အကြောက်တရားကို တွန်းလှန်ရမယ့် ခေတ်

အကြောက်တရားကို တွန်းလှန်ရမယ့် ခေတ်
Published 25 November 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ ၂၁၀၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးက ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ဘာလဲဆိုတာကို အထင်အရှားဆုံး ပြသခဲ့တဲ့ ဖြစ်ရပ်ကြီး တစ်ခုပါ။ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် အများစုမှာ အမှန်တကယ် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုက အမှန်တကယ်ကို ပြောင်းလဲမှုကို လိုချင်နေကြပြီဆိုတာ ပြသခဲ့တဲ့ မငြင်းနိုင်တဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် နှစ်ကာလရှည်များစွာ လိုအပ်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေကို NLD က ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြလို့ အခုလို ရွေးကောက်ပွဲမှာ ပြည်သူတွေက ပြတ်ပြတ်သားသား မဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် NLD ကသာ အမှန်တကယ် ပြောင်းလဲမှုတွေကို ဖော်ဆောင်လမ်းပြပေးနိုင်မယ်လို့ ယုံကြည်ကြလို့ NLD အပေါ် ပြည်သူတွေက ပုံအပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 
■ ကြာခဲ့ပြီတကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် အမှန်တကယ် ပြောင်းလဲမှုကို ပြည်သူလူထုတွေ မျှော်လင့်နေခဲ့ကြတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ အချက်အချာကြတဲ့ ပထဝီ အနေအထား၊ ပိုင်ဆိုင်ထားတဲ့ သယံဇတများ၊ ဒေသတွင်းမှာ အဆင့်အတန်းတစ်ခု ရှိနေခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် ကိုယ်ကျိုးရှာ လူတစ်စုက အာဏာရှင်စံနစ်ကို မှီတွယ် အသက်သွင်း အုပ်ချုပ်ခဲ့ကြလို့ နယ်ပယ်စုံ ကဏ္ဍတွေမှာ အောက်ကျနောက်ကျ ဖြစ်ခဲ့ရခြင်းက ပြည်သူ အများစုကို  နာလိုခံခက် ဖြစ်စေခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍ အသီးသီးမှာ တိုးတက်ပြောင်းလဲမှုတွေထက် ဟန်ပြပြုပြင် ပြောင်းလဲရေးတွေ ကြီးစိုးခဲ့ခြင်း၊ ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေက အောက်ခြေအထိ မရောက်ရှိခဲ့ခြင်း၊ တိုင်းပြည်ကို မျက်နှာမထောက် ကိုယ်ကျိုးရှာ သမားတွေကို ဖော်ထုတ်အရေးယူဖို့ ပျက်ကွက်ခဲ့ခြင်း အပါအဝင် အမှန်တကယ် မထိရောက်တဲ့ စီမံခန့်ခွဲမှု အလွဲပေါင်းများစွာက ပြည်သူတွေ မျှော်လင့်နေတဲ့ တိုးတက်ပြောင်းလဲလိုတဲ့ ဆန္ဒတွေကို မနှစ်သိမ့်ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ မဲဆန္ဒနယ် အများစုမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 
■ အလားအလာကောင်းလက်ရှိမှာတော့ ရွေးကောက်ပွဲမှာ NLD က အများစုနိုင်ပြီး အစိုးရဖွဲ့ခွင့်၊ သမ္မတ တင်မြှောက်ခွင့်တွေ ရရှိနေပြီ ဖြစ်ပေမယ့် အများစိုးရိမ်မှုတွေ ရှိနေတာကတော့ အာဏာအလွှဲအပြောင်းဟာ တည်ငြိမ်အေးချမ်း စနစ်တကျ ဖြစ်ပေါ်လာရေး ဖြစ်ပါတယ်။ ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး တွေ့ဆုံနိုင်ဖို့အတွက် သက်ဆိုင်သူများသို့ စာပေးပို့ တောင်းဆိုခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လက်ရှိအစိုးရဟာ အာဏာလွှဲပြောင်းရေးကို သတ်မှတ်ချိန်အတွင်း မဖြစ်မနေ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိကြတဲ့ နိုင်ငံတော် သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် တရားဝင် ကတိပေးထားမှုတွေ ရှိနေတာကြောင့် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက် အလားအလာကောင်းတွေ ရှိနေပြီပဲ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေရဲ့ အပြောင်းအလဲ မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စရပ် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အလွဲပေါင်းများစွာနဲ့ အသားကျနေမှုများကို အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ဆိုတာ အချိန်ယူဖို့ လိုပါတယ်။ တကယ့် မပြောင်းမဖြစ် အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် ပြောင်းလဲရမှာဖြစ်ပြီး အချိန်ယူပြီး ပြောင်းလဲရမယ့် ကိစ္စရပ်တွေမှာလည်း အချိန်ယူရဖို့ ရှိပါတယ်။ အရေးကြီးတာက ပြည်သူတွေဟာ စိတ်ရှည်ကြဖို့ လိုသလို ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဖြစ်လာမယ့် ပြုပြင်ပြောင်းလဲမှုတွေဟာ အရင်တုန်းကလို မဟုတ်ဘဲ ပွင့်လင်းမြင်သာမှုပေါ်မှာသာ အခြေခံပြီး ဖြစ်ပေါ်လာမှာ ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး ဘယ်အခြေအနေ ရောက်နေပြီဆိုတာ ပြည်သူတိုင်း သိခွင့်ရမှာ ဖြစ်ပါတယ်။အထူးသဖြင့် လာမယ့် ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ပြည်သူတွေဟာ ယခင်က အသားကျနေကြတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့ လိုအပ်ပါတယ်။ ကောင်းကောင်းမစားရမှာ၊ ကောင်းကောင်းမဝတ်ရမှာ၊ ကောင်းကောင်းမနေရမှာ၊ ရာထူးကောင်းကောင်း မရမှာကို ကြောက်နေကြရပြီး အစဉ်အဆက် အဂတိ လိုက်စားခြင်းဖြင့် တိုင်းပြည်ကို ပျက်စီးယိုယွင်းစေခဲ့တဲ့ စနစ်ဟောင်းကြီးကို တွန်းလှန်ကြဖို့ပါ။ ဌာနဆိုင်ရာ အသီးသီးမှာ အထက်အဆင့်ဆင့် ကြောက်နေရပြီး အဆင့်ဆင့် ဝေမျှစားကြတဲ့ အကန်းအစဉ်ကြီးတွေကိုလည်း စွန့်လွှတ်ဖို့သင့်ပြီ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့လည်း ကိစ္စရပ်တိုင်းမှာ အဆင်မပြေမှာ၊ လွယ်လွယ်ကူကူ မပြီးမှာတွေကို ကြောက်ရွံ့ပြီး လာဘ်ထိုးကြရတဲ့ အလေ့အကျင့်တွေကို ရှောင်ကြဉ်သင့်ပါပြီ။ နိစ္စဓူ၀ စားဝတ်နေရေး ဖိစီးမှု အကြောက်တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရတဲ့ ပြည်သူ အများစုအတွက် လာမယ့် ဒီမိုကရေစီခေတ်သစ်က ဆီးကြိုနေပါပြီ။ ဒီမိုကရေစီ စနစ်ဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှမှုတွေကို မဖြစ်မနေ ဖော်ဆောင်ရတာမို့ အကြောက်တရားတွေကို ကိုးကွယ်နေစရာ မလိုတော့ပါဘူး။ နိုင်ငံသားတိုင်းဟာ မည်သူကမှ ကြောက်အောင် ခြောက်လှန့်ထားခြင်းမှ ကင်းလွတ်တဲ့ လွတ်လပ်ခြင်းနဲ့အတူ တရားမျှတခြင်းနဲ့ တန်းတူညီမျှမှုတွေ ရရှိအောင်လို့ ဒီမိုကရေစီ အစိုးရတွေက မဖြစ်မနေ ဖော်ဆောင်ဖန်တီးပေးကြရမှာ ဖြစ်ပါတယ်။ဒီလို အကြောက်တရားတွေ ကြီးစိုးနေရတဲ့ခေတ်က လွတ်မြောက်ဖို့၊ ပြည်သူတွေအတွက် ကောင်းခြင်းတွေကို ယူဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကို ပြည်သူတွေက ရွေးချယ်ထားပါပြီ။ ဒီအတွက် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင် မဲပေးခဲ့ကြသလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရဲ့ ဆောင်ရွက်မှုတွေမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။တကယ်တော့ ပြည်သူအများစုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကတည်းက အကြောက်တရားကို တွန်းလှန်ပြီး ကိုယ်မဲပေးချင်တဲ့သူကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝါဒဖြန့်မှု၊ ဘာသာရေးမှိုင်းတိုက်မှု၊ ခြိမ်းခြောက်မှု၊ ငွေပေးမဲဆွယ်မှုအချို့ ရှိနေတဲ့အထဲက မကြောက်မရွံ့ NLD ကို မဲပေးခဲ့ကြခြင်းက သက်သေပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က တိုင်းပြည်ကို စီမံခန့်ခွဲတဲ့ အခါမှာ ပြည်သူတွေကလည်း ရွေးကောက်ပွဲတုန်းကလိုပဲ အကြောက်တရားတွေကို တွန်းလှန်ပြီး NLD နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။လာမယ့် ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကြီး တည်ဆောက်ကြတဲ့အခါ NLD နဲ့ ပြည်သူတွေအတွက် ပေါ်ထွက်လာမယ့် စိန်ခေါ်မှုတွေကိုလည်း ရဲရဲရင့်ရင့်နဲ့ အတူဖြတ်သန်းသွားကြမယ် ဆိုရင်ဖြင့် နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Most Read

Most Recent