ခြွင်းချက်ထားရမည့် ပါရမီရှင်

ခြွင်းချက်ထားရမည့် ပါရမီရှင်
Published 26 November 2015
ရဲခေါင်မဲမောင်

ဦးဘဂျမ်းနှင့် မိတ်ဆွေတစ်ဦးတို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောနေကြသည်။ ထိုစဉ် လက်ဖက်ရည်ဆိုင်ရှေ့ရှိ လမ်းကိုဖြတ်ကာ အသုဘတစ်ခု ချသွားသည်။ အသုဘမှာ မျက်တွင်းဟောက်ပက်နှင့် သွားခေါခေါ ဖြစ်နေသည်။ အလောင်းနောက်ဘက်မှာ တီးဝိုင်းကလေး တစ်ခုက ခပ်မြိုင်မြိုင်ကလေး တီးမှုတ်ကာ လိုက်ပါလာ၏။ဦးဘဂျမ်းတို့ ပြောနေကြသည်မှာ “ဟာသ” အကြောင်း ဖြစ်သည်။ မိတ်ဆွေဖြစ်သူက ဦးဘဂျမ်း၏ ကာတွန်းများမှာ ခေတ်ကို လှောင်ပြောင်ရာ၌ အလွန်အားကောင်းလှရာ အဓိက “ဟာသ” ဓာတ်ကြောင့်ဟု ဆိုသည်။ ထို “ဟာသများကို ဦးဘဂျမ်း အနေနှင့် မည်သို့မည်ပုံ ရရှိနေပါသနည်းဟု မေးမြန်းနေချိန် ဖြစ်လေသည်။ ထိုသို့ စကားပြောနေစဉ် စောစောကပြောသည့် အသုဘ ချသွားရာသို့ ဦးဘဂျမ်းက လှမ်းကြည့်ကာ“ကဲ.. အခုချသွားတဲ့ အသုဘမှာတောင် ရယ်စရာက ပါနေပြီ”ဟုပြောကာ တခစ်ခစ် ရယ်လေသည်။ မိတ်ဆွေက နားမလည်နိုင်ဖြစ်ကာ “သူများ အသုဘချလာတာ ခင်ဗျားက ရယ်နေရသလား” ဟု ပြောရာ ဦးဘဂျမ်းက “ခင်ဗျားကလည်း။ အသုဘ ချလာတာကို သေချာကြည့်စမ်းပါဗျ” ဟု ပြန်ပြောလေသည်။“သြော်.. အလောင်းမှာ မျက်နှာချေ လိမ်းထားတာကို ပြောတာလား။ ဒါကတော့ သူတို့ ထုံးစံကိုးဗျ”“အလောင်းနောက်က ပါလာတဲ့ တီးဝိုင်း ဘာတီးနေသလဲ ဆိုတာ နားထောင်ကြည့်ပါဦးကွာ”ထိုအခါမှ ဦးဘဂျမ်း၏ မိတ်ဆွေဖြစ်သူက သီချင်းသံကို နားထောင်ကြည့်လိုက်ရာ သီချင်းမှာ “ချစ်စရာကောင်းသူလေးရယ် မောင့်စိတ်ထဲမှာ စွဲလမ်းတယ်” ဖြစ်နေသောကြောင့် သူတင်မကဘဲ ဘေးနားရှိဝိုင်းများမှ လူအားလုံး ဝုန်းခနဲ ရယ်လိုက်ကြသည်ဟု ဆိုပါသည်။ ရယ်သံများ ဆုံးသွားတော့မှ ဦးဘဂျမ်းက “ဟာသဆိုတာ မြင်တတ်မှ။ မြင်တတ်ရင် အားလုံး ဟာသချည်းပဲ” ဟု ပြောလိုက်လေသည်။ဦးဘဂျမ်းသည် ကာတွန်းဆွဲရာမှာသာ ဟာသအမြင်များ ထည့်သွင်းရေးဆွဲတတ်သည် မဟုတ်။ စကားပြောရာ၌လည်း ဟာသကလေးများ စွက်၍ ‘နှက်’ တတ်သည်။ ဖဆပလ အစိုးရ လက်ထက်က ဝန်ကြီးချုပ် ဦးနုသည် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး စည်းရုံးလှုံ့ဆော်သည့် ကာတွန်းများ ရေးခိုင်းရန်အတွက် သူ၏အိမ်သို့ လာရောက်ရန် ဦးဘဂျမ်းကို ခေါ်လိုက်သည်။ ဦးဘဂျမ်းသည် မြင်းလှည်းကလေး တစ်စီးကို ငှားကာ ဝင်ဒါမီယာဝင်းအတွင်း ရှိသော ဝန်ကြီးများ ရိပ်သာသို့ သွားလေသည်။ သံဆူးကြိုးများခတ်၍ သေနတ်ကိုင် အစောင့်များ ချထားသော ဝင်းတံခါး၌ မြင်းလှည်းကိုရပ်ပြီး ဝန်ကြီးချုပ်အိမ်သို့ လမ်းလျှောက်သွားသည်။ ဝန်ကြီးချုပ် ဦးနုက ဦးဘဂျမ်းကို မြင်သောအခါ“ခင်ဗျား ဘာနဲ့ လာတာလဲ”“မြင်းလှည်းငှားပြီး လာတာပါ”“ခင်ဗျားမြင်းလှည်း ပြန်လွှတ်လိုက်ပါ”ဟု ဦးနုက ပြောသောအခါ ဦးဘဂျမ်းက ရယ်ရယ်မောမောဖြင့်“ဘာလဲဗျ အိပ်ရာလိပ် ပြန်ယူရတော့မှာလား”ဟု ပြန်၍မေးပြော ပြောလိုက်သည်။ ထိုအချိန်က နိုင်ငံရေး သမားများကို ဖမ်းဆီးသည့် ပုဒ်မ-၅ ခေတ်စားနေသော အချိန်ဖြစ်၍ မိမိကိုဖမ်းပြီး ထောင်ထဲထည့်တော့မည်လားဟု ဦးဘဂျမ်းက ပြောလိုက်ခြင်း ဖြစ်ပါသည်။ဦးဘဂျမ်းသည် ဟာသဉာဏ်ရွှင်သလောက် ဇနီးမယားနှင့် အမျိုးသမီးများအပေါ် ညှာတာထောက်ထားကာ ခွဲခြားဆက်ဆံမှု မရှိသူ တစ်ဦးလည်း ဖြစ်သည်။ တစ်ခါက ဦးဘဂျမ်း ပန်းချီဆွဲနေစဉ် အိမ်ရှေ့လမ်းပေါ်မှ “ကြံ..ကြံ” ဟု အော်လိုက်သောကြံသည်၏ အသံကို ကြားရသည်။ အနားတွင် ထိုင်နေသော ဇနီးသည်က ဦးဘဂျမ်းကို “အစ်ကို ကြံစားချင်တယ်” ဟု ပြောရာ ပန်းချီရေးနေရာမှ ချက်ချင်းရပ်လျက် ကြံသည်ကို လှမ်းအော်ခေါ်လိုက်ပြီး ကိုယ်တိုင်ဝယ်ပေးကာ အသင့်စားနိုင်အောင် ပြုလုပ်ပေးလေသည်။ တစ်ခါကလည်း ဦးဘဂျမ်းတို့ လူတစ်စုက ကျိုက်ထီးရိုးဘုရားဖူး သွားကြသည်။ အဖွဲ့တွင် ဦးဘဂျမ်း အပါအဝင် ယောက်ျားသုံးဦးသာ ပါဝင်ပြီး ကျန်သူများ အားလုံးမှာ မိန်းကလေးများချည်း ဖြစ်ကြသည်။တောင်ပေါ်ရောက်၍ နံနက်မိုးလင်းသောအခါ ဦးဘဂျမ်းသည် မိန်းကလေးများကို ကိုယ်တိုင်လိုက်နှိုး၏။ ဖီးလိမ်းပြီး အလှပြင်ခိုင်းကာ ဘုရားစုံလျှောက်၍ အလည်ခိုင်း၏။ ကျန်ယောက်ျားလေးများ အားလုံးကို ငါးခြောက်လှီးခိုင်း၊ ငရုတ်သီးထောင်းခိုင်း ကုလားဟင်းချက်ရန် ပြင်ဆင်ခိုင်းပြီး သူကိုယ်တိုင်ကလည်း စားဖိုမှူးများအတိုင်း အဝတ်ဖြူစ တစ်ခုကို ပုဆိုးရှေ့ညှပ်ကာ လူနှစ်ဆယ်ကျော်စားရန် ထမင်းချက်လေသည်။ ဤကိစ္စကို ယောက်ျားလေးများက မကျေနပ်ကြ၍ ဆရာကြီးပန်းချီ ဦးအုန်းလွင်ကို“ကြည့်လုပ်ပါဦး ဆရာရဲ့.. မိန်းမတွေကိုတော့ ကျော့နေအောင် သွားခိုင်းပြီး ယောက်ျားတွေတော့ တကုန်းကုန်းနဲ့ ထမင်းချက်နေကြရတာ။ သူတို့ခါတမာ ကျနေတာပဲ။ ငနဲကြီးက တော်တော်ခက်တယ်” ဟု တိုင်ကြသည်။ ထို့ကြောင့် ဆရာကြီး ပန်းချီဦးအုန်းလွင်က ဦးဘဂျမ်းကို “ဟေ့ ကိုဘဂျမ်း ဟုတ်သားပဲ ခင်ဗျားဥစ္စာ မိန်းမတွေတော့ လျှောက်လည်စေ။ ယောက်ျားတွေတော့ ထမင်းချက်နဲ့။ မိန်းမတွေ ချက်ပေါ့ဗျာ” ဟု ပြောလေရာ ဦးဘဂျမ်းက“အင်း..အင်း။ ကောင်းတယ်။ သူတို့အချက် စောင့်နေကြ။ ညနေကျတောင် စားရမှာ မဟုတ်ဘူး။ ကျုပ်တို့ဟာကျုပ်တို့ ချက်၊ ကျက်တော့ ကျုပ်တို့ဟာကျုပ်တို့ ခူးစားတာပေါ့ဗျ။ ထမင်းချက်တာ ခက်တာမှ မဟုတ်ဘဲ။ သူတို့တစ်တွေ တစ်သက်လုံး အိမ်မှာ ချက်ကျွေးလာကြတာ။ ဒီလို အခါလေးမှာမှ သူတို့ကို လွတ်လပ်ခွင့် မပေးရင် ဘယ်တရားမလဲ” ဟု ပြန်၍ပြောကြောင်း ဆရာကြီး ပန်းချီဦးအုန်းလွင် ရေးထားသည်ကို ဖတ်ရဖူးသည်။ထိုအပြုအမူများကြောင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများက ဦးဘဂျမ်းကို မိန်းမကြောက်သူအဖြစ် စွပ်စွဲပြီး လူရှေ့မရှောင် သူရှေ့မရှောင် စကြနောက်ကြရာတွင် ဦးဘဂျမ်း ပြန်ပြောသော“ကိုအုန်းလွင် ခင်ဗျားဟာ လင်မယား ဘဝမှာ သူနိုင်တယ် ကိုယ်နိုင်တယ် ဆိုတာဟာ အရင်းခံ ထင်နေတော့ တော်တော်ခက်တယ်။ လင်နဲ့မယားဆိုတာ ပါတနာဆိုတဲ့ သဘောနဲ့ သေတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားကြမှ လူဖြစ်ကျိုး နပ်တော့မပေါ့ဗျ”ဆိုသည့် စကားမှာ “လင်နေစ..ဆင်သေမှ” ဆိုသော အမျိုးသမီးများနှင့် “မယားနေစ.. ကြောင်သေမှ” ဆိုသော အမျိုးသားများအတွက် မှတ်သားစရာ အဖိုးတန် စကားတစ်ခွန်းပင်ဖြစ်သည်။ဦးဘဂျမ်းကို ဂုဏ်ပြုကျင်းပနေသည့် ရန်ကုန်မြို့ ၁၃ လမ်းအောက် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် ကာတွန်းပြပွဲကို ၂၅.၁၁.၁၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။ ၂၆.၁၁.၁၅ ရက်နေ့တွင် ဦးဘဂျမ်းလမ်း ကာတွန်းပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုချီးမြှင့်မည် ဖြစ်သည်။ ယခုနှစ်အတွက် ကာတွန်းပြိုင်ပွဲ၏ ခေါင်းစဉ်မှာ “အပြောင်းအလဲ” ဖြစ်သည်။ ကာတွန်းဆရာများ၏ “အပြောင်းအလဲ” အပေါ် အမြင်နှင့် အယူအဆကို လာမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ပြည်သူများ လေ့လာခွင့် ရရှိကြတော့မည် ဖြစ်ပါသည်။ရန်ကုန်မြို့ ၁၃ လမ်းအောက်လမ်းမှာ ကာတွန်းမီးထွန်းပွဲတော်ကြီး စတင်လာခဲ့သည်မှာ ၁၉၃၄ ခုနှစ် တန်ဆောင်တိုင်မှဖြစ်သည်။ ၁၃ လမ်းအောက်လမ်းရှိ ဦးဘဂျမ်း နေအိမ်တွင် “ကြက်တောင်ကွ” ကာတွန်းရုပ်ရှင် ရိုက်ကူးရန်အတွက် ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့ နှစ်ယောက် ကာတွန်းများ ရေးဆွဲနေကြစဉ် ဖြစ်သည်။ တစ်နေ့ အလုပ်နားနေစဉ် ဦးဘဂျမ်းက “ကိုစွန်ဟိန်း ကျွန်တော်တို့ ၁၃ လမ်းအောက်လမ်းမှာ တန်ဆောင်တိုင် မီးထွန်းပွဲကို ရိုးရိုးကလေးပဲ လုပ်လာတာကြာပြီ။ ဒီနှစ်တော့ အဆန်းထွင်ရအောင်” ဟု ပြောလိုက်ရာ ဆရာ ဦးစွန်ဟိန်းက “သဘက်ခါဆိုရင် မီးထွန်းပွဲတော် စတော့မယ်။ ခင်ဗျား အဆန်းထွင်ဖို့ အချိန်ရှိပါ့မလား” ဟု ပြန်၍ပြောလေသည်။ ထို့နောက် သတင်းစာများက လက်မခံသော ကာတွန်းများကို ပြန်၍ ရေးဆွဲကြမည်ဟု ဆုံးဖြတ်ကာ တစ်ဦးလျှင် ၁၅ ပုံခန့်ရေးဆွဲပြီး မီးပုံးများပြုလုပ်၍ ပြသခဲ့ကြသည်ဟု သိရသည်။ ထို့ကြောင့် ၁၃ လမ်းအောက်လမ်း (ဦးဘဂျမ်းလမ်း) ကာတွန်းမီးထွန်းပွဲ စတင်ခဲ့သည်မှာ ၁၉၃၄ ခုနှစ်ကတည်းကဖြစ်ပြီး စတင် ဦးဆောင်ခဲ့သူများမှာ ဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့ ဖြစ်ကြသည်။ စစ်အစိုးရလက်ထက် ကာတွန်းမီးပုံးပွဲများ မကျင်းပနိုင်သည်ကလွဲ၍ ၁၃ လမ်းအောက် ဦးဘဂျမ်း ကာတွန်းမီးထွန်းပွဲတော်၏ သက်တမ်းမှာ ယခုနှစ်ဆိုလျှင် ၈၁ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။“ဟာ..ဆရာနှယ့်၊ ဦးဘဂျမ်းကတော့ဖြင့် ခြွင်းချက်ကို ထားရမယ့် ပါရမီရှင် ဆရာရေ။ ကာတွန်းရုပ်မှာ ရယ်တာ၊ ငိုတာ၊ လန့်တာတွေက ရေးရတာ လွယ်တယ်။ ကျွန်တော်လည်း ရေးနိုင်ပါတယ်။ ဦးဘဂျမ်းက “အားတုံ့ အားနာ” ဖြစ်နေတဲ့ ပုံမျိုးတောင် သရုပ်ပေါ်လာအောင် ရေးနိုင်တာ ဆရာရဲ့။ သိပ်ခက်တဲ့ ပုံမျိုး ဆရာရဲ့”ဟု ကွယ်လွန်သူ ကာတွန်းဆရာ၊ စာရေးဆရာ ကံချွန်က ဆရာအောင်သင်း (ကွယ်လွန်) ကို ပြောခဲ့ဖူးသည်။ ကာတွန်း ဆရာများတွင် ၁။ အရုပ်နှင့် အတွေးအခေါ် ကောင်းသူ ၂။ အရုပ်ကောင်းပြီး အတွေးအခေါ် မကောင်းသူ ၃။ အရုပ်မကောင်းဘဲ အတွေးအခေါ်ကောင်းသူနှင့် ၄။ အရုပ်ရော အတွေးအခေါ်ပါ ကောင်းသူဟူ၍ လေးမျိုးလေးစား ရှိရာတွင် ဦးဘဂျမ်းမှာ အရုပ်ရော၊ အတွေးအခေါ်ပါကောင်းသည့် ကာတွန်းဆရာများ၏ ထိပ်တွင် ရှိပါသည်။ ထိုမျှ အရည်အချင်း ပြည့်ဝသော ဆရာကြီး ဦးဘဂျမ်းသည် အသက် (၅၁)နှစ်အရွယ် (၁၈.၂.၅၂) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး တစ်နှစ်ခန့်အကြာတွင် နိုင်ငံတော်အစိုးရက ဦးဘဂျမ်းကို ‘အလင်္ကာကျော်စွာ’ ဘွဲ့ ချီးမြှင့်ခဲ့လေသည်။ ဦးဘဂျမ်း ကွယ်လွန်သွားခြင်းအတွက် စာရေးဆရာမကြီး လူထုဒေါ်အမာက“သူ့ပညာတွင် ဦးဘဂျမ်းသည် နှစ်ဦးမပေါ်သေးသော ပညာသည်ပါပေ။ တက်သစ်စ စုတ်ချက်များ ရှိသော်လည်း ဦးဘဂျမ်း၏ အရည်အသွေးများကို မီဖို့ မနည်း ကြိုးစားကြရဦးမည်ပင် ဖြစ်ပါသည်။ ဦးဘဂျမ်း၏ စုတ်တံသည် ကျွန်တော့် မျက်စိအောက်မှာ မျက်စိနောက်စရာ ကိုးရိုးကားရားတော့ လာမလုပ်နဲ့ စုတ်ချက်များမှာ ကားခနဲ သေသွားမယ်” ဟု မဆိုသောလည်း ဆိုဘိသကဲ့သို့ ထင်ရပေသည်”ဟု ရေးသားခဲ့သည်။ မှန်ပါသည်။ ဦးဘဂျမ်းသာ ယနေ့ သက်ရှိထင်ရှား ရှိနေပါက သူ၏ စုတ်ချက်ဖျားမှာ ကားခနဲသေသွားမည့် “အမျိုးသားနိုင်ငံရေးသမား” များနှင့် “ပါတီ နိုင်ငံရေးသမား” များ အများအပြား ရှိနေကြသည် မဟုတ်ပါလား။

Most Read

Most Recent