ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုများ ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးမြန်း

ရန်ကုန်မြို့တွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုများ ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မေးမြန်း
Published 7 December 2015
ကျော်ထင်

ရန်ကုန်မြို့ရှိ နေရာသုံးခုတွင် ခုံးကျော်တံတား သုံးစင်း တစ်ပြိုင်တည်း တည်ဆောက်နေမှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ယာဉ်ကြော ပိတ်ဆို့မှုများအား ချက်ချင်း ဖြေရှင်းပေးရန် ရှိ၊မရှိ ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညို သင်းက မေးမြန်းခဲ့သည်။
 
အဆိုပါ ခုံးကျော်တံတားတည် ဆောက်မှု လုပ်ငန်းတိုင်းတွင် ယာဉ်ထိန်းရဲများချ၍ ယာဉ်အသွားအလာကို ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊မရှိ၊  အဆိုပါ စီမံချက်များကို ညဘက်တွင် လုပ်ငန်းများခွဲ၍ ဆောင်ရွက်နိုင်ခြင်း ရှိ၊မရှိကိုလည်း ၎င်းက ဆက်လက် မေးမြန်းခဲ့သည်။
 
ရန်ကုန်မြို့တွင် လက်ရှိ ဘဏ္ဍာနှစ်အတွင်း တာမွေအဝိုင်း လမ်းငါးခွဆုံ၊ ကုက္ကိုင်း၊ ရှစ်မိုင်လမ်းဆုံတို့တွင် ခုံးကျော်တံတားကို တစ်ပြိုင်တည်း တည်ဆောက်နေခြင်းဖြစ်ရာ ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
 
အဆိုပါ ယာဉ်ကြော ပိတ်ဆို့မှုများကို ရှင်းလင်းနိုင်ရန်အတွက် စီမံကိန်းများ မစတင်မီကပင် ယာဉ်ထိန်းရဲ တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာ ယာဉ်လိုင်း အဖွဲ့အစည်းများ အားလုံးဖြင့် ပူးပေါင်း၍ ယာဉ်ကြော ပိတ်ဆို့မှုများကို ရှင်းလင်းရေး ကြိုတင် ဆောင်ရွက်ခဲ့ကြောင်း၊ ခုံးကျော်တံတားများ တည်ဆောက်နေစဉ် ကာလအတွင်း ယာဉ်ကြော ကျပ်တည်းမှုများ အထိုက်အလျောက် ရှိမည်ဖြစ်ပြီး ယာဉ်များအား အပြိုင်အဆိုင် တိုးဝှေ့မမောင်းဘဲ စည်းကမ်းတကျ မောင်းနှင်ပါက ယာဉ်ကြော ကျပ်တည်းမှုများ ဆိုရွားစွာ ပိတ်ဆို့မှု လျော့နည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြန်လည် ဖြေကြားသည်။
 
တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားအား ရွှေတောင် ကုမ္ပဏီ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအား Capital Develo-pment ကုမ္ပဏီနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအား Crown Advance ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား တည်ဆောက်နေသည့် လမ်းပိုင်းများတွင် ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းများကို နေ့စဉ် ၂၄ နာရီ တာဝန်ချထား လုပ်ဆောင်နေကြောင်း၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား စီမံကိန်း နေရာတွင်လည်း ကမ္ဘာအေး စေတီလမ်းအား ခေတ္တပိတ်၍ လုပ်နေသည့်အတွက် ကမ္ဘာအေးစေတီလမ်းမှ သွားလာနေသည့် ယာဉ်များအား စက်မှု (၁) လမ်း၊ ဆရာစံလမ်းများမှ လမ်းလွှဲ ဆောင်ရွက်ပေးလျက် ရှိပြီး အဆိုနေရာတွင်လည်း ယာဉ်ထိန်းရဲများ၊ ယာဉ်စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ရာ ယာဉ်ထိန်းရဲများကို ၂၄ နာရီ ချကာ ယာဉ်ကြော ရှင်းလင်းရေး လုပ်ဆောင်လျက် ရှိကြောင်း၊ အလားတူ ရှစ်မိုင်လမ်းဆုံး ခုံးကျော်တံတား စီမံကိန်း၌လည်း ၂၄ နာရီ ယာဉ်ကြော ရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
 
သို့ဖြစ်ရာ တည်ဆောက်ဆဲ ခုံးကျော်တံတားများ မပြီးစီးခင် ယာဉ်ကြော ကျပ်တည်းမှုများကို အချိန် အတိုင်းအတာ တစ်ခုထိ စည်းကမ်းရှိစွာဖြင့် သည်းခံပြီး မောင်းနှင်ကြရန်နှင့် စီမံချက်အတိုင်း ပြီးစီးရန် ကြပ်မတ် ဆောင်ရွက်နေကြောင်း ဦးအောင်ခင်က ပြန်လည် ဖြေကြားသည်။
 
လက်ရှိ ခုံးကျော်တံတား စီမံကိန်းများတွင် ယာဉ်ထိန်းရဲ လေးဦးမှ ၁၂ ဦးအထိ တာဝန်ချထားပေးကြောင်းနှင့် ယာဉ်ထိန်းရဲများကို ၁၂ နာရီ၊ ၁၈ နာရီ၊ ၂၄ နာရီ အဆိုင်းများဖြင့် တာဝန်ချထားပေးကြောင်းလည်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
 
သို့သော် ခုံးကျော်တံတား စီမံကိန်းများအနီး ညနေပိုင်း အချိန်များတွင်သာ ယာဉ်ထိန်းရဲရှိပြီး ကျန်သည့် အချိန်များတွင် တွေ့ရမှုနည်းပါးကြောင်း ရန်ကုန်မြို့တွင် သွားလာနေသည့် စီမံကိန်းအနီး နေသူများနှင့် ယာဉ်မောင်းများက ပြောကြားသည်။
 
ထို့ပြင် ခုံးကျော်တံတား စီမံကိန်းများကို လုပ်ဆောင်ရာတွင် အင်တိုက်အားတိုက် လုပ်ဆောင်ခြင်း မရှိဘဲ လုပ်ငန်းခွင် နေရာများကို အကျယ်ကြီးပိတ်ကာ ယူထားပြီး အများပြည်သူ သွားလာရန် ခြောက်လမ်းသွား လမ်းမကြီးအား တစ်ဖက် တစ်လမ်းစီသာ သွားလာခွင် ပေးထားခြင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
 
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ခုံးကျော်တံတားများ တည်ဆောက်ကာ ဖြေရှင်းခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ပြေလည်မှု ရရှိခဲ့ကြောင်း၊ သို့သော် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစိုးရသစ် တာဝန်ယူချိန်တွင် ခုံးကျော်တံတား နှစ်စင်းအား ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းနှင့် မြောက်ဥက္ကလာ လမ်းဆုံတို့တွင် ဆောက်လုပ်ရန် လက်ရှိ အစိုးရက ဘဏ္ဍာငွေ ထည့်သွင်းလျာထားခဲ့ပြီး ဖြစ်သည်။
 

Most Read

Most Recent