လူထုလိုချင်သည့် ပြောင်းလဲမှုကို သိသိသာသာ aဆာင်ရွက်နိုင်သည့် အနေအထား ရောက်အောင် ကြိုးစားကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက ဦးတင်ဦးက ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များအား မှာကြားသည်။နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီမှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ နာယကဦးတင်ဦးက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးမှာ ၂၀၁၅ ရွေး ကောက်ပွဲပြီးစီးနောက်ပိုင်း ပထမဆုံး ပြုလုပ်သည့် အစည်းအဝေး ဖြစ်သည့်အတွက် သမိုင်းဝင်မည့် အစည်းအဝေးဟု ပြော၍ရကြောင်း ဦးတင်ဦးက ပြောကြားသည်။“အခုနိုင်ပြီဆိုတဲ့အခါ ဘာများ ဆက်လာမလဲ၊ ကဲကျုပ်တို့ကတော့ဖြင့် အားလုံးကို အနိုင်ရအောင်အတွက် ကြွေးကြော်သံတွေ ပေးခဲ့ပြီ။ ခင်ဗျားတို့ ဘာတွေ ပြောင်းလဲပေးမှာလဲဆိုတဲ့ အမေးဟာ လာပါလိမ့်မယ်။ဒီတော့ ကျွန်တော်တို့၊ ခင်ဗျားတို့ ဘယ်လောက်ကြိုးစားရမလဲဆိုတာ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်” ဟု ဦးတင်ဦးက အမှာစကား ပြောကြားသည်။ မိမိတို့ ကြွေးကြော်ထားသည်မှာ ဒီမိုကရစီ ပြည်ထောင်စု မြန်မာနိုင်ငံတော် ထူထောင်မည်ကို ပြည်သူလူထုနှင့် တိုင်းရင်းသားများ၏ ခေါင်းထဲမှာ စွဲမြဲပြီးနေကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားများနှင့် ပတ်သက်ပြီး အေးချမ်းဖို့၊ ငြိမ်းချမ်းဖို့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ရှေ့ဆက်ပြီးသွားဖို့ ဆိုသည့်လုပ်ငန်းမှာ အလွန်အရေးကြီးသည့် အချက်အဖြစ် ပေါ်လာမည်ဖြစ်ကြောင်းနှင့် ထို့အတွက် အောက်ခြေ၊ အောက်လတ်မှ စ၍ပေါ့ပေါ့တန်တန် မလုပ်ကြရန် နာယက ဦးတင်ဦးက တိုက်တွန်းပြောကြားသည်။ ဦးတင်ဦးက“ကျွန်တော့်အနေနဲ့ မှာချင်တာကတော့ အခုအောင်နိုင်တယ် ဆိုတာကို အောင်နိုင်သူတို့ရဲ့ မာန်မှာ အမှားမာန်ထက် နေရာကို ဆက်လက်ပြီးတော့ အောင်မြင်စွာ ထိန်းသိမ်းသွားပြီး ချမှတ်ထားတဲ့ နိုင်ငံတော်ကို တည်ထောင်မယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ အတူတကွ ဆက်လက်ပြီးတော့ ဒါဥက္ကဋ္ဌရဲ့ ခေါင်းဆောင်မှုနဲ့တကွ ၊အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့တကွ အများကြီး သေသေချာချာ ကြီးကြပ် ထိန်းသိမ်း လိုက်နာပေးဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။ နောက် ကျွန်တော်လေးလေးနက်နက် ဒီစကားပြောပါ့မယ်။ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရှိရင် အရင်တုန်းက ကျွန်တော်တို့ အလုပ်များတာကလည်း တစ်ကြောင်း နောက်ပြီးတော့ လုပ်ရ၊ ကိုင်ရတဲ့ ကျွန်တော်တို့အဖွဲ့အစည်း၊ ကျွန်တော်တို့ အပါအဝင် နှေးကွေးတာတွေလည်း တစ်ကြောင်း တချို့ကိစ္စတွေမှာ ပေါ့ပေါ့လွယ် လွယ် ဖြစ်သွားတာလေးတွေ ရှိပါတယ်။ ဒီနောက်ပိုင်းမှာတော့ စည်းကမ်းထိန်းသိမ်းရးနဲ့ပတ်သက်တာ အားလုံးကိုတော့ဖြင့် တင်းတင်းကျပ်ကျပ် တိတိကျကျ သေသေချာချာ ထိန်းသိမ်းပြီးတော့ စောင့်ရှောက်သွားမှ သာလျှင် ခိုင်ခိုင်မြဲမြဲနဲ့ ဆက်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ဒီကိစ္စကိုလည်း ကြုံတုန်းမှာ လျော့ရဲနေတဲ့ စည်းကမ်းကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ တကယ်ကို လေးလေးနက်နက် တရားမျှတ မှန်ကန်စွာဖြင့် တရားဥပဒေ အကြောင်းနဲ့အညီ အဖွဲ့ချုပ်ရဲ့ ခိုင်မြဲရေးကို ရည်စူးပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာကိုလည်းပဲ ဒီနေရာမှာ ကျွန်တော် ပြောချင်ပါတယ်”ဟုလည်း ဆက်လက် ပြောကြားသည်။ထို့ပြင် NLD ဥက္ကဋ္ဌ၏ ခေါင်းဆောင်မှု၊ အဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့်အတူ သေသေချာချာ ကြီးကြပ်ထိန်းသိမ်း လိုက်နာပေးဖို့ လိုအပ်ကြောင်းနှင့် ဆက်လက်၍ စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွင်လည်း လျော့ရဲနေသည့် စည်းကမ်းကို ပြန်လည်၍ လေးလေးနက်နက် တရားမျှတမှန်ကန်စွာဖြင့် တရားဥပဒေအကြောင်းနှင့်အညီ အဖွဲ့ချုပ်၏ ခိုင်မြဲရေးကို ရည်စူးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။“အဲဒီတော့ အောင်မြင်သည်ဆိုတာ လေးအပေါ်မှာ ကျွန်တော်တို့ အောင်မြင်သူတို့ရဲ့ မာန်၊ နောက်အမှားမှန်ကို လျှောက်ပြီးတဲ့နောက် ပကတိ ဆင်ခြင်တုံတရားနဲ့ ရှိတဲ့မာန်ကို ပြန်လည် တည်ဆောက်ပြီးတော့ တစ် ဖက်ကသူတွေ အပေါ်မှာလည်းပဲ ဆင်ခြင်တုံတရားနဲ့ လေးလေးနက်နက် ထားပြီးတော့ ပိုမိုပြီးတော့ မိမိတို့ရဲ့လုပ်ငန်းကို အထောက်အပံ့ အထောက်အကူ ဖြစ်လာနိုင်အောင် ကြိုးစားဆောင်ရွက်နိုင်တဲ့ ဝီရိယမျိုး လုံ့လမျိုး ဆောင်ရွက်နိုင်လိုစွမ်းနဲ့ ပိုမိုပြီး ဆောင်ရွက်ခြင်းအားဖြင့် အခုလာမယ့် တစ်လျှောက်လုံး လုပ်ရမယ့် မိမိတို့ အဖွဲ့အစည်းဟာ အခုငါးနှစ်တန်ပြီး တကယ်ကို သေသေချာချာ မှန်မှန်ကန်ကန်ပေါ့။ ဆောင်ရွက် သွားမယ်ဆိုရင် လာမယ့်နှစ်တွေထဲမှာ ပြည်သူလူထုရဲ့ အားကိုးတကြီးဖြစ်တဲ့ လူထုလိုချင်တဲ့ ပြောင်းလဲမှုကို တစ်စတစ်စ သိသိသာသာ ဆောင်ရွက်နိုင်တဲ့ အနေအထားရောက်အောင် ပို့ဆောင်နိုင်အောင် လုံးပန်းကြပါလို့ လေးလေးနက် နက်တိုက်တွန်းချင်ပါတယ်“ဟုလည်း ဦးတင်ဦးက ထည့်သွင်းပြောကြားခဲ့သည်။NLD နာယက ဦးတင်ဦး ပြောကြားသည့် အမှာစကားနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်များကို ပိုမိုခိုင်မာစွာဖြင့် ပြည်သူလူထုအတွက် ပိုမိုလုပ်ဆောင် ပေးနိုင်ရန် ရည်ရွယ်သည်ဟု နားလည်ကြောင်း၊ မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်သွားရမည့် အချက်များလည်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
လူထုလိုချင်သည့် ပြောင်းလဲမှုကို သိသိသာသာ ဆောင်ရွက်နိုင်သော အနေအထား ရောက်အောင် ကြိုးစားကြရန် အနိုင်ရ ကိုယ်စားလှယ်များအား NLD နာယက ဦးတင်ဦး မှာကြား















