အားလုံးကောင်းသွားတော့မှာပါ

အားလုံးကောင်းသွားတော့မှာပါ
Published 24 November 2015
ဖိုးလမင်း (ဆင်ဖြူကျွန်း)

ဒါကတော့ တတိယအကြိမ် သောင်ပြိုကမ်းပြို ပြည်သူ့ဆန္ဒ၊ စစ်ကျွန်ဘ၀ လက်မခံကြောင်း ပြည်သူ့တွေရဲ့ ရဲဝံ့ပြတ်သားတဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ပွဲပါပဲ။ ပထမဆုံးအကြိမ် ၁၉၆၀ ခုနှစ် ဒီမိုကရေစီ ဦးနုရဲ့သန့်ရှင်းနဲ့ စစ်ရိပ်မကင်းတဲ့ တည်မြဲပွဲ။
၁၉၉၀ ပြည့်နှစ်မှာတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီအကြိမ်မှာတော့ အောင်မြင်ပြီလို့ ဆိုကြရတော့မယ့် အခြေအနေတွေ မြင်တွေ့နေကြရပါပြီ။ နောက်တစ်ကြိမ် မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းနေကြပြီး ကမ္ဘာကလည်း ဝိုင်းသြဘာပေးနေကြပြီဆိုတော့ အောင်မြင်ရတော့မှာပါ။
ခု ဆန္ဒပေးပုံကလည်း ပြတ်သားရှင်းလင်း လှပါတယ်ဗျာ။ တစ်တိုင်းပြည်လုံး ထင်ထင်ရှားရှားပဲ သိလိုက်ကြတယ်လေ။ မိုးမလင်းခင်မှာကို အုန်းထနေပြီ။ ဒါပေမဲ့ အံ့သြဖွယ်ပါဗျာ။ ငြိမ်လို့ကုပ်လို့ ဒီလိုလူတန်းကြီးတွေ စည်းကမ်းရှိလိုက်ပုံများ မုံရွာမှာဆို သောင်းချီတဲ့လူတန်း ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ တစ်ပြည်လုံး ဘယ်နေရာမှာမှ ဆူဆူပူပူမ ဖြစ်ခဲ့ဘူးတဲ့။ ပြန်ထွက်လာတဲ့သူတွေ အပြုံးပန်းလေးတွေဝလို့၊ လက်သန်းကလေးများ ထောင်ပြပြီး နှုတ်ဆက် နေကြတယ်လေ။ ရန်ကုန်ရုပ်ရှင်က လူတွေ လက်သန်းကလေးများ ပြရှာတာ အကယ်ဒမီ ရလာသလိုပါလား။ တစ်ဦးတစ်ဦး ကြည့်ရတာ ဝမ်းသာစရာ ပျော်စရာ ကောင်းလိုက်တာ၊ စကားမပြောကြပေမယ့် တူညီတဲ့ ရည်မှန်းချက်ကလေးတွေ ရှိပြီး အပြုံးပန်းကလေးတွေ ဝေနေရှာကြတာ။
ပြတ်သား ထင်ရှားမှာပေါ့ဗျာ။ ဘယ်လို ဖြစ်နေခဲ့ကြရလဲ။ နှစ်ပေါင်း ၅၃ နှစ်ကြာပြီပဲ။ နောက်ဆုံးနှစ် ၂၀ လောက်မှာဆို အပြောင်းရှင်း၊ အပြောင်ရှင်း၊ တောတွေမက သယံဇာတ ဒါတွေလည်း မထားတော့။ ကျေးဇူးရှင် ဦးကြီးများ မရှိမဲ့ရှိမဲ့လုပ်စားတဲ့ လယ်တွေထိသိမ်း၊ လုပ်ချင်သလို လုပ်တဲ့အပြင် ပိုင်ရှင်ဦးကြီးများ သူ့မြေသူ အခတောင်း လုပ်စေသေးသတဲ့ဗျာ။ သူတို့လိုချင်ရင်ရှာပေါ့။ သူများပစ္စည်း သိမ်းတယ်ဆိုတာ လုံးဝမတရား။ သနားစရာ မရှိရှာ၊ သွားပြန်တောင်းတော့ ထောင်ချလိုက်ရော။ ဥပဒေအရဆိုရင် နိုင်ငံတော်လုယက်မှုလို့တောင် ဆိုကြတယ်။ တည်ဆဲဥပဒေမှာ မပေးဘဲ မသိအောင် ယူတာခိုးမှု၊ အဓမ္မယူတာ လုယက်မှု၊ လက်နက်နဲ့ ငါးဦးထက် ခြိမ်းခြောက်ယူတာ ဓားပြမှုလို့သိသဗျာ။ ဆရာကြီးတို့ ပေးဟယ်၊ ကမ်းဟယ် ရမယ်ထင်နေသေး။ နည်းနည်းလေး စဉ်းစား၊ သူတို့တာဝန်ယူခဲ့တဲ့ဟာ ကမ္ဘာမှာ အဆင်းရဲဆုံး နိုင်ငံဖြစ် ပညာရေး ကျန်းမာရေး အညံ့ဆုံး ဘာကောင်းတာ ရှိလို့လဲ။ အဲ..အဲ သူတို့ ၁၀ ဘဝစားမကုန် သူဌေးတွေ ဖြစ်နေပြီပဲ။ ဘယ်သူများ ကိုယ့်အိမ်ကို ဆောင်ခဲ့ရလဲ။ ကားဆိုကား အားလုံး လိုတရတဲ့ သူတွေဖြစ်နေပြီပဲ။ ကဲ ဘယ်သူတို့မဲပေး ရွေးကြဦးမလဲ။ အားလုံးသိသိကြီးပဲ မဟုတ်လား။
ခုပြည်သူတွေ ရွေးတာ၊ ခေါင်းဆောင် တစ်ဦးတည်းအပေါ် ဆုံးဖြတ်ပြီး ရွေးချယ်လိုက်ကြတာ။ ရင်တွင်းစေတနာ ဆန္ဒအပြည့် တူညီတယ်။ သူ့မှာ သီလရှိတယ်၊ ပညာရှိတယ်၊ ကိုယ်ကျိုးမကြည့် စေတနာသတ္တိ အနစ်နာခံဖို့ အပြည့်အဝရှိတယ်လို့ ယုံကြည်ပြီး ဆုံးဖြတ်ခဲ့တယ်ဆိုတာ အမှန်အကန်ပါ။
ခေါင်းဆောင်ကို လုံးဝလုံး၀ ယုံကြည် စိတ်ချတယ်၊ တစ်ဖက်ကို လုံးဝလုံး၀ စိတ်မချ မယုံကြည်တော့ သူတို့ယုံကြည်တဲ့ ခေါင်းဆောင်ကို ပုံအပ်လိုက်ပြီဆိုတာ အထင်အရှားပါ။ ဖြစ်စေချင်တာကလည်း တစ်ဖွဲ့လုံး ခေါင်းဆောင်မယ့် ခေါင်းဆောင်၊ သမ္မတပေါ့။ ပြည်သူအားလုံးရဲ့ ဆန္ဒအရသာ ဆိုရင်ဖြစ်ကို ဖြစ်ရမှာပါ။ ပြည်သူ့ဆန္ဒဆန့်ကျင်လို့ လုံးဝမလုပ်အပ်ဘူး။ ဖြောင့်ဖြောင့်မတ်မတ် သမ္မတလို့ပဲ မြင်ချင် ဖြစ်စေချင်ကြမှာပါ။ ဒီမိုကရေစီကို ကြွေးကြော်နေကြပေမယ့် ရှိနေတဲ့ အခြေခံဥပဒေက ဒီမိုကရေစီနဲ့ များများကြီး ဆန့်ကျင်နေတော့ ဒီကိစ္စ စဉ်းစားကြရပါလိမ့်မယ်။ ဒီမိုကရေစီ ဖြစ်ချင်သလား။ ပြည်သူ့ဆန္ဒ လေးစား လိုက်နာကြဖို့ လိုပါတယ်။ အဓိက ဥပဒေ ပုဒ်မ ၅၉ (စ) ပြည်သူ့ဆန္ဒအရပြင်ဖို့ ဖြစ်ပါတယ်။ ၂၅၀ ထားလိုက်ပါ ဒီတစ်ပတ်။ ပြီးတော့ လုပ်စရာတွေက အများကြီး ၇၅ ရာခိုင်နှုန်းကျော်ဆိုတာကြီးလည်း ပြင်ဖို့လိုပါလိမ့်။ ဒါမှ လိုအပ်တဲ့ ဥပဒေ အများအပြား ထွက်ပေါ်လာမှာ ဖြစ်တယ်လေ။ ဆန္ဒမဲတွေအရလည်း လုပ်ကိုင်ရတော့မှာဆိုတော့၊ ပြည်သူတစ်ခဲနက်ပေးတဲ့ မဲအဓိပ္ပာယ် မလွဲချင်ကြပါနဲ့။ စဉ်းစားကြည့်ပါ။ နိုင်ငံခြား မှီခိုဆိုတာတွေက အဝေးကြီးပါ။ ဒီလိုအဆင့်ရောက်ဖို့ လွန်စွာခက်ခဲလှပါတယ်။ ဒီလိုလူ ဘယ်နှယောက်ရှိမှာလဲ။ ပြည်သူကရော ရွေးမှာတဲ့လား။ ပြည်သူ့ဆန္ဒ ဆန့်ကျင်သူတွေ မဖြစ်ချင်ကြပါနဲ့။
ခေါင်းဆောင်ကြီးပြောတဲ့ မိန့်ခွန်းတစ်ခုအရ အုပ်ချုပ်ရေးအာဏာ အရင်ယူရမှာတဲ့။ စိန်ခေါ်မှုတွေ အမြောက်အမြားပါ။ ဌာနတွေအားလုံး ထိပ်ဆုံး အတွင်းဝန်တွေ ဘယ်သူ့ ယူထားပြီးပြီလဲ။ ဌာနအကြီးအကဲညွှန်မှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးအားလုံး ဘယ်သူတွေ ရောက်နေပြီလဲ။ အောက်အရာရှိ အဆင့်အဆင့် မိုးကျရွှေကိုယ်တို့ ဘယ်လောက်ရောက်နေပြီလဲ။ အထူးသဖြင့် အုပ်ချုပ်ရေးယန္တရား အားလုံးရဲ့ အပါအဝင် အားလုံးခန့်ထားပြီးပါပြီ။ အုပ်ချုပ်ရေးဌာနတွေ လုပ်ဆောင်နိုင်ရေး ခက်ခက်ခဲခဲကြီးတွေ ဖြစ်မှာအသေအချာပါ။ တကယ်တော့ ဌာနတွေခန့်ထားတာဟာ ဌာနတစ်ခုကို တိုးတက်ကြီးပွားအောင် လုပ်ဖို့မဟုတ်ပါ။ သူတို့ လိုသလို ခိုင်းဖို့ အတွက်သာပါ။ ဥပမာ သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဟာ မိုးကျရွှေကိုယ်ပါ။ သူ့အဆင့်က ခရိုင်အဆင့် တပ်ရင်းမှူးအဆင့် မရှိတဲ့ ဗိုလ် ကြီး/ဗိုလ်မှူးတွေပါ။
တစ်ခါမှာ လူကြီးတစ်ဦးက သစ်လုပ်ငန်းနဲ့လုပ်ဖို့ နိုင်ငံခြားသားတစ်ဦးကို လွှတ်လိုက်ပါတယ်။ အဲဒီလူ ဘယ်လိုလူဆိုတာ ကောင်းကောင်းမသိရှာဘူး။ ဧရာဝတီတိုင်းမှာ ဖက်စပ်လုပ်ပါတော့တယ်။ အသေးစိတ ်မဖော်ပြနိုင်သော်လည်း အချက်တချို့ကို ဖော်ပြရရင် သစ်လုပ်ငန်းက အထပ်သား စက်ရုံအပါအဝင် သစ်ထုတ်လုပ်ရေး ရောင်းဝယ်ရေးများ လုပ်ဖို့ဆိုပါတယ်။ သစ်လုပ်ငန်းက လုပ်ငန်းတွေ လွှဲပေးရတယ်။ သစ်လုပ်ငန်း၊ လုပ်ငန်းတွေ လွှဲပေးရပါတယ်။ ဆင်တစ်ကောင် တစ်ကျပ် ဟီနိုးသစ် တိုက်ကားတစ်စီး တစ်ကျပ်နှုန်း  တန်ဖိုးသင့်၊ သူက လိုအပ်လို့ ဝယ်ထည့်ရာမှာ နိုင်ငံခြားက ပို့လိုက်တဲ့ ကားတာယာအဟောင်း သုံးမရတဲ့ လေလံများဖြစ်လို့ သုံးမရပါဘူး။ အလုပ်သမား လစာပေးဖို့ မရှိလို့ သစ်လုပ်ငန်းက ငွေချေးရပါတယ်။ ဒီကိစ္စ စုံစမ်းစစ်ဆေးရင်တော့ ပြည့်ပြည့်စုံစုံ သိနိုင်ပါလိမ့်မယ်။ ဘယ်လို အကျိုးအမြတ် နိုင်ငံတော်ရခဲ့သလဲ။ အနည်းငယ်လည်း ဖြည့်စွက်ရရင် သစ်လုပ်ငန်းက သစ်လုံးများ ရောင်းချနေတဲ့ အလုံလမ်းပေါ်က မြေတချို့ဌာန တစ်ခုအတွက် ဝန်ထမ်းခပ်ထွားထွား ဆရာကြီးတစ်ဦး အိမ်ရာအတွက် တောင်းတော့ မပေးဘဲ မနေနိုင်ခဲ့ပါဘူး။ နောက်ဆုံး သစ်လုပ်ငန်း ရုံးချုပ်အပါအဝင် သစ်ဆိပ်များ သစ်တွင်းများ အားလုံး နိုင်ငံကျော်အဖွဲ့ အစည်းက တောင်းလို့ နေ့ချင်းညချင်း ထွက်ပေးခဲ့ရပါတယ်။ ဘယ်လောက်တန်ဖိုးနဲ့ဆိုတော့ မသိပေမယ့် သူတို့က အေးရှားဝေါလ်ကို လွှဲပေးတယ်ဆိုပါတယ်။ တန်ဖိုးဘယ်လောက် မသိပါဘူး။ ဝမ်းနည်းစရာကောင်းတာက ရုံးချုပ် အဆောက်အအုံကြီးနှစ်ခုမှာ တစ်ခုက သမိုင်းမှာ တန်ဖိုးရှိလှတဲ့ အဆောက်အအုံကြီးပါ။ ထိုစဉ်က သုံးထပ် အဆောက်အအုံကြီးအဖြစ် ရည်မှန်းသော်လည်း သစ်သား အဆောက်အအုံကြီး တစ်ခု ဆောက်ခဲ့ပါတယ်။ တစ်ခန်းတစ်ခန်းကို သစ်တစ်မျိုးစီနဲ့ ဆောက်ခဲ့တာမှာ နှစ်ပေါင်း ၇၀/၈၀ နှစ်လောက်ရှိနေပါပြီ။ နေ့ချင်းညချင်း အင်မတန်ရှားပါးတဲ့ အဆောက်အအုံကြီး ပျောက်ကွယ်သွားခဲ့ပါပြီကော။ နိုင်ငံတော်က ဘတ်ဂျက်အများဆုံးယူပြီး တိုင်းပြည်အတွက် အရေးကြီးဆုံး ကာကွယ်ရေးအတွက် သုံးဖို့။ ဒါပေမဲ့ တစ်ပြည်လုံး ပညာရေး၊ ချွတ်ခြုံကျ၊ တောကြိုအုံကြား ခြားနေကြတာ။ သူတို့ကတော့ ခမ်းနားကြီးကျယ်ဆုံး နေနိုင်ခဲ့ပြီး အများအပြားအရာရှိတွေ မွေးထုတ်ခဲ့။ ထားစရာမရှိ ပညာရေး ဆက်ထုတ်၊ နိုင်ငံခြား ပညာတော်သင်တွေလွှတ်၊ ခုနောက်ဆုံးတော့ ဌာနတွေ မိုးကျရွှေကိုယ်တွေ လွှတ်ပြီး အုပ်ချုပ်ရေး ထိန်းသိမ်းလိုက်ကြပါတော့တယ်။ နှစ်ပေါင်း ၅၀ ကျော် သူတို့လုပ်သမျှ ကန့်ကွက်တာမရှိ။ ဘယ်သူမှလည်း မပြောရဲကြဘူးလေ။ တာဝန်ရှိဆိုတဲ့သူတွေကလည်း သူတို့လွှတ်ထားတာကလား။ ရွေးကောက်ပွဲကြည့်၊ ကြိုတင်မဲ တောင်းချင်သလောက်တောင်း၊ ရှေ့တန်းထွက်ဖို့တဲ့။ တကယ်ရှေ့တန်းမှာက ဘယ်သူတွေ မဲလာပေးနိုင်ကြမှာတဲ့လဲ။ အိမ်ထောင်စုတွေတောင် ပါသေးဆိုပဲ။
မရနိုင်တော့ဘူး ဆရာတို့ရေ၊ သေနတ်နဲ့ချိန် မြို့ထဲရွာထဲက လူတွေခေါ်လာခဲ့၊ မဲရုံ လွှတ်ရမယ် ထင်သလား။ အချိန်ကျလာပြီးဆိုတော့ ပြည်သူအားလုံးရဲ့ ဆန္ဒ။ ဆရာကြီးတို့ ဆရာကြီးတို့ မိသားစုတွေတောင် အားလုံး သေချာကြရဲ့လား။
ခေါင်းဆောင်ကြီး လေးယောက်ကတော့ အင်မတန်ကောင်းနေပါပြီ။ သူတို့တိုင်းပြည်အတွက်ဆိုတာနဲ့ ညှိတော့မှာပါ။ တိုင်းပြည်သမိုင်း သူတို့သမိုင်းဒီအချိန်မှာ ပေါ်လာတော့မှာ။ ဒီအချိန်မှာ အားလုံးညီညီညွတ်ညွတ်နဲ့ မရုန်းကြရင်တော့ တိုင်းပြည် မွဲသထက်မွဲ၊ ဆင်းရဲသထက် ဆင်းရဲ၊ ပျက်တော့မှာလားပဲ။ အားလုံးအားလုံး အခုချိန်မှာ ဝိုင်းဝန်း တာဝန်ခံကြ တာဝန်ယူကြစေချင်တာ ပြည်သူအားလုံးဆန္ဒပါ။ ဗုဒ္ဓအလိုကျ အမြင်ရှင်းရှင်းနဲ့ လုပ်ကိုင်ကြဖို့ ပထမဆုံးလိုပါတယ်။ ဒါကတော့ မှားခဲ့တာရှိရင်-
(၁)     ဝန်ခံ
(၂)     ခွင့်လွှတ်ဖို့ တောင်းပန်
(၃)     ပြည်သူကလက်ခံ
(၄)     ဖြစ်ခဲ့သမျှ အားလုံးမေ့ပျောက်

အဲ...အားလုံး ပူးတွဲ အားကုန်လုပ်ကြဖို့ပဲ။ အမှားမြင်အမှန်ပြင်တာ ပညာရှိ လူတော် လူကောင်းအလုပ်ပါ။ အားလုံး ပြည်သူပြည်သားချင်း ချစ်ကြ၊ ခင်ကြ၊ ဒီဘဝကြီးက ရုန်းထွက်ကြဖို့ပါ။ ဝန်ကြီးချုပ်ဦးနုကို လူတိုင်းချစ်ကြတာပါ။ သူအုပ်ချုပ်ခဲ့တာ ကြာလာတော့ မင်းတရားကြီးလို့ စွပ်စွဲလာကြတယ်။ ခုတင်မယ့် ခေါင်းဆောင်ကိုတော့ လူတိုင်းချစ်ခင်ကြည်ညိုကြလို့ ယုံမှတ်လို့ ပုံအပ်ကြမှာပါပဲ။ သူ့အပြင်ကို ဘယ်သူကိုမှလည်း မမြင်ကြဘူး။ ဒါပေမဲ့ ပြည်သူအားလုံးက နောက်တစ်ကြိမ် အာဏာရှင်၊ စစ်အာဏာရှင်၊ ကွန်မြူနစ်အာဏာရှင် ဘာအာဏာရှင်မှ လုံးဝလုံး၀ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူးဆိုတာ။
           နေမင်းပေါ်ပါပြီ
          အမေမဟုတ် အမေခေါ်ကြ
          ငါကတော့ ညီမ
          သူ့ကိုချစ်ကြ ရိုသေကြ အားကိုးကြ
          သူ့အဖေကမွေး သူ့သွေးစစ်စစ်
          ဒို့အားလုံး ချစ်ကြပေသကို
          အဖေက
          နယ်ချဲ့လက် လွတ်လပ်စေသလို
          သူက စစ်ကျွန်ဘဝ
          လွတ်မြောက်စေမည်ဆို
          နှစ်ငါးဆယ်ကြာ ကျွန်ဘ၀ မှောင်ချခဲ့ကြ
          အမေကိုတ ညီမလို့ခေါ် ဒို့အားကုန်အော်
          အရှေ့ဆီက ရောင်နီထွက်ပေါ်
          လင်းကြက်ဆော်ပြီ
          ကြယ်နီထွက်ပေါ် နေမင်းပေါ်ပြီ
          ဒို့အားလုံးအောင်ပြီဟေ့. . .အောင်မည်။

Most Read

Most Recent