ထူးအိမ်သင်၏ နာမည်ကျော် "ဝေးသွားတဲ့အခါ" သီချင်းအမည်နှင့် တူနေသည့် ၎င်း၏ သီချင်းသစ် အမည်အား ပြောင်းလဲသွားမည်ဟု လွှမ်းပိုင်ပြောကြား

ထူးအိမ်သင်၏ နာမည်ကျော် "ဝေးသွားတဲ့အခါ" သီချင်းအမည်နှင့် တူနေသည့် ၎င်း၏ သီချင်းသစ် အမည်အား ပြောင်းလဲသွားမည်ဟု လွှမ်းပိုင်ပြောကြား
Published 4 December 2015

လူငယ်ဟစ်ဟော့ပ် အဆိုရှင် လွှမ်းပိုင်က ၎င်း၏ တေးသီချင်းအသစ်အား အဆိုတော် ထူးအိမ်သင်၏ အောင်မြင်ခဲ့သည့် တေးသီချင်းအမည် ’ဝေးသွားတဲ့အခါ’ဟု ပေးခဲ့ခြင်းအပေါ် ဝေဖန်မှုများရှိခဲ့ပြီး သီချင်းနာမည်အား ပြောင်းလဲသွားမည်ဟု ၎င်း၏ Facebook Account တွင်ရေးသား ဖော်ပြထားသည်။
အဆိုတော်လွှမ်းပိုင်က ၎င်းရေးသားထားသည့် တေးသီချင်းအသစ်အား ဝေးသွားတဲ့အခါ ဟု အမည်ပေးခဲ့ခြင်းမှာ အောင်မြင်ခဲ့သည့် တေးသီချင်းအမည်နှင့် တူစေရန် ရည်ရွယ်ပေးခဲ့ခြင်းမဟုတ်ဘဲ တေးသီချင်း၏ စာသားတွင် ပါဝင်နေ၍ ပေးရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တူသော တိုက်ဆိုင်သော တေးသီချင်းပေါင်း များစွာရှိသည့်အပြင် တေးသီချင်းအမည် ပြောင်းပေးရန် ပြောလာသည့်အခါတွင်လည်း လွယ်လွယ်ကူကူ ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ အဆိုတော် ထူးအိမ်သင်၏ ပရိသတ်များ တန်ဖိုးထားသည့်အရာကိုလည်း မပျက်စီးစေချင်ကြောင်း၊ ယင်းအတွက် သီချင်းအမည်အား ပြောင်းလဲသွားမည် ဖြစ်ကြောင်းကို ၎င်း၏ Facebook စာမျက်နှာထက်တွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
တေးသီချင်းအမည် တူခြင်းကိစ္စရပ်နှင့် ပတ်သက်၍ အဆိုတော ်လွှမ်းပိုင်အား မေးမြန်းရန် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရခဲ့ပေ။ လွှမ်းပိုင်၏ တေးသီချင်းသစ် နာမည်မှာ အဆိုတော်ထူးအိမ်သင်၏ အောင်မြင်ခဲ့သည့် တေးသီချင်းနာမည်နှင့် တူနေခြင်းအပေါ် အဆိုတော်ထူးအိမ်သင်၏ ပရိသတ်များနှင့် လွှမ်းပိုင်၏ ပရိသတ်များကြားတွင် လူမှုကွန်ရက် စာမျက်နှာထက်၌ အငြင်းပွားမှု၊ ဝေဖန်မှုများ များပြားခဲ့သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ တေးရေး မြင့်မိုးအောင်က ’’နိုင်ငံတကာ မူပိုင်ခွင့်အရ ဆိုရင်တော့ တေးသီချင်းစာသားထဲက ထူးခြားတဲ့ အကြောင်းအရာပါတဲ့ သီချင်းခေါင်းစဉ်မျိုး ဆိုရင်တော့ ထပ်တူသုံးလို့ မရဘူးပေါ့။ ဥပမာ ယုဇနပင်နဲ့ ဖဲကြိုးဝါလိုမျိုးပေါ့လေ။ ဒါပေမဲ့ အိပ်မက်ချစ်သူလိုမျိုး၊ အချစ်ဦးလိုမျိုး အရမ်းကြီး မထူးခြားတဲ့ အကြောင်းအရာမျိုးဆိုရင်တော့ တူတာလည်း ရှိတတ်တယ်။ အခုပြဿနာဖြစ်ပွားတဲ့ ‘ဝေးသွားတဲ့ အခါ’သီချင်းဆိုရင် ခေါင်းစဉ်က ရိုးသလိုရှိပေမယ့် အားလုံးက လေးစားချစ်ခင်ရတဲ့ အဆိုတော် ထူးအိမ်သင် ရဲ့သီချင်းဖြစ်နေတော့ ပြောရခက်ပါတယ်။ အခုနာမည်ကို ပြောင်းမယ်ဆိုတော့လည်း ကောင်းပါတယ်’’ဟု သုံးသပ်ခဲ့သည်။
အဆိုတော်ထူးအိမ်သင်၏ ‘ဝေးသွားတဲ့အခါ’ တေးသီချင်းမှာ အဆိုတော် ထူးအိမ်သင် သီဆိုခဲ့သည့် တေးသီချင်းများစွာအနက် အောင်မြင်ခဲ့သည့် တေးသီချင်းတစ်ပုဒ် ဖြစ်သည်။

Most Read

Most Recent