ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူများအား သာကေတမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူများအား သာကေတမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ် ရမန်ယူ
Published 13 November 2015
ကြည်နိုင်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းအား ဓားဖြင့် တိုက်ခိုက်ခဲ့သူများအား သာကေတမြို့နယ် တရားရုံး၌ နိုဝင်ဘာ ၁၃ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်ချုပ်ရက် ရမန်ယူခဲ့ကြောင်း သိရသည်။
ရုံးထုတ်မည့်အချိန်အား သက်ဆိုင်ရာ တရားသူကြီးကို သွားရောက် မေးမြန်းရာတွင် ညနေ ၄ နာရီခန့်မှသာ ပြုလုပ်လိမ့်မည်ဟု ဖြေကြားခဲ့သော်လည်း အမှန်တကယ် ရုံးထုတ်ရာတွင် နေ့လယ် ၂ နာရီခန့်တွင် ရုံး ထုတ်သွားခဲ့ကြောင်း သိရသည်။ 
ဦးနိုင်ငံလင်းအပါအဝင် သာကေတမြို့နယ် NLD ပါတီမှ ဦးကျော်သူတွင်လည်း ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ပြီး ကျူးလွန်သူများမှ ဇော်လတ်(ခ)အောင်ဇော်လတ်၊ ထက်ကို(ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့ ဖြစ်ပြီး ၎င်းတို့သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားသည်။ 
အဆိုပါ ပြစ်မှုပုဒ်မများမှာ ၃၂၆/၃၂၃/ ၂၉၄/၁၁၄ တို့ဖြင့်  ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ပထမအကြိမ် ရုံးထုတ်ချုပ်ယူခဲ့ပြီး တတိယအကြိမ် ရုံးထုတ်မှုအား နိုဝင်ဘာ ၂၀ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။ 
ဖြစ်စဉ်မှာ ရွေးကောက်ပွဲ မကျင်းပမီ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖျော်ဖြေရေး အလှပြယာဉ်ဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သာကေတမြို့နယ်အတွင်း လှည့်လည် ဖျော်ဖြေနေစဉ် မာန်ပြေရပ်ကွက် (၉) လမ်းထိပ် အရောက်တွင် ဇော်လတ်က ငှက်ကြီးတောင် ဓားဖြင့် လည်းကောင်း၊ ထက်ကို (ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့က တုတ်ကိုင်ဆောင်၍ လည်းကောင်း ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်၊ ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ             မဲ ဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော်အမှတ် (၁)တွင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။               

Most Read

Most Recent