အစိုးရသတ်မှတ်ထားသော အလုပ်သမားတစ်ဦးလျှင် အနိမ့်ဆုံးလုပ်ခလစာ တစ်လ ကျပ်တစ်သိန်းရှစ်ထောင် မရသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ Leader One Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၈၀၀ ခန့်သည် အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုနေကြကြောင်း နိုဝင်ဘာ ၂၄ ရက်က သိရသည်။
ယင်းသို့ ဆန္ဒပြတောင်းဆိုနေသည်မှာ နိုဝင်ဘာ ၂၁ ရက် ကတည်းက စတင်ခဲ့ခြင်း ဖြစ်ကာ လေးရက်ရှိနေပြီ ဖြစ်သော်လည်း ပြေလည်မှုမရရှိသေးကြောင်း သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူများသည် အစိုးရက သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာအား အလုပ်သမားများကို ယခုအချိန်ထိ မပေးချေဘဲ အခြေခံအလုပ်သမား တစ်ဦးလျှင် လစာကျပ် ၉၉၀၀၀ ကိုသာ ပေးချေခြင်းအပါအဝင် သောက်သုံးရေ မသန့်ရှင်းမှု၊ စနေနေ့နှင့် တနင်္လာနေ့များတွင် အလုပ်ပျက်ကွက်ပါက ကြားရက်ဖြစ်သည့် တနင်္ဂနွေနေ့ကိုပါ ပျက်ရက်အဖြစ် သတ်မှတ်ခြင်း၊ အလုပ်သမားတစ်ဦးအား တစ်နေ့လျှင် သန့်စင်ခန်း နှစ်ကြိမ်သာ သွားခွင့်ပြုခြင်း၊ အထည်များ ချုပ်စရာမရှိပါက အလုပ်သမားအချင်းချင်း စကားပြောဆိုခွင့်မပေးဘဲ ပြောဆိုခဲ့ပါက စက်ရုံအပြင်သို့ ထွက်ခိုင်းကာ အပြစ်ပေးခြင်း၊ စနေနေ့တွင် အလုပ်တစ်နေကုန် ဆင်းပါက တစ်ရက်စာလုပ်အားခ၏ နှစ်ဆပေးမည်ဟု မူလက သဘောတူညီခဲ့သော်လည်း နှစ်ဆ မပေးသည့်အပြင် တစ်ဝက်ကိုသာ ပေးခြင်း၊ သန့်ရှင်းရေးဝန်ထမ်းများ ရှိပါသော်လည်း အထည်ချုပ်အလုပ်သမားများ ကို စက်ရုံတွင်း သန့်ရှင်းရေးများ လုပ်ခိုင်းခြင်း၊ နေမကောင်းဖြစ်၍ ခွင့်တိုင်ပါသော်လည်း ပျက်ရက်အဖြစ် သတ်မှတ်ကာ လစာထဲမှ ပိုက်ဆံဖြတ်တောက်ခြင်း၊ အခြားစက်ရုံများတွင် အလုပ်သမားတစ်ဦးမှ စက်ရုံသို့ ရက်ပေါင် ငါးရက်သာ ပေးရသော်လည်း ၁၀ ရက် ပေးရခြင်း၊ သတ်မှတ်အလုပ်ချိန်ထက် စော၍လာရခြင်း၊ နောက်ကျပါက လစာထဲက ပိုက်ဆံဖြတ်တောက်ခြင်း စသည့် အချက် ၁၀ ချက်ကို ပြင်ဆင်ပေးရန်အတွက် နိုဝင်ဘာ ၂၁ ရက်မှစ၍ စက်ရုံအပြင်သို့ထွက်ကာ တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းသို့ တောင်းဆိုခဲ့ရာ အချက်ကိုးချက်မှာ သဘောတူညီမှု ရရှိခဲ့သော်လည်း အစိုးရသတ်မှတ်ထားသည့် အနိမ့်ဆုံးလစာဖြစ်သည့် တစ်လ တစ်သိန်းရှစ်ထောင်ကို မပေးသည့်အပြင် လုပ်ငန်းကျွမ်းကျင်မှုအလိုက်လစာတိုးမြှင့်ပေးရန် စသည့်အချက်ကိုမူ စက်ရုံတာဝန်ရှိသူများဘက်မှ ယခုအထိ လိုက်လျောပေးခြင်း မရှိသည့်အတွက် ဆက်လက်တောင်းဆိုဆန္ဒပြကြကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ စနေနေ့က ကျွန်မတို့အလုပ်သမားတွေ အားလုံးစုပြီး အချက် ၁၀ ချက်ရရှိဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့တယ်။ အဲဒီအချက် ၁၀ ချက်မှာ ၉ ချက်ကတော့ အဆင်ပြေသွားပြီ။ အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ လုပ်ခလစာကိစ္စကတော့ အဆင်မပြေသေးဘူး။ ညှိနေတုန်းပဲ။ ကျွန်မဆိုရင် တစ်ရက် လုပ်ခလစာက ၂၇၀၀ ပဲရတယ်” ဟု အဆိုပါ Leader One Myanmar အထည်ချုပ်စက်ရုံမှ ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားတစ်ဦးက ပြောကြားသည်။
အဆိုပါ Leader One Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား ကျွမ်းကျင်မှုအလိုက် A အဆင့်၊ B အဆင့်၊ C အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ယင်းသို့ သတ်မှတ်ထားသော်လည်း အလုပ်သမားတစ်ဦး နေမကောင်း၍ အလုပ်ပျက်ကွက်ခဲ့ပါ က ကျွမ်းကျင်မှုအလိုက်ရရှိသော ကျွမ်းကျင်ကြေးများအား လစာထဲမှ ဖြတ်တောက်ပစ်ကြောင်း၊ အခြေခံအလုပ်သမားတစ်ဦး၏ လုပ်ခလစာသည် အစိုးရသတ်မှတ်ထားသည့် ကျပ် ၁၀၈၀၀၀ မဟုတ်ဘဲ ကျပ် ၉၉၀၀၀သာ ရရှိကြောင်း စက်ရုံအတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားများ ၏ ပြောကြားချက်များအရ သိရသည်။
ဆန္ဒပြအလုပ်သမား ၈၀၀ ခန့်သည် မူလက စက်ရုံအပြင်သို့ ထွက်ကာ ဆန္ဒပြနေခြင်းဖြစ်သော်လည်း စက်ရုံတာဝန်ရှိသူများက အထဲသို့ ပြန်ဝင်ခိုင်းသဖြင့် စက်ရုံအထဲတွင်သာ အလုပ်မလုပ်ဘဲ ဆန္ဒပြနေကြောင်း သိရသည်။
အနိမ့်ဆုံးလုပ်ခလစာ မရရှိသောကြောင့် ဆန္ဒပြတောင်းဆိုနေသည့် အလုပ်သမားများအား အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးမှ တာဝန်ရှိသူများ လာရောက်ညှိနှိုင်း ဖျန်ဖြေပေးသော်လည်း ပြေလည်မှုမရရှိသေးကြောင်း သိရသည်။
အစိုးရသတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခလစာ မရသဖြင့် သန်လျင်မြို့နယ်ရှိ Leader One Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၈၀၀ ခန့် ဆန္ဒပြ















