ကလိမ်ဉာဏ်ဆင်လို့ မောနေရော့မည်

ကလိမ်ဉာဏ်ဆင်လို့ မောနေရော့မည်
Published 20 November 2015
သဲသီရိကျော်

လူတစ်ယောက်သည် သူ၏ ဘဝတစ်သက်တာ၌ ဂုဏ်သိက္ခာရှိစွာ ရေရှည် ရပ်တည်နိုင်ရန်အတွက် ‘ဉာဏ်ပညာ’ သည် အဓိက အရေးပါဆုံး အရာတစ်ခုဖြစ်သည်ဟု ဖတ်မှတ်ခဲ့ရဖူးသည်။ တကယ်တမ်း ကိုယ်တိုင် လူ့ပတ်ဝန်းကျင်လောက၌ လူအများနှင့် ပေါင်းသင်းဆက်ဆံ ရပ်တည်လာရသည့်အခါ နေရာတကာတွင် ‘ဉာဏ်ပညာ’ ၏ အသုံးဝင်ပုံတို့ကို တွေ့ရှိလာခဲ့ရသည်။ သို့သော် ဉာဏ်ပညာ ဆိုသည်ကား သူ့ဘာသာသူဆိုလျှင် ဂုဏ်သိက္ခာရှိပြီး အင်မတန်မှ တန်ဖိုးကြီးမား လှပါသည်။ ‘ဉာဏ်ပညာ’ရှိသူ တစ်ယောက်တွင် အရာရာကို စဉ်းစားချင့်ချိန် နိုင်ပေသည်။အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိနိုင်ပေသည်။ ဆင်ခြင်တုံတရားနဲ့ ကိုယ်ချင်းစာတရားတို့ ပါဝင်ပြီး ၊ မျှတစွာ စဉ်းစားဆင်ခြင်နိုင်သည့် ဉာဏ်မျိုးရှိသူကို ‘ဉာဏ်ပညာ’ ရှိသူတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ ဒီလို ‘ဉာဏ်ပညာ’အပြင်  မကောင်းသော၊ ယုတ်မာသော၊ အခြားသူတွေကို ထိခိုက်နစ်နာစေရန် ကြံစည် လုပ်ဆောင်တတ်သော၊ ကိုယ်ကျိုးတစ်ခုတည်းအတွက် ကြည့်ပြီး ကိုယ်လိုချင်တာရဖို့ သက်သက်အတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဓာတ်မျိုးဖြင့် လုပ်ချင်ရာလုပ်ဖို့ စဉ်းစားတွေးခေါ် ဆင်ခြင်မှုမပါ၊ အမှားအမှန်၊အကောင်းအဆိုး မခွဲခြား၊ ကိုယ်ချင်းစာနာစိတ် မပါသည့် အခွံသက်သက် ဉာဏ်မျိုးဖြင့် ကြံစည် လုပ်ဆောင်တတ်သူတွေကိုလည်း ‘ကလိမ်ဉာဏ်’ တစ်နည်းအားဖြင့် ကလိမ်ကကျစ်ဉာဏ် ရှိသူဟု သတ်မှတ်ကြသည်။ လောကတွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိသလို လူအမျိုးမျိုး ဉာဏ်အမျိုးမျိုးလည်း ရှိကြသည်။ သဘာဝတရားက လူသားများကို ပေးထားသည့် တန်ဖိုးရှိ ဉာဏ်တွေကိုမှ တချို့က တန်ဖိုးထားစွာ ‘ဉာဏ်ပညာ’ အဖြစ် အသုံးချသလို၊ တချို့မှာတော့ ဉာဏ်ကို အရောင်အမျိုးမျိုး ဆိုးလို့ ကလိမ်ဉာဏ် ဆင်တတ်ကြလေသည်။
ဒီအကြောင်းကို တွေးမိလေတော့ ကျွန်မတို့ ငယ်စဉ်က လူကြီးမိဘတွေ ပြောဖူးသည့် စကားတစ်ခွန်းကို အမှတ်ရမိသည်။ကျွန်မတို့ တစ်စုံတစ်ခုကို လိုချင်သည်ဖြစ်လို့ မိဘထံက လွယ်လွယ်တောင်းလို့ မရနိုင်တော့ဘူးဟု သိရသည့်အခါ ကိုယ်လိုချင်သည့်အရာကို ရရှိဖို့အတွက် ဉာဏ်ဆင်ရတော့သည်။ ထို့ပြင် သူငယ်ချင်းများနှင့်ဖြစ်စေ၊ အခြားသူစိမ်းများနှင့် ဖြစ်စေ ဆော့ကစားကြသည့်အခါ တစ်စုံတစ်ခု ပြိုင်ဆိုင်ကြရသည့်အခါ ကိုယ့်ဘက်က အနိုင်ရလိုစိတ် များပါရက်နဲ့ ကိုယ့်အခြေအနေက ရှုံးသည့်ဘက်ကို ရောက်နေသည့်အခါ အနိုင်ရလိုဇောနှင့် အကောင်းအဆိုး၊ အမှားအမှန်၊ လုပ်သင့်မလုပ်သင့်၊ မစဉ်းစားမချင့်ချိန်တော့ဘဲ တစ်ဖက်လူကို ထိခိုက်စေပြီး ကိုယ်ကိုယ်တိုင် အနိုင်ရဖို့ တစ်ခုတည်းသာ ကြည့်၍ ညစ်ဖို့အတွက် ဉာဏ်ဆင် လုပ်ဆောင်သည့်အခါ လူကြီးတွေက ‘ဒီကလေး ဉာဏ်နီဉာဏ်နက် သိပ်များတယ်’ ဟု ပြောတတ်သည်။ထိုစဉ်က ကလေးတစ်ယောက်ရဲ့ ရှုံးမဲမဲသည့် စိတ်၊ အနိုင်ရလိုစိတ်နှင့် အခြားသူများအပေါ် ညစ်သည်ကို လူကြီးမိဘများက အပြစ်မဆိုသာသော်လည်း ထိုသို့သော မကောင်းသော စိတ်နှင့် မကောင်းသော အကြံဉာဏ်များ ကိန်းအောင်းနေသည့် ‘ဉာဏ်နီဉာဏ်နက်’ ဖြင့် လုပ်ဆောင်မှုများက အသက်အရွယ်တစ်ခု ရောက်လာသည့်အခါမှာတော့ လူကောင်းတစ်ယောက်ကို လူညစ်တစ်ယောက် အဖြစ်၊ ကလိမ်ဉာဏ်ရှိသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားစေနိုင်ပါသည်။ ထိုသို့ သောသူများက မည်သို့ပင် ဟန်ဆောင် ကောင်းစေကာမူ လူအများ၏ ယုံကြည်မှုကို မရရှိနိုင်တော့ပေ။
ထို့သို့သော ကလိမ်ဉာဏ်ဆင်သူတွေ လောက၌ အတော်များပါသည်။ နေရာတကာ၌ ကလိမ်ဉာဏ်ဆင်သူတွေကို တွေ့ရသည်။ ဟိုးအောက်ခြေ သာမန်ကိစ္စတွေမှစပြီး နိုင်ငံ့အရေးကဲ့သို့သော ကြီးမားသည့် ကိစ္စများအထိ ‘ဉာဏ်’ က အတော်လေး တာသွားသည်။သို့သော် ဉာဏ်ပညာပြည့်ဝမှုနဲ့ ဉာဏ်ပညာချို့တဲ့မှုပေါ် မူတည်ပြီး ဉာဏ်ရှိပုံချင်း ကွာခြားသွားသည်။ တချို့အတွက်တော့ တန်ဖိုးရှိသည့် ဉာဏ်ပညာ၊ တချို့အတွက်တော့ ကလိမ်ဉာဏ် ဖြစ်တော့သည်။
၂၀၁၀ခုနှစ် ရွေးကောက်ပွဲပြီး ကာလနောက်ပိုင်းမှာတော့ ‘မိဘပြည်သူများခင်ဗျား’ ဆိုတဲ့ လေသံပျော့ စကားလုံးလေးကို အစချီလို့ ကျွန်မတို့နိုင်ငံ့အရေး ဆောင်ရွက်ပေးမည့် အရပ်သားဝတ်လဲ အစိုးရတစ်ရပ်က နိုင်ငံ့စင်မြင့်ထက်မှာ နေရာယူလို့  ရိုးသားသည့် ပြည်သူများကို ကိုယ့်ဘက်ပါလာအောင်၊ ယုံကြည် လာအောင် သိမ်းသွင်း စည်းရုံးနိုင်ဖို့အတွက်  စကားလုံးတွေ ဖောဖောသီသီသုံးကာ ဟောပြောခဲ့သည်။ ရိုးသားသည့် ပြည်သူများကလည်း အယုံလွယ်ခဲ့ကြသည်။ ထပ်မံ၍ ကတိတွေ အထပ်ထပ်ပေးခဲ့သည်။ ပြည်သူများအား မျှော်လင့်ချက် အိပ်မက်တွေ အကြိမ်ကြိမ်ပေးခဲ့ဖူးသည်။ သို့သော်လည်း စကားလုံးမျှသာ။ ကိုယ်ပြောသည့်စကားများ အတွက်လည်း တန်ဖိုးမထားခဲ့ပါ။ ကိုယ်ပေးသည့်ကတိများ အတွက်လည်း တာဝန်မယူခဲ့ကြပါ။ ရှေ့နောက် မညီသည့်စကားများ၊ လုပ်ဆောင်ချက် အလွဲများစွာတို့နှင့် ဉာဏ်များလာသည့်အခါ ပြည်သူတို့၏ မျှော်လင့်ချက်အိပ်မက်များ ပြိုပျက်ခဲ့ရသည်။ စကားလုံးတွေက မည်သို့ပင် ရှိနေပါစေ၊ ကလိမ်ဉာဏ်ဆင် လုပ်ဆောင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့လာရသည့်အခါ မယုံကြည်မှုနှင့် သံသယတို့က ပြည်သူများရင်ထဲ၌ အမြစ်တွယ်ခဲ့ရပြန်သည်။  ၁၉၆၂ -၂၀၁၀ စစ်အစိုးရ အဆက်ဆက် လက်ထက်တွင် မြန်မာနိုင်ငံ ဆင်းရဲမွဲတေရခြင်း အကြောင်းရင်း လေးချက်ရှိသည်ဟု သုတေသီတစ်ဦးက ဆိုခဲ့ဖူးတာကို စာအုပ်တစ်အုပ်တွင် ဖတ်မှတ်ခဲ့ရဖူးသည်။ ထိုအကြောင်းရင်းလေးချက်မှာ (၁) လက်နက်နှင့် အာဏာကို ပူးတွဲအသုံးပြုခြင်း၊ (၂) တရား ဥပဒေ စိုးမိုးမှုမရှိခြင်း၊ (၃)အာဏာရှင်စနစ် ရှည်ကြာခြင်း၊ (၄) ပညာရေး နိမ့်ကျခြင်းတို့ပင် ဖြစ်သည်။ ထိုသို့သော အကြောင်းတရားများသည် ၂၀၁၀ရွေးကောက်ပွဲ ပြီးသည့်အချိန်မှစ၍ ၂၀၁၅ ခုနှစ်အထိလည်း ကျွန်မတို့နိုင်ငံတွင် တည်ရှိနေဆဲ ဖြစ်လေသည်။ဆင်းရဲမွဲတေမှုကနေလည်း  ပြည်သူများ မလွတ်မြောက်နိုင် သေး။ အာဏာရှင် စစ်အစိုးရလက်ထက်မှာပဲ ရှိနေခဲ့ရပြီး မျှော်လင့်ချက်များ၊ ယုံကြည်ချက်များ အကြိမ်ကြိမ် ရိုက်ချိုးခံခဲ့ရသည်။ ဝေ့လည်ကြောင်ပတ် ကိစ္စတွေများသည်။ ဉာဏ်နီဉာဏ်နက်တွေ များသည်။ တကယ့်ဉာဏ်ပညာကို အသုံးပြု လုပ်ဆောင်ချက်များကိုတော့ မတွေ့ခဲ့ရသလောက်ပင်။
ယခုတော့ ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီးပြီ။ ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ကိုလည်း ရရှိပိုင်ဆိုင်နိုင်တော့မည်။အားလုံးက ပျော်ရွှင်စွာကြိုဆိုကြသည်။ သို့သော်လည်း အာဏာ လွှဲပြောင်းရေး ကိစ္စတွေ ကျန်နေသေးသည်။ ကိစ္စအားလုံးက ဘာမှ ယတိပြတ် မဖြစ်သေးချေ။ ဒီလိုကာလအတွင်းမှာ နောက်ထပ် ဘာတွေ ဖြစ်လာမလဲရယ်လို့လည်း အားလုံးက ရင်တထိတ်ထိတ် ဖြစ်နေရသည်။ ဉာဏ်နီဉာဏ်နက်တွေ ပါလာပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပျက်ပြယ်ကုန်မှာ စိုးသည်။ ယခင်တုန်းကကဲ့သို့ စကားလုံးလှလှလေးတွေသုံး၍ အယုံသွင်းနေတုန်းပဲဟု ခံစားရသည်။ ဆူပူမှုမရှိဘဲ အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးမည်ဟု အကြိမ်ကြိမ် ဆိုနေသော်လည်း ကျွန်မတို့ ပြည်သူတွေမှာ အကြိမ်ကြိမ် ခဲမှန်ခဲ့ဖူးသည့် စာသူငယ်လေးတွေလို ဘယ်အချိန် ဘယ်နေရာကနေ ဘယ်လို ကလိမ်ဉာဏ်ဆင်လို့ ရောက်လာလေဦး မလဲရယ်ဟု စိုးထိတ်နေကြရဆဲ ဖြစ်သည်။ ယခုချိန်မှာတော့ ပြည်သူတွေက ဘာကိုမှအလွယ်တကူ မယုံကြည်ရဲတော့ချေ။ လူတစ်ယောက်ဟာ အချိန်တိုင်းတော့ မမှားနိုင်ပါဘူးဟု ဆိုပေမယ့်လည်း ကျွန်မတို့ ဘာကိုမှ မျက်စိမှိတ် ယုံကြည်စိတ်ချမနေနိုင်၊ မျက်စိဖွင့် နားစွင့်လို့ အခြေအနေကို စောင့်ကြည့်နေကြရဆဲပင်။ ဒီလိုကာလမှာ ကျွန်မတို့တွေ အားလုံးကလည်း စိုးထိတ်မှုတွေနဲ့ စိတ်မောစွာ အခြေအနေတိုင်းကို စောင့်ကြည့်နေကြရသလို တချို့တချို့ တွေကလည်းရတဲ့ အချိန်လေးအတွင်းမှာ ကလိမ်ဉာဏ်ဆင်လို့ မောနေပေရော့မည်။

Most Read

Most Recent