လူကုန်ကူးမှုဖြင့် အမှုဖွင့်ခံထားရသူများမှ လူကုန်ကူးမှု ထပ်မံပြုလုပ်ခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (ပ) ၂၉၆/၂၀၁၅ ဖြင့် အမှုဖွင့်ခံထားရသော မအိသဇင်ဖူး (ခ) ပိုးဥနှင့် အောင်ကျော်မြင့်တို့ လင်မယားမှာ ယခုနှစ် သြဂုတ်လ အတွင်းက တောင်ဒဂုံမြို့နယ်တွင် လူကုန်ကူးမှု ထပ်မံကျူးလွန်ရန် စီစဉ်နေခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။ဒဂုံမြို့သစ်၊ တောင်ပိုင်း ၅၅ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ အရွယ် မ .... သည် အလုပ်ရှိရာ အထည်ချုပ်စက်ရုံသို့ သွားရောက်ရန် ကားစောင့်နေစဉ် မပိုးဥနှင့် တွေ့ဆုံခဲ့ပြီး ၎င်းမှ သူ၏ခင်ပွန်းဖြစ်သူသည် အလုပ်ကောင်းမွန်ပြီး ဝင်ငွေအများအပြားရရှိကြောင်း စတင်စည်းရုံးခဲ့သည်။၁၀ လခန့် အလုပ်လုပ်လျှင်ပင် ကျပ် သိန်း ၃၀ ခန့် ရရှိနေသည့်အတွက် မ.....အား လုပ်ကိုင်လိုလျှင် လမ်းစရိတ်ပါ စိုက်ပေးမည်ဟု စည်းရုံးခဲ့ကြောင်း၊ ယင်းအတွက် မ....မှ မည်သူကိုမျှ မတိုင်ပင်ဘဲ တစ်ပါးတည်း လိုက်ပါသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြခဲ့သည်။သို့သော် မ.... မှာ ပြင်ဦးလွင်သည် မည်သည့်ဒေသ၊ မည်သည့်အခြေအနေ မသိရှိသည့်အတွက် မပိုးဥ ခေါ်ဆောင်သည့်နေရာသို့သာ လိုက်ပါခဲ့ပြီး မူဆယ်အထိ ရောက်ရှိခဲ့ကြောင်း၊ မူဆယ်မှတစ်ဆင့် ရွှေလီတွင် စောင့်ဆိုင်းနေသူ မပိုးဥယောကျ်ားဖြစ်သူ အောင်ကျော်မြင့်နှင့် တရုတ်လင်မယားတို့မှ စောင့်ဆိုင်းနေပြီး တစ်ညအိပ်ခဲ့ရကြောင်း သိရသည်။၎င်းတို့မှ မ.....အား တရုတ်ယောကျ်ား နှင့် လက်ထပ်ရမည်ဖြစ်ပြီး လက်မခံပါက လမ်းစရိတ် ၁၀ သိန်း ပြန်လျော်ရမည်ဖြစ်ကြောင်း သိရသည်။ယင်းမှတစ်ဆင့် မ....မှ တရုတ်ယောကျ်ား တစ်ယောက်နှင့် တစ်ပတ်ခန့် ပေါင်းသင်းနေထိုင်ပြီးနောက် ထွက်ပြေးခဲ့သော်လည်း မလွတ်မြောက်ခဲ့သည့်အပြင် တရုတ်အမျိုးသားနှင့် မိသားစုများက ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး အခန်းတစ်ခုတွင် ပိတ်လှောင်ခဲ့သည်။ပိတ်လှောင်ခံရသည့် ဒုတိယထပ်မှ ခုန်ချကာ ဒုတိယအကြိမ် ထွက်ပြေးခဲ့ရာတွင် တရုတ်ရဲများနှင့်တွေ့၍ အကူအညီတောင်းခံခဲ့ရာမှ တစ်ဆင့် လွတ်မြောက်လာခဲ့သည်။မ.... မှာ တရုတ်ရဲစခန်းတွင် ရှိနေစဉ် ယွမ် ၆၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်ဆိုသော တရုတ်အမျိုးသားက သုံးကြိမ်တိုင် လာရောက်ခေါ်ယူမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ သို့သော် တရုတ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသို့ မ ....အား နိုဝင်ဘာလ ၂၆ ရက်တွင် လွှဲ ပြောင်းပေးခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ကျူးလွန်သူ မပိုးဥနှင့် အောင်ကျော်မြင့်တို့ကို မူဆယ်မြို့မရဲစခန်းတွင်၂၈ (က) ၂၀၁၅ ဖြင့်ထပ်မံ အမှုဖွင့်လှစ်ခဲ့ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ပြီး တရားရုံးတင် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။















