အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံရမှု ဖော်ထုတ်ပေးရန်နှင့် လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်၍ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်ကြိမ် ချမှတ်ခံခဲ့ရသည့် ကိုသိန်းအောင်မြင့်သည် ဒီဇင်ဘာ ၁၀ ရက် နံနက်က မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူ ကိုသိန်းအောင်မြင့်က ပထမတစ်မှုအတွက် ထောင်ဒဏ် ခြောက်လ၊ ဒုတိယတစ်မှုအတွက် ထောင်ဒဏ် ခြောက်လကို တရားရုံးတစ်ရုံးစီက အမိန့်ချမှတ်လိုက်တာပါ။ တပေါင်းတည်း ချခံစေရလို့ မပါသလို သီးခြားလို့လည်း မပါပါဘူး။ အဲဒီအတွက်ကြောင့်မို့ဆိုပြီး ထောင်ဒဏ် ခြောက်လနှစ်ကြိမ် တစ်နှစ်ကျခံရမလို ဖြစ်နေတယ်။ ထောင်ထဲမှာ ဘာပြစ်မှုမှ ထပ်မံကျူးလွန်ခြင်း မရှိရင် လျှော့ရက်ရပါတယ်။ သာမန်အကျဉ်းသူ အကျဉ်းသားတွေရဲ့ အခွင့်ရေးလို ထောင်လျှော့ရက်ကို ခံစားရမယ် ဆိုရင်တောင် ကျွန်တော်ဟာ ရှစ်လပဲနေရမှာပါ။ အခု တစ်လကျော်လောက် ပိုနေခဲ့ရပါတယ်။ တရားရုံးချမှတ်လိုက်တဲ့ အမိန့်ကို အကျဉ်းဦးစီးက လိုသလို လျှော့ရင်လျှော့တယ်။ မလျှော့ချင်မလျှော့ဘူး ဆိုတာတွေ၊ အကျဉ်းဦးစီး လက်စွဲဥပဒေ ဆိုတာတွေဟာ ခေတ်နဲ့မလျော်ညီ တော့တာတွေ ပြင်သင့်နေပါပြီ။ ကျွန်တော်တစ်ဦးတည်း အတွက် မဟုတ်ဘဲ ထောင်ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်လာသူအားလုံး ဒီလိုတရားရုံး အမိန့်ကို အကျဉ်းဦးစီးက ခြယ်လှယ်စီမံ ခန့်ခွဲနေတာတွေအတွက် ပြောင်းလဲသင့်ပါပြီ” ဟု ထောင်မှလွတ်မြောက် လာပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် မတ် ၂၇ ရက်က မန္တလေးမြို့တွင် လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် မတ် ၂၃ ရက်က ကိုသိန်းအောင်မြင့်နှင့် ဇနီးဖြင်သူ မခက်ခက်တင်၊ ကိုစောလှအောင်နှင့် ကိုကျော်မျိုးထွန်းတို့အား ပုဒ်မ ၁၈ ဖြင့် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
ထပ်မံ၍ ကိုသိန်းအောင်မြင့်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်က မန္တလေးမြို့ လမ်း ၈၀ နှင့် ၂၆ လမ်း(ကျုံးထောင့်)တွင် ကိုပါကြီး အသတ်ခံခဲ့ရမှုအား အမှုမှန်ပေါ်ပေါက် စေရေးအတွက် နိုင်ငံရေး အင်အားစုများနှင့် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ရာ ၎င်းတစ်ဦးတည်းသာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒထုတ်ဖော် ခဲ့ခြင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲခံခဲ့ရသည့် ကိုသိန်းအောင်မြင့် အမှုအား ဧပြီ ၂၃ ရက် အောင်မြေသာစံမြို့နယ် တရားရုံး မြို့နယ်တရားသူကြီးက “တရားစွဲဆို ခံထားရသည့် ဦးသိန်းအောင်မြင့်မှာ အလွတ်တန်း သတင်းထောက် ကိုပါကြီး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် ခဲ့သော်လည်း သိန်းစိန်အစိုးရနှင့် မင်းအောင်လှိုင်တို့တွင် တာဝန်ရှိသည်ဆိုသည့် ရင့်သီးသော စကားလုံးပါ စာသားများအား ကိုင်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ နိုင်ငံတော်တွင် အမြင့်ဆုံးရာထူးနှင့် တပ်မတော်တွင် အမြင့်ဆုံး တာဝန်ကို ထမ်းဆောင်နေသူများအား ဤကဲ့သို့သော စကားလုံးများကို သုံးစွဲခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်ခဲ့ ရာတွင်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ခေါ်ယူညှိနှိုင်း ပြောဆိုခဲ့သည် များကိုလည်း လိုက်နာမှု မရှိကြောင်း၊ တရားခံအား အပြစ်ရှိပါသလားဟု မေးမြန်းရာ၌ မိမိတွင် အပြစ်မရှိဟု ပြောဆိုခဲ့ကြောင်း စသည့်အကြောင်း အရာများကို ဖတ်ကြားခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ကိုပါကြီး အသတ်ခံရမှု ဖော်ထုတ်ပေးရန်နှင့် မီတာခတိုးမြှင့် ကောက်ခံမှု ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ခြောက်လနှစ်ကြိမ် ချမှတ်ခံခဲ့ရသည့် ကိုသိန်းအောင်မြင့် အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်















