မေတ္တာထမင်းဝိုင်း

မေတ္တာထမင်းဝိုင်း
Published 23 November 2015
မျိုးကို

ပတ္တမြားမြေဟု ခေါ်သော မိုးကုတ်မြို့သို့ ၂၀၀၆၊ နိုဝင်ဘာမှာ ကျွန်တော် ရောက်ခဲ့သည်။ ဟိုး မြန်မာပြည် မြောက်ဖျားက ပူတာအိုမြို့မှာ နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ပြီးနောက် တောင်ပေါ်က ဆင်းလာသူကို အမောပြေဆေး တိုက်ကျွေးခြင်း။
တကယ်တော့ မိုးကုတ်သည်လည်း တောင်ပေါ်မြို့သာလျှင် ဖြစ်သည်။ ပူတာအိုက တောင်တွေကာ ရံထားသလို မိုးကုတ်ကလည်း တောင်တွေ ဝန်းရံထားတာပါပဲ။ အေးတာချင်းလည်း သိပ်မကွာလှ။ ပူတာအိုက ပင်လယ် ရေမျက်နှာပြင်အထက် သိပ်မမြင့်သော်ငြား ရေခဲတောင်အရှိန်ကြောင့် အေးသလို မိုးကုတ်ကတော့ မြင့်လွန်းလို့ချမ်း၏။ ပူတာအိုမှာ ကချင်၊ ရဝမ်၊ လီဆူး၊ ရှမ်းလူမျိုးစုံသလို မိုးကုတ်မှာလည်း ရှမ်း၊ ပလောင်၊ လီဆူး၊ ဂေါ်ရခါးတို့ ရှိသည်။ ကွာသည်က ပူတာအိုမှာ လေယာဉ်ခရီးဖြစ်ပြီး မိုးကုတ်ကတော့ မန္တလေးမှ မော်တော်ကားဖြင့် နေ့ချင်းပြီးရောက်သည်။ မိုးကုတ်က ကမ္ဘာကျော် ပတ္တမြားထွက်ပြီး ပူတာအိုကတော့ ကြိမ်နှင့် ရွှေအနည်းအကျဉ်းသာ ထွက်၏။ ယခုအချိန်မှာတော့ မိုးကုတ်မှာ ကျောက်ထွက်နည်းသွား သလို ပူတာအိုမှာလည်း ကြိမ်တွေ မျိုးသုန်းကုန်ပြီလား မသိ။
တောင်ပေါ်မြို့ပီပီ လမ်းက တော်တော်ကလေး အကွေ့အကောက် များသည်။ မန္တလေး - ပြင်ဦးလွင် လမ်းမှာ သုံးထပ်ကွေ့နှင့် ခြောက်ထပ်ကွေ့လောက်သာ သိသာထင်ရှားသည့် အကောက်အကွေ့ရှိသော်လည်း  မန္တလေး-မိုးကုတ်လမ်းကတော့ အကွေ့တစ်ထောင် ရှိသည်ဟုဆိုသည်။ အကွေ့တစ်ထောင်အထိ ရှိ၊ မရှိ သေချာ မသိသော်ငြား အကွေ့အကောက် များသည်ကတော့ ဧကန်။ ကားမူးတတ်သူတွေကို အတက်မဟုတ်လျှင်တောင် အဆင်းမှာတော့ ကောင်းကောင်း ပညာပြသည့် လမ်း။
မိုးကုတ်သူ၊ မိုးကုတ်သားတွေက လှတောနွှယ်သည်ဟုဆိုလျှင် လွန်အံ့မထင်။ မိုးကုတ် ဝက်သားနှပ် စားကောင်းကြောင်း ပြောတော့ တခြားဒေသသို့ အလှူအတန်း သွားပေးတာတောင်မှ မိုးကုတ်ဟင်း နာမည်ပျက်မည် စိုးသဖြင့် မိုးကုတ်ကရေပါ တစ်ပါတည်း သယ်လာရသည်တဲ့လေ။ မိုးကုတ်မှာ အနေကြာ လာတော့ ရင်းနှီးလာသည့် မိတ်ဆွေတွေက ပူတာအိုနှင့်မိုးကုတ်ဘယ်က ပိုအေးသလဲ မေးကြသည်။ ကျွန် တော်က မယုတ်မလွန် သိပ်မကွာပါဘူးပြောတော့ ကျေနပ်ချင်ပုံမရ။ မိုးကုတ်လောက်တော့ မအေးနိုင်ပါဘူးတဲ့။ “မယုံရင် ပူတာအိုတစ်ခေါက်လောက် သွားကြည့်လိုက်ပေါ့”ဟု အငေါ်တူးပစ်လိုက်ချင်သည်။
သူတို့ကဲလွန်း၊ သဲလွန်းသည်မှာလည်း အပြစ်တော့မဆိုသာ။ တကယ်တော့ ကျွန်တော်ရောက်သည့် အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မိုးကုတ်က စီးပွားကျစ ပြုနေပြီ။ သို့တိုင် လှူကြ၊ တန်းကြသည်က အလှူရေစက် လက်နှင့်မကွာ။ တန်ဆောင်မုန်းလ ရောက်ပြီဆိုလျှင် ကထိန်အလှူပွဲတွေက စဉ်ဆက်မပြတ်။ စဉ်ဆက်မပြတ်ဆို၍ ကထိန်ပွဲကို အဖြစ်သဘောလောက်သာ ဝတ်ကျေတမ်းကျေ လုပ်ကြခြင်းမျိုး မဟုတ်။ ခမ်းခမ်းနားနားလုပ်၊ ရက်ရက်ရောရော လှူပြီး အလျှံပယ် ကျွေးမွေးကြခြင်း ဖြစ်သည်။
ကထိန်လှည့်ရာမှာလည်း အခြားမြို့တွေနှင့် လားလားမျှမတူ။ ကျန်သည့်အချိန်မှာ ခင်ညွန့်ရည် သီချင်းကို နားထောင်ချင်မှ နားထောင်မည်။ ကထိန်လှည့်တွေမှာတော့ ခင်ညွန့်ရည် သီချင်း မပါလျှင်မပြီး။ အထူးသဖြင့် “ဒါဒို့တိုင်း ဒို့ပြည် ဒို့မြန်မာတွေ” အစချီသည့် “ဇာတိမာန်”သီချင်း။ ကထိန်ပွဲနှင့် ဆိုင်တာ၊ မဆိုင်တာထက် ဒီသီချင်း သံကြားလျှင် စိတ်တွေ လန်းဆန်း တက်ကြွ လာသည်ကတော့ အမှန်။ နယ်ချဲ့တော်လှန်ရေးကာလမှာ မိုးကုတ်က မခေခဲ့သလို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း မိုးကုတ်တစ်မြို့လုံး ရွှေဝါရောင်တွေ လွှမ်းနေခဲ့တာကို မှတ်မှတ်ရရ ဖြစ်နေသည်။
ဒီသို့ ဘာသာရေးရော နိုင်ငံရေးပါ မနိမ့်ကျသည့် မြို့ကလေးကို ရောက်သည့်အချိန်မှာ ဆောင်းဦးပေါက် ဖြစ်စေကာမူ မြို့သူမြို့သားတွေက ကျွန်တော်တို့မိသားစုအား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။ မိုးကုတ်ဆောင်းက အေးစက်သော်ငြား မိုးကုတ်သူ၊ မိုးကုတ်သားတို့၏ အပြုံးကတော့ နှလုံးအိမ်ကို လန်းဆန်း တက်ကြွစေခဲ့သည်။ စကားပြောတိုင်း ‘ဗျ’ တို့၊ ‘ရှင့်’ တို့နှင့် အဆုံးသတ်လေ့ရှိသည့် ချစ်စဖွယ် အလေ့အထများ။ ပိုက်ဆံနွမ်းလျှင် နွမ်းသည်၊ စုတ်သည်ဟု မပြောဘဲ “ပိုက်ဆံက မလှဘူး”တဲ့။ မိုးကုတ်သူ၊ မိုးကုတ်သားတွေက ယဉ်ကျေးသိမ်မွေ့နိုင်လွန်းသည်။       
မြို့သူမြို့သားတွေက နွေးထွေးသလို ဆေးရုံဝန်ထမ်းတွေကလည်း ကျွန်တော်တို့မိသားစုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ဆေးရုံဝင်းနှင့် မလှမ်းမကမ်း ၁၀ ခန်းတွဲ ဝန်ထမ်းအိမ်ရာမှ အခန်းကလေးက မိုးကုတ်ရောက်မှ ထပ်တိုးလာသည့် သားငယ်အပါအဝင် မိသားစု လေးယောက်အတွက် မကျဉ်းလွန်း မကျယ်လွန်းဖြင့် အနေတော်ပါပဲ။ ဘေးအခန်းတွေမှာ ဝန်ထမ်းတွေက တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေသည်ဆိုတော့ နောက်ဆံ တင်းစရာမလိုဘဲ ဆေးရုံသို့ သွားနိုင်သည်။
ဆေးရုံရောက်တော့ ဝန်ထမ်းတွေက မီးသွေးမီးဖိုကိုယ်စီဖြင့် ကျွန်တော့်ကို ဆီးကြိုနှင့်၏။ ဆောင်းဝင်စ ဆိုသော်ငြား မိုးကုတ်က တော်တော် လေးအေးနေပြီ။ ခုတင် ၁၀၀ ဆေးရုံရှိရာ မိုးကုတ်အရှေ့ပိုင်းထက် ကျပ်ပြင်ဟုခေါ်သော မိုးကုတ်အနောက်ပိုင်းက ပိုအေးသည်ဟုဆိုသည်။ ဟုတ်လည်း ဟုတ်မှာပါပဲ။ အရှေ့ ပိုင်းနှင့် ရှစ်မိုင်ခန့်သာဝေးသည့် ကျပ်ပြင်က ပင်လယ်ရေမျက်နှာပြင် အထက် ပိုပြီးမြင့်သည်ကိုး။ ဒီဇင်ဘာ အကုန် ဇန်နဝါရီလဆန်းလောက်မှာ ကျပ်ပြင်ကို သွားစဉ် လမ်းဘေးမြက်ခင်းတွေနှင့် အိမ်ခေါင်မိုးတွေပေါ်မှာ ဖြူလွလွ နှင်းပွင့်ကလေးတွေကို တွေ့မြင်ခဲ့ရဖူးသည်။
ကျပ်ပြင်မှာ တိုက်နယ်ဆေးရုံသာရှိသည်မို့ ရောဂါနည်းနည်း ပြင်းလာသည်နှင့် လူနာတွေက အရှေ့ ပိုင်းဆေးရုံသို့ ရောက်လာကြသည်။ ကိုယ်ထူကိုယ်ထ ဆေးရုံသစ်ကြီးက တည်ဆောက်ပြီးစီးခါစ။ အထူးကု ဆရာဝန်များလည်း ရှိသည်ဆိုတော့ လူနာတွေ အားကိုးရှာကြသည်ပေါ့။ ရောဂါတွေကတော့ မြန်မာပြည်၏ ကျန်သည့် နေရာများလိုပါပဲ။ တီဘီ၊ ငှက်ဖျား၊ ဆီးချို၊ သွေးတိုး။ တစ်ခါတစ်ရံ သပိတ်ကျင်း နယ်ဘက်မှ ရွှေ လုပ်သားတွေ သွေးအားနည်း ရောဂါဖြင့် ရောက်လာတတ်ကြသည်။ ရောဂါအနေဖြင့်ကြည့်လျှင် မိုးကုတ် သည်လည်း လူပေါင်းစုံသည့်ဒေသ ဆိုတော့ ခေတ်မီသည့်အထဲမှာပါ၏။
ရုံးချိန်မှာ ဆေးရုံက အတွင်းလူနာတွေ ကြည့်ပြီး ရုံးချိန်ပြင်ပမှာ စားဝတ်နေရေးအတွက် ကိုယ်ပိုင် ဆေးခန်း ထိုင်ရသည်။ ကိုယ်ပိုင် အားလပ်ချိန် နည်းသွားသော်ငြား ပူတာအိုမှ ဆင်းလာသူအတွက်တော့ မိုးကုတ်က အတော်ကလေး နေသာထိုင်သာရှိပါသည်။ လျှပ်စစ်မီးက မြန်မာပြည် စံချိန်မျှသာဖြစ်ပေမယ့် တောင်ကျရေ အေးအေးလေးကတော့ ချိုးလိုက်တိုင်း ရင်ကို လန်းဆန်းစေသည်။ လေအေးစက် မလိုသည့် အေးမြမြရာသီဥတုဝယ် သာယာလှပသည့် ရှုခင်းများကို ခံစားရသည်မှာ ရင်သပ်ရှုမောဖွယ်အတိ။
အေးမြသည့် ရာသီဥတုကြောင့်လားမသိ။ မိုးကုတ်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရသည့် ရက်တွေက စိတ်ချမ်းမြေ့ဖွယ်သာလျှင် ဖြစ်သည်။ အလုပ်လုပ်ကြသည်မှာ အခိုအပျက်၊ အတွက်အကတ် မရှိ။ ပီဘိ မိသားစု စိတ်ဓာတ်မျိုး။ ဝန်ထမ်းတစ်ဦး၏ အားနည်းချက်ကို လူရှေ့သူရှေ့မရှောင် ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ဘဲ လုပ်ဖွယ်ဆောင်တာ မှန်သမျှကို ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြသည်။ ပီတိကိုစား၍ အားမပြည့်သော်ငြား ရှိတာလေးနှင့် လှအောင်ဝတ်ပြီး စိတ်ချမ်းမြေ့မှုကို ရှာဖွေ ခဲ့ကြသည်။
ကြည်နူးချမ်းမြေ့ဖွယ် ဆေးရုံလေးမှာ နေလို့မဝသေးခင် ရာထူးတိုးဖြင့် လွိုင်ကော်သို့ ပြောင်းရသည်။ ကျွန်တော်ပြောင်းမည်ဆိုတော့ ဝန်ထမ်းတို့၏မျက်နှာမှာ ဝမ်းနည်းရိပ်ကို တွေ့ရ၏။ အချို့လည်း မျက်ရည်ဝဲကြပေါ့။ လေးနှစ်ကျော်နေလာသော ချစ်စဖွယ် ဆေးရုံလေးကို မခွဲချင်လျက် ခွဲရပေဦးမည်။            “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ”ဟုပဲ ပြောရမလား။ ဝန်ထမ်းပီပီ အချိန်တန်လျှင် ပြောင်းရမည်ကို သိပါလျက် ခြေထောက်တွေက ဆုတ်ဆိုင်းနေခဲ့သည်။
ပြန်လည် စဉ်းစားမိတိုင်း ကြည်နူးမိသည့် နှုတ်ဆက်ပွဲကတော့ ပြောင်းရွှေ့မိန့် ထွက်စဉ်ကတည်းက စတင်သည့် ထမင်းဝိုင်းတွေ။ ပြောင်းရမည်ကြားတော့ ဆရာမတွေ၊ ဆရာထီးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကျွန်တော်တို့ မိသားစုကို ထမင်းဖိတ်ကျွေးပြီး လက်စွမ်းပြကြသည်။ ချက်ကျွေးသည်ကလည်းကျွန်တော် ကြိုက်သည့် အညာထမင်းဟင်းတွေ။ ဒီတော့မှပင် ကိုယ့်ဆရာမတွေ ဘယ်လောက် ဟင်းချက်ကောင်းသလဲ ဆိုတာ သိလာရသည်။ ကျွန်တော်သာ ပြောင်းလာရသည်။ ထမင်း ဖိတ်ကျွေးမည့်သူက မကုန်သေး။
အခုဆိုလျှင် မိုးကုတ်မှ ကျွန် တော်ပြောင်းလာသည်မှာ လေးနှစ်ကျော်ပြီ။ သို့တိုင် မေတ္တာဖြင့် နှုတ်ဆက်ခဲ့ကြသည့် ထမင်းပွဲတွေကို ကြည်နူးစွာ အမှတ်ရနေဆဲ။ မေတ္တာဟူသည် အလျားအနံမရှိသော်ငြား အသွားအပြန် ရှိတတ်သည့် သဘောကို ကျွန်တော် ကျေကျေနပ်နပ်ကြီး ခံစားခဲ့ရပြီးပြီ။ မေတ္တာပေး၍ ပြန်လည် တုံ့ပြန်လာခဲ့သော မေတ္တာထမင်းဝိုင်းတွေကို ဒီတစ်သက် မေ့စရာမမြင်၊ ရင်ထဲမှာ တသသ ဆွတ်ကြင်လျက်။
လွမ်းရပါသော်ကော မိုးကုတ် ရယ်…။

Most Read

Most Recent