ပြည်နယ်အချို့တွင် တိုင်းရင်းသားဘာသာစကား အခက်အခဲနှင့် အထွေထွေ ကုန်ကျစရိတ်များကြောင့် အတန်းပညာ ဆုံးခန်းမတိုင်မီ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်အများအပြားရှိနေဟုဆို

ပြည်နယ်အချို့တွင် တိုင်းရင်းသားဘာသာစကား အခက်အခဲနှင့် အထွေထွေ ကုန်ကျစရိတ်များကြောင့် အတန်းပညာ ဆုံးခန်းမတိုင်မီ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်အများအပြားရှိနေဟုဆို
Published 22 November 2015
ထွယ်ဆန်အောင်

ပြည်နယ်အချို့တွင် တိုင်းရင်းသားဘာသာစကား အခက်အခဲနှင့် အခြားအထွေထွေ ကုန်ကျစရိတ်ကောက်ခံမှုများကြောင့် အတန်းပညာ ဆုံးခန်းမတိုင်မီ ကျောင်းထွက်လိုက်ရသည့် ကလေးငယ်အများအပြားရှိကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။
 
အစိုးရအနေဖြင့် အခမဲ့ပညာရေးစနစ် ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ကျောင်းတွင်းတွင် အထွေထွေငွေကြေးများ ကောက်ခံနေခြင်းနှင့် ဆရာမအချို့အနေဖြင့်လည်း ကျူရှင်စရိတ်များ ကောက်ခံမှုများရှိနေပြီး ပညာရေးစနစ်မှာလည်း အလွတ်ကျက် ပညာရေးစနစ်သာဖြစ်နေခြင်းကြောင့် စာမကျက်နိုင်သည့် ကလေးများအနေဖြင့် ကျောင်းထွက်လိုက်ရသည့် အခြေအနေများစွာ ရှိနေကြောင်းနှင့် ယင်းပညာရေးစနစ်ကို ကျောင်း သားအသိဉာဏ်ဗဟိုပြုစနစ်ဖြင့် လုပ်ဆောင်ရန် လိုအပ်နေသည့်အတွက် ၎င်းတို့အနေဖြင့် လွှတ်တော်ထဲရောက်ရှိပါက ကလေးငယ်များနှင့် ပတ်သက်သည့် ပညာရေးစနစ်မြှင့်တင်ရန် ကနဦးဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အခြေခံပညာမှစတင်ကာ တိုင်းရင်းသားဘာသာစကားများအား ထည့်သွင်းသင်ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အချို့မှ လွှတ်တော် ကိုယ်စားလှယ်များက အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များအခွင့်အရေးနေ့တွင် ကလေးငယ်များနှင့်တွေ့ဆုံစဉ် ကတိပြုခဲ့ကြသည်။
 
“ကျွန်မတို့ ရှမ်းပြည်မှာဆိုရင် တောထဲ တောင်ထဲနေနေရတဲ့ကလေးတွေဆိုရင် မြန်မာစာ၊ မြန်မာစကားကို နားမလည်ကြပါဘူး။ အိမ်မှာနေရင် ရှမ်းလိုပြောပြီး ကျောင်းရောက်တော့ မြန်မာလိုပြောတယ်။ ဘာသာစကားဆိုတဲ့ အုတ်တံတိုင်းကြီးတစ်ခုက ခြားနေတော့ ကလေးတွေ ဘယ်လိုပဲကြိုးစားနေပေမယ့် ဘာသာစကား နားမလည်လို့ လေးတန်းလောက်နဲ့ ကျောင်းထွက်ရတာတွေ အများကြီးရှိပါတယ်။ အခု ရှမ်းပြည်မှာ စစ်ပွဲတွေဖြစ်နေတော့ ကလေးတွေကျောင်းမတက်ရဘူး။ နဂိုကမှ ဘာသာစကားအုတ်တံတိုင်း ခြားနေပါတယ်ဆိုမှ အခုလိုစစ်ပွဲတွေဖြစ်တော့ ပညာရေးကို အဆင့်မြှင့်ဖို့ ဘယ်လိုလုပ်နိုင်မလဲ။ပြီးရင် အခမဲ့ပညာရေးလို့ပြောပြီး ကထိန်ကြေး အာစရိယပူဇော်ကြေး အချိန်ပိုကြေးတွေပေးနေရတော့ တချို့မပေးနိုင်တဲ့ ကလေးတွေကျတော့ ကျောင်းထွက်နေရတာတွေ ရှိတယ်”ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောကြားသည်။
 
ဆက်လက်၍ ရခိုင်အမျိုးသားပါတီ၊ အမ်း နှင့် ရမ်းဗြဲမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကလည်း “တိုင်းရင်းသားဒေသတွေမှာ ဆရာ၊ ဆရာမတွေ လာတယ်။ ဒါပေမဲ့ အဲဒီဆရာမတွေ သင်တဲ့ဟာကို ကလေးတွေကိုယ်တိုင်က နားမလည်ဘူး။ ဘာသာစကား နားမလည်ကြဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေနေတဲ့အတွက်ကြောင့် ကျောင်းမှာ တိုင်းရင်းသားဘာသာစကားကို ငယ်ငယ်ကတည်းက မဖြစ်မနေ သူငယ်တန်းကနေ တက္ကသိုလ်ထိ သင်ကြားပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာကို တက္ကသိုလ်တစ်ခုခုမှာ သင်နိုင်တဲ့အဆင့်ထိ သင်ကြားနိုင်အောင် လွှတ်တော်ကနေပြီးတော့ ဥပဒေပြုဖို့လိုတယ်။ ကျွန်မတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ ပညာရေးစနစ်က အင်မတန်ဆိုးရွားတယ်။ ကျောင်းသားတွေက အလွတ်သင်တဲ့စနစ်နဲ့ ကြီးလာတော့ ကိုယ်ပိုင်ဉာဏ်ကို မသုံးကြတော့ဘဲနဲ့ ကျက်ဖို့ပဲ အားသန်ကြတယ်။ နောက်ပိုင်းကျတော့ စာမရရင် ကျောင်းမတက်ချင်ကြတော့ ကျောင်းထွက်ကုန်ကြတယ်ပေါ့” ဟု ဆိုသည်။
 
မြန်မာနိုင်ငံရှိလူဦးရေ၏ ၃၄ ရာခိုင်နှုန်း မှာ ကလေးငယ်များဖြစ်ပြီး အသက် ငါးနှစ်မှ ၁၈ နှစ်ကြားရှိ ကလေးငယ် ၄ ဒသမ ၄ သန်း ခန့်မှာ ကျောင်းမတက်ကြရတော့ကြောင်း၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားရှိ ကလေးငယ် ၁ ဒသမ ၆ သန်းသည် အလုပ်လုပ်ကိုင်နေရပြီး ၁၀ သန်းသော ကလေးငယ်များမှာ ဆင်းရဲခြင်း သံသရာတွင်နေထိုင်နေရကြောင်း  ၂၀၁၄ ခုနှစ်ကကောက်ယူသည့် သန်းခေါင်းစာရင်းအရ သိရသည်။               

Most Read

Most Recent