လေးပွင့်ဆိုင် ကတိကဝတ် လက်မှတ်ရေးထိုးသူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကိုပါ တရားစွဲဆိုသင့်ကြောင်း ဗကသ ကျောင်းသားခေါင်းဆောင်များ၏ ရှေ့နေက လျှောက်လဲသော်လည်း တရားရုံးက ပယ်ချ

လေးပွင့်ဆိုင် ကတိကဝတ် လက်မှတ်ရေးထိုးသူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကိုပါ တရားစွဲဆိုသင့်ကြောင်း ဗကသ ကျောင်းသားခေါင်းဆောင်များ၏ ရှေ့နေက လျှောက်လဲသော်လည်း တရားရုံးက ပယ်ချ
Published 4 December 2015
သက်မင်း

လေးပွင့်ဆိုင် ကတိကဝတ်အရ အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြသော ကျောင်းသားများအား မဖမ်းဆီးပါဟု ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့သည့် သမ္မတရုံးဝန်ကြီး ဦးလှထွန်းကိုပါ တရားစွဲဆိုသင့်ကြောင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ဗကသ ကျောင်းသားများ၏ ဥပဒေ အကျိုးဆောင် ရှေ့နေဦးဌေးက လျှောက်လဲ တင်ပြခဲ့သော်လည်း ကမာရွတ်တရားရုံးက ပယ်ချခဲ့သည်။ပြစ်မှု ပုဒ်မ ၁၄၃၊၁၄၅၊ ၁၄၇၊၅၀၅(ခ)၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ တို့ဖြင့် တရားစွဲ ဖမ်းဆီးခံထားရသော ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုဂျိမ်း(ခ) လင်းထက်နိုင်၊ မပိုပို နှင့် ဝန်းရံပြည်သူ တစ်ဦးဖြစ်သော ကိုဝင်းကျော့မှူးတို့ကို  ဒီဇင်ဘာ ၄ ရက်က ရုံးထုတ် စစ်ဆေးခဲ့ရာတွင် ကျောင်းသားများ၏ ရှေ့နေမှ ယင်းကဲ့သို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကမာရွတ်မြို့နယ် တရားသူကြီးက ပယ်ချခဲ့ခြင်းဖြစ်သည်။ယင်းရုံးချိန်းတွင် တရားလိုဖြစ်သည့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းကို  ကျောင်းသားများ၏ ရှေ့နေက မေးမြန်းခဲ့ရာ ဖွဲ့စည်းပုံ အခြေဥပဒေပုဒ်မ ၃၅၄ အပိုဒ် ခွဲ(က၊ခ) အရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့် ရှိသည်ကိုသိကြောင်း၊ သို့ရာတွင် ငြိမ်းစုစီ ဥပဒေအရ ခွင့်ပြုချက်ရပြီးမှသာ စီတန်းလှည့်လည်သင့်ကြောင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် ၁၉ နှင့်၂၀ တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ရေးသား ဖြန့်ဝေခွင့်ကို သိရှိကြောင်း သို့ရာတွင် ဥပဒေအရသာ ဖြစ်သင့်ကြောင်း၊ မြန်မာသံတော်ဆင့်ဂျာနယ်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရက လေးပွင့်ဆိုင် ကတိကဝတ်ကို ဖောက်ဖျက်ကြောင်း ဖော်ပြထားရာ တွေ့ရှိကြောင်း စသည်တို့ကို ရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။“ဒီနေ့ရုံးစစ်တော့ ကျွန်တော်တို့ရဲ့ ရှေ့နေက သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ကတိကဝတ်ပြု လက်မှတ် ထိုးထားတဲ့အတွက်ကြောင့်မို့လို့ ဒီအမှုမှာ သူပါပါနေတယ်။ အဲဒီအတွက်ကြောင့် နောက်တိုး တရားခံစာရင်း မှာ ထည့်ပေးပါဆိုပြီး လျှောက်တာပါ။ လေးပွင့်ဆိုင် ကတိကဝတ်အရ ကျောင်းသားတွေကို မဖမ်းပါဘူးလို့ လက်မှတ်ထိုး ကတိက ဝတ်ပြုတဲ့သူမှာလည်း တာဝန်ရှိတယ်လို့ ထင်ပါတယ်”ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ရုံးထုတ်စဉ် ပြောကြားသည်။ထို့ပြင် ကိုကျော်ကိုကိုအား ဒီဇင်ဘာ ၇ရက်တွင် အင်းစိန်ထောင်မှ သာယာဝတီ အကျဉ်းထောင်သို့  ထောင်ပြောင်းမည်ဖြစ်ပြီး သာယာဝတီထောင်ရှိ ဗကသကျောင်းသားများနှင့်အတူ သာယာဝတီတရားရုံး၌ ပြောင်းလဲစစ်ဆေးသွားမည်ဟု သိရသည်။“ဒါကလည်း မတရားဘူးလို့ ပြောချင်တယ်။ ကျွန်တော့်မှာ ဥပဒေအရ ဘာမှ ချေပပိုင်ခွင့်မရတဲ့ အခြေအနေ ဖြစ်နေတယ်။ကျွန်တော်မရှိဘဲ မျက်ကွယ်မှာ စစ်ထားတဲ့ရုံးချိန်းမှာ ကျွန်တော်က ဆက်လက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ တရားမျှ တမှု မရှိတဲ့အခြေအနေပါပဲ”ဟု ၎င်းက ပြောကြားသည်။ဗကသ ကျောင်းသားခေါင်းဆောင်များ၏ နောက်တစ်ကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။            

Most Read

Most Recent