ရန်ကုန်မြို့၌ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ အပါအဝင် ပုဂ္ဂလိကပိုင် ယာဉ်များ စည်းကမ်းတကျ ဖြစ်စေရေး ကွပ်ကဲမည့် ကော်မတီများ ဖွဲ့စည်းရန် စတင်ဆွေးနွေးနေပြီး မထသမှာ ယင်းကော်မတီများအောက် ဆက်လက် ပါဝင်မည်

ရန်ကုန်မြို့၌ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ အပါအဝင် ပုဂ္ဂလိကပိုင် ယာဉ်များ စည်းကမ်းတကျ ဖြစ်စေရေး ကွပ်ကဲမည့် ကော်မတီများ ဖွဲ့စည်းရန် စတင်ဆွေးနွေးနေပြီး မထသမှာ ယင်းကော်မတီများအောက် ဆက်လက် ပါဝင်မည်
Published 27 November 2015
ကျော်ထင်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များ အပါအဝင် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စည်းကမ်းတကျ ဖြစ်စေရေး ကွပ်ကဲမည့် ကော်မတီများ ဖွဲ့စည်းရန် စတင် ဆွေးနွေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) မှ သိရသည်။၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သော“ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ” အရ ယင်းသို့ ကော်မတီများ ဖွဲ့စည်းရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စုစုပေါင်း ကွပ်ကဲရေး ကော်မတီ ကိုးခုဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ယင်းကွပ်ကဲရေး ကော်မတီများဖြင့် လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ မော်တော်ယာဉ်များ သွားလာရေးကို ကြီးကြပ်ခြင်းဖြင့် ပြည်သူများ ယာဉ်အန္တရာယ် ဖြစ်ခြင်းမှ ကင်းဝေးစေရန်၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ယာဉ်များအား တစ်ဦးချင်းပိုင် စနစ်မှသည် အများပိုင် စနစ်သို့ ကူးပြောင်း ဆောင်ရွက်ရန် စသည်တို့ဖြစ်ကြောင်း သိရသည်။ယင်းကော်မတီများ ဖွဲ့စည်းရန်အတွက် ကြီးကြပ်ရေး အဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆောင်၍  စတင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် ကော်မတီများတွင် အစိုးရခန့်များနှင့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်ပိုင်ရှင်များပါ ပါဝင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။“အခုဖွဲ့စည်းဖို့ အစည်းအဝေးတွေ ထိုင်နေပါပြီ။ အဓိက,ကတော့ ဥပဒေနဲ့အညီ စည်းကမ်းတကျ ဖြစ်စေဖို့ပါ” ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ယင်းသို့ ပုဂ္ဂလိက မော်တော်ယာဉ်များအား ကွပ်ကဲရေး အဖွဲ့များ ဖွဲ့စည်းလိုက်ခြင်းကြောင့် လက်ရှိ မထသ အဖွဲ့များ ဖျက်သိမ်းရန် အစီအစဉ် မရှိဘဲ မထသက ယင်းအဖွဲ့အစည်းများ အောက်တွင် ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။“မထသကလည်း အဲဒီ ကော်မတီတွေ အောက်ကို ရောက်သွားပြီး ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ဖွဲ့စည်းမည့် ကော်မတီ ကိုးခုမှာ ကုန်တင်ယာဉ်များ ကြီးကြပ်ရေး ကော်မတီ၊ အဝေးပြေး ယာဉ်များ ကြီးကြပ်ရေး ကော်မတီ၊ မထသ မြို့တွင်း သယ်ယူပို့ဆောင်ရေး ကော်မတီ စုစုပေါင်း ငါးခု၊ တက္ကစီယာဉ်များအား ကြီးကြပ်မည့် “ဂ” လုပ်ငန်းလိုင်စင် ကော်မတီ (စင်းလုံးငှား လိုင်စင်) နှင့် ပဋိညာဉ် လိုင်စင်များကို ကွပ်ကဲသည့် ကော်မတီတို့ ဖြစ်ကြောင်း သိရသည်။လက်ရှိ ရန်ကုန်မြို့၏ ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေး အထူးသဖြင့် ခရီးသည်တင် ယာဉ်လိုင်း ပို့ဆောင်ရေးတွင် စည်းစနစ် မကျမှုများ၊ စည်းကမ်း ချိုးဖောက်မှု များစွာ ရှိနေကြောင်း၊ အလားတူ စည်းကမ်းမဲ့ တက္ကစီယာဉ် များစွာ ရှိနေပြီး ၎င်းတို့ကိုလည်း စိစစ် ကြပ်မတ်ပေးသည့် အပိုင်း၌လည်း များစွာ အားနည်းလျက် ရှိကြောင်း သိရသည်။ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော ခရီးသည်တင်ယာဉ် အစီးရေ ၇၀၀၀ ကျော် အနက်မှ နေ့စဉ် ယာဉ်အစီးရေ ၄၀၀၀ ကျော် ပြေးဆွဲနေကြောင်းနှင့် ရန်ကုန်မြို့တွင် စီးတီး တက္ကစီအဖြစ် မှတ်ပုံတင်ထားသော တက္ကစီ စုစုပေါင်း ၅၀၀၀၀ ကျော် ပြေးဆွဲနေကြောင်း မထသ (ဗဟို) မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Most Read

Most Recent