ကြိုတင်မဲပေးရေး လုပ်ငန်းတွင် ကောင်းမွန်စွာ စီမံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ကြောင်းနှင့် စစ်တပ်နယ်ပယ်အတွင်း မဲဆန္ဒနယ် ပြင်ပကြိုတင်မဲပေးမှုကို လေ့လာခွင့် မရရှိခဲ့ကြောင်း EU ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ပြောကြား

ကြိုတင်မဲပေးရေး လုပ်ငန်းတွင် ကောင်းမွန်စွာ စီမံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ကြောင်းနှင့် စစ်တပ်နယ်ပယ်အတွင်း မဲဆန္ဒနယ် ပြင်ပကြိုတင်မဲပေးမှုကို လေ့လာခွင့် မရရှိခဲ့ကြောင်း EU ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ပြောကြား
Published 10 November 2015
ထက်ရှိုင်း

ကြိုတင်မဲပေးရေးလုပ်ငန်းတွင် ကောင်းမွန်စွာ စီမံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ကြောင်းနှင့် စစ်တပ် နယ်ပယ်အတွင်း မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုကို လေ့လာခွင့် မရရှိခဲ့ကြောင်း ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ (EU EOM) က ပြောကြားသည်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် EU EOM လေ့လာမှု ပဏာမ ကြေညာချက်ကို နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
“ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်မှာတော့ ကောင်းမွန်စွာ စီမံမှု အားနည်းခဲ့သလို ပွင့်လင်း မြင်သာမှုမှာလည်း အားနည်းခဲ့ပါတယ်။ ဥပမာအားဖြင့် လေ့လာခွင့် ရရှိမယ်လို့ ကနဦး ပြောကြားခဲ့ပေမယ့် စစ်တပ်နယ်ပယ် အတွင်းက မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေကို ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာသူတွေ လေ့လာခွင့် မရခဲ့ပါဘူး” ဟု EU EOM လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောကြားသည်။
EU EOM အနေဖြင့် မဲပေးသူများ စာရင်း၊ မဲရုံစာရင်းနှင့် ကြိုတင်မဲပေးမှု လုပ်ငန်းများဆိုင်ရာ သတင်းအတိအကျကို အချိန်နှင့် တစ်ပြေးညီ ရရှိရန်အတွက် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဥရောပသမဂ္ဂအကြား လက်မှတ် ရေးထိုးထားသည့် သဘောတူ နားလည်မှု စာချွန်လွှာတွင် ခွင့်ပြုရန် ပါရှိသည့်အပြင် ကာကွယ်ရေးဦးစီးချုပ်ကလည်း စောင့်ကြည့် လေ့လာသူများကို ခွင့်ပြုမည်ဟု အာမခံထားသော်လည်း တပ်မတော်သားများ စစ်တန်းလျားများတွင် ကြိုတင်မဲပေးခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ကြောင်း၊ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး မစ်ရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် ကိန်းဂဏန်းများ တောင်းခံခဲ့သော်လည်း ယခုအချိန်အထိ မရရှိသေးကြောင်း EU EOM ၏ ပဏာမကြေညာချက်တွင် ဖော်ပြထားသည်။
EU EOM ၏ ပဏာမကြေညာချက်တွင် နိုင်ငံရေးပါတီများအနေနှင့် လွတ်လပ် ငြိမ်းချမ်းစွာ မဲဆွယ်စည်းရုံးနိုင်ခဲ့သော်လည်း ဘာသာရေးနှင့် လူမျိုးရေးကို ရည်ညွှန်းခဲ့သည့် ရဲရဲတောက် မိန့်ခွန်းများကြောင့် စိုးရိမ်မကင်းဖွယ်ဖြစ်ခဲ့ကြောင်း၊ ကြိုတင်မဲပေးရေး လုပ်ငန်းတွင် ထိန်းချုပ်မှု လျော့နည်းပြီး ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပဏာမကြေညာချက်၏ မဲထည့်ခြင်းနှင့် မဲရေတွက်ခြင်း အကြောင်းအရာတွင် ကြိုတင် မဲပေးသည့်ကိစ္စများတွင် ပြဿနာ ပိုရှိကြောင်း၊ မဲရေတွက်ရာတွင် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသည်ကို သော်လည်း မဲရုံတစ်ရုံချင်းစီအလိုက် မဲရေတွက်ပုံချင်း မတူသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က မဲအနိုင်အရှုံးစာရင်းကို အဆင့်ဆင့် ထုတ်ပြန် ကြေညာပေးခြင်းမှာ အပြုသဘောဆောင်ကြောင်း ဖော် ပြထားသည်။
အဆိုပါ ကြေညာချက်တွင် မဲပေးလုပ်ငန်းစဉ်များတွင် ၉၄ ရာခိုင်နှုန်းသည် ကောင်း မွန်ကြောင်း ဥရောပသမဂ္ဂ စောင့်ကြည့်လေ့လာသူများက သတင်းပေးပို့ခဲ့ကြကြောင်း၊ ခုနစ်ရာခိုင်နှုန်းသော မဲရုံများတွင် မဲစာရင်း နာမည်မပါမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံသားတွေဟာ သူတို့ ဒီမိုကရေစီကို လိုလားတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒါဟာ လုပ်ငန်းစဉ် အစပိုင်းပဲ ရှိပါသေးတယ်။ ဥရောပပါလီမန်ဟာ စွမ်းရည် တည်ဆောက်ရေး လုပ်ငန်းပိုင်းတွေနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုတွေ၊ စောင့်ကြပ် ကြည့်ရှုမှုတွေမှာ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ အားလုံးပူးပေါင်း ပါဝင်နိုင်မှုနဲ့ မတူကွဲပြားမှုတွေကို လက်ခံ ထွေးပိုက်နိုင်တာလို့ ယုံကြည် ပါတယ်”ဟု ဥရောပပါလီမန် အဖွဲ့ခေါင်းဆောင် Ana Gomes က ပြောကြားသည်။
EU EOM ၏ ပဏာမ ကြေညာချက်တွင် မဲဆွယ် စည်းရုံးစဉ် ကာလအတွင်း အချို့သော နိုင်ငံရေးပါတီများနှင့် မဘသအဖွဲ့က အမျိုးဘာသာ စောင့်ရှောက်ရေးကို ရှေ့တန်းတင်ခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်းနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေးတွင် ဘာသာရေး အသုံးချမှုကို တားမြစ်ထားကြောင်း ဖော်ပြထားသည်။

Most Read

Most Recent