဂရိနိုင်ငံရှိ အစွန်းရောက် ဆီရီကပါတီနှင့် မဟာမိတ်ပြုထားသည့် Pademos ပါတီက လွှတ်တော်တွင် အမတ် ၆၉ နေရာရရှိမှုကို ကျေနပ်နေကြသည်။ ၂၀၁၄ ဇန်နဝါရီ ၁၆ ရက်မှစ၍ Pademos ပါတီ တည် ထောင်ခဲ့သည်။ ပါတီသက်တမ်းတစ်နှစ်အ တွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာမှာ မဲဆန္ဒ ငါးသန်းခန့်ရရှိခဲ့သည်။ Pademos ပါတီတွင် ပါတီဝင် သုံးသိန်းခွဲခန့် ရှိနေသည်။ ပါတီဝင်တစ်ဦးဖြစ်သူ အသက် ၆၃ နှစ်အရွယ်ရှိ စီးပွားရေးလုပ်ငန်းရှင် လူဝစ္စနိုင်ရာနဲ့ Pademos ပါတီက မဲငါးသန်းရရှိခြင်းသည် ဒီမိုကရက်တစ်စပိန်တွင် အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုဟု ဂုဏ်ယူ ပြောကြားခဲ့သည်။
လွန်ခဲ့သော လေးနှစ်ခန့်က မက်ဒရစ်မြို့ရှိ ပူအာတာ အဲလ်ဆိုက် ရင်ပြင်တွင် ပြည် သူလူထု ထောင်ပေါင်းများစွာသည် အစိုးရ၏ ခြိုးခြံချွေတာရေး လုပ်ငန်းများ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကျင်းပခဲ့သည်။ ယင်းလူထု ဆန္ဒပြပွဲကြီးကပဲ Pademos ပါတီလို့ ရွေးကောက်ပွဲတွင် ဤမျှလောက် မဲအရေအတွက် ရနိုင် အောင် ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။ အစိုးရ၏ အကျင့်ပျက်ခြစားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်ခဲ့သော ဗဟိုဝါဒီ Ciudadano ပါတီရွေးကောက်ပွဲတွင် မဲ ၁၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ ယခုနှစ်သည် စပိန်ပြည်သူများအ တွက်ကော စပိန်နိုင်ငံ အတွက်ပါ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ခြင်း ဆိုသော အချက်ကို စပိန်ပြည်သူများက အငြင်းမပွားကြပေ။
“ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း စိတ်ဝင်စားစရာကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့ အားလုံးသိထားတဲ့ အင်အားကြီး နှစ်ပါတီ လွှမ်းမိုးနေမှုပုံစံကို လုံးဝပြောင်း လဲမှာဖြစ်တယ်” ဟု အသက် ၂၉ နှစ်အရွယ် ရှိ မက်ဒရစ်မြို့သား တစ်ဦးက ကြိုတင် ပြောကြားခဲ့သည်။
ထွက်ပေါ်လာသော ရလဒ်များကြောင့် စပိန်နိုင်ငံတွင် ညွန့်ပေါင်း အစိုးရ တစ်ရပ်ဖွဲ့ စည်းရမည့် အနေအထား တစ်ရပ်ဖြစ်သည်။ လက်ရှိ ပေါ်ပြူလာပါတီ ဦးဆောင်နေသော အစိုးရသည် အကျင့်ပျက်ခြစားမှု အရှုပ် တော်ပုံများနှင့် ရင်ဆိုင်နေရသည်။ ပါတီကြီးနှစ်ခုကသာ နိုင်ငံရေး လက်ဝါးကြီး အုပ်ထားမှုတည်းဟူသော နိုင်ငံရေးပုံစံခွက် ဟောင်းထဲ မှနေ၍ ထွက်ခွာရန် စပိန်ပြည်သူများက တနင်္ဂနွေနေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲဖြင့် သက်သေပြလိုက်သည်။
အပြောင်းအလဲ တစ်ရပ်ကို စတင်နိုင်ခဲ့ကြောင်းနှင့် ပြောင်းလဲမှုကို မိမိတို့ယုံကြည်ကြောင်း အသက် ၂၉ နှစ်အရွယ်ရှိ အင်ဂျင်နီယာ ကားလို့စ်ပေါ်တီလိုက ပြောကြားခဲ့သည်။ ပေါ်တီလိုက Citizen(Ciudadano) ပါတီ ဝင်တစ်ဦးဖြစ်သည်။ ပြည်သူများ မျှော်လင့်နေသော အပြောင်းအလဲ တစ်ရပ်ကို ညွန့်ပေါင်း အစိုးရက မည်သည့် အတိုင်းအတာအထိ ဖြည့်ဆည်းနိုင်မည် ဆိုသည်ကိုကတော့ အချိန်ကသာ အဆုံးအဖြတ် ပေးလိမ့်မည်။

Most Read

Most Recent