ရေဘေးဒဏ်ကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရသော စေတုတ္တရာမြို့နယ်အတွင်းမှ ကျေးရွာနှစ်ရွာအတွက် အစိုးရက ထောက်ပံ့ကြေးပေးသော်လည်း ကုန်ကျစရိတ်ထက်နည်းသဖြင့် နေအိမ်ပြောင်းရွှေ့ရန် အခက်အခဲများ ရင်ဆိုင်နေရ

ရေဘေးဒဏ်ကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရသော စေတုတ္တရာမြို့နယ်အတွင်းမှ ကျေးရွာနှစ်ရွာအတွက် အစိုးရက ထောက်ပံ့ကြေးပေးသော်လည်း ကုန်ကျစရိတ်ထက်နည်းသဖြင့် နေအိမ်ပြောင်းရွှေ့ရန် အခက်အခဲများ ရင်ဆိုင်နေရ
Published 28 November 2015
အောင်သူငြိမ်း (မကွေး)

ဇူလိုင်လအတွင်းက မိုးရက်ဆက် ရွာသွန်း၍ မုန်းချောင်းရေကြီးကာ သဲနုန်းပို့မှုကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရသော မကွေးတိုင်း စေတုတ္တရာမြို့နယ်အတွင်းမှ ပွင့်တောက်နှင့် ငလဲကျေးရွာများအတွက် အစိုးရမှ နေအိမ်ပြောင်းရွှေ့ရန် တစ်အိမ်လျှင် ကျပ် ၅၀၀၀၀နှင့် လုံးဝပျက်စီးခဲ့သော နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် နှစ်ရစ်ခွဲ ထောက်ပံ့ခဲ့သော်လည်း အမှန်တကယ် ကုန်ကျစရိတ်ထက် အဆမတန် နည်းနေသဖြင့် နေအိမ်များပြောင်းရွှေ့ရန်အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ရေကြီးရေလျှံမှုများကြောင့်  မုန်းချောင်းတစ်လျှောက် စေတုတ္တရာနှင့် ပွင့်ဖြူမြို့နယ် များအတွင်း ကျေးရွာပေါင်းရာနှင့် ချီရေဘေးသင့်ခဲ့ကာ စိုက်ခင်းဧက သိန်းနှင့်ချီ  ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယင်းကျေးရွာများအနက် စေတုတ္တရာမြို့နယ်အတွင်းမှ ငလဲနှင့် ပွင့်တောက် ကျေးရွာများသည် သဲနုန်းပို့မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအားလုံး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၊ ငလဲကျေးရွာတွင် နေအိမ်များပြောင်းရွှေ့ရန် မြေနေရာ အခက်အခဲကြောင့် ယနေ့တိုင် ယာ ယီတဲများဖြင့် နေထိုင်ကြရဆဲဖြစ်ကြောင်း၊ ပွင့်တောက်ကျေးရွာသည် မူလရွာနေရာ၏ အနောက်တောင်ဘက် အနီးရှိ တောင်ကုန်းပေါ်သို့ နေအိမ်များ ရွှေ့ပြောင်းရန် မြေနေရာ အဆင်ပြေသော်လည်း ယင်းကုန်းမြေပေါ်သို့ မုန်းချောင်းအတွင်းမှ သောက်သုံးရေ တင်ရန် စက်မရှိခြင်း၊ အလှူရှင်များနှင့် အစိုးရမှ ကူညီထောက်ပံ့မှုများ ရှိခဲ့သော်လည်း နေအိမ်တစ်အိမ်ေ ပြောင်းရွှေ့ရန်ပင် အနည်းဆုံး ကျပ်ငါးသိန်းခန့် ကုန်ကျစရိတ်ရှိသဖြင့် မပြောင်းရွှေ့နိုင်သေးဘဲ စာသင်ကျောင်းကိုလည်း ယာယီစာသင်ဆောင်ဖြင့် သင်ကြားနေရပြီး၊ ကျန်းမာရေးအတွက် နီးစပ်ရာ ကျေးရွာများ၌ပင် ဆေးခန်းမရှိ၍ စေတုတ္တရာမြို့ သို့သွားရောက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းခြင်းများ ရင်ဆိုင်နေရကြောင်း သိရသည်။“ဘုန်းဘုန်းတို့ရွာအတွက် ကူညီလှူဒါန်းမှုတွေက ရောက်တော့ရောက်ပါတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲလွန်းတော့ အဓိကလိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အစိုးရက နေအိမ်ပြောင်းရွှေ့ဖို့နဲ့ လုံးဝပျက်စီးခဲ့တဲ့ နေအိမ်တွေအတွက် ဆိုပြီးထောက်ပံ့ကြေး ပေးခဲ့ပေမယ့်  နှစ်ရစ်ခွဲ ပေးမှာဖြစ်ပြီး ပေးတဲ့ပမာဏကလည်း နည်းလွန်းနေတော့ မလုံလောက်ပါဘူး။ ဒါပေမဲ့ ဘာမှမရတာနဲ့ စာရင်တော့ တော်ပါသေးတယ်။ ရွာအသစ် ရွှေ့ရမယ့်နေရာက ကုန်းမြင့်ဖြစ်နေလို့ အဲဒီကုန်းပေါ် တက်တဲ့လမ်းကို အစိုးရအစီအစဉ်နဲ့ ဖောက်လုပ်ပေးတာတို့၊ ရွာအသစ်အတွက် မြေနေရာကို စက်ယန္တရားတွေနဲ့ မြေညှိပေးတာတို့ လုပ်ပေးမယ်ဆိုရင် ထိရောက်မှာပါ။ အခုထိတော့ နေအိမ်အများစုက ပြောင်းရွှေ့တည်ဆောက်ဖို့ မတတ်နိုင်ကြသေးဘူး။ နွေရောက်လာရင် မုန်းချောင်းထဲကရေ နည်းလာမှာဖြစ်လို့ ရွာပေါ်ကို ရေတင်ဖို့ကလည်း အခက်အခဲတွေ ရှိလာဦးမယ်” ဟု ပွင့်တောက် ရွာဦးကျောင်းဆရာတော် ဦးဝိသုတ္တက မိန့်ကြားသည်။ပွင့်တောက်ကျေးရွာမှ ချင်းတောင်သူ တစ်ဦးက“အစိုးရထောက်ပံ့ပေးတဲ့ ငွေထဲက ပထမတစ်ရစ်ကို နိုဝင်ဘာ ၅ ရက်ကပေးခဲ့ပါတယ်။ အဲဒီငွေက နေအိမ်တွေ ရွှေ့ပြောင်းဖို့ မလုံလောက်တော့ စားတဲ့စရိတ်ထဲ ပါသွားကြတာ များတယ်။ အလှူရှင်တွေ လှူဒါန်းထားတဲ့ စားသောက်ကုန်တွေကလည်း နည်းလာပါပြီ။ ယာယီ စာသင်ဆောင်နဲ့ ရွာမြေနေရာတွေအတွက်လည်း အများပြည်သူက လှူဒါန်းပေး ခဲ့ပါတယ်။ အခုသဲနုန်းပို့သွားတဲ့ စိုက်ပျိုးမြေတွေမှာ ထောပတ်ပဲတွေ စိုက်ထားပေမယ့် တကယ်အပင် ဖြစ်မဖြစ်က စောင့်ကြည့်ရဦးမှာပါ။ အဲဒီမြေတွေမှာမှ မစိုက်ရင်လည်း စိုက်စရာ မြေမရှိလို့ စမ်းစိုက်ထားတဲ့ သဘောပါ”ဟု ပြောကြားသည်။ပွင့်တောက်နှင့် ငလဲကျေးရွာများသည် မုန်းချောင်းနံဘေး မြေအနိမ့်ပိုင်းများတွင် တည်ရှိသောကြောင့် ရေဘေးဖြစ်စဉ်အတွင်း အိမ်ခေါင်မိုးများနှင့် မြင်းမိုရ်ပိတ်များအား ဖောက်ထွက်၍ လူလွတ်ရုန်း ပြေးခဲ့ရကြောင်း မိုးရက်ဆက်ရွာသွန်း၍ မီးမွှေးရန်ပင် အခက်အခဲ ဖြစ်ခဲ့သောကြောင့် သုံးရက်ဆက်တိုက် ထမင်းလွတ်ခဲ့ကြောင်း၊ ပွင့်တောက်ကျေးရွာတွင် နေအိမ် ၁၁၈ လုံးရှိပြီး အားလုံးမှာ သဲနုန်းပို့ မှုခံရကာ ကိုးလုံးသည် လုံးဝပျက်စီးခဲ့ကြောင်း၊ ငလဲကျေးရွာတွင် နေအိမ် ၁၄၆ လုံးရှိပြီး ရွာလုံးကျွတ် ရွှေ့ပြောင်းရမည်ဖြစ်ပြီး  စိုက်ပျိုးမြေ အားလုံးနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။သဲနုန်းပို့၍ရွှေ့ပြောင်းရန် အခက်အခဲရှိနေသော ပွင့်တောက်ကျေးရွာမှ ရွာဦးကျောင်း ကို Eleven Media Group မှ တစ်ဆင့် စေတနာရှင် အလှူရှင်များ လှူဒါန်းမှုဖြင့် ကျပ်သိန်း ၁၀၀၀ တန် နှစ်ထပ်အဆောက်အအုံ တည်ဆောက်ပေးလျက်ရှိသည်။ 

Most Read

Most Recent