ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် နိုင်ငံသားတို့၏ စာရိတ္တသီလကို စောင့်ထိန်းကြရန်နှင့် လက်ရှိအစိုးရသည် မည်သည့်ပုဂ္ဂိုလ်များက မည်သို့အုပ်ချုပ်သည်ကို ပြည်သူများ သိရှိပြီးဖြစ်၍ နိုင်ငံသားတို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့်ပါတီကို မဲပေးကြရန် ရေပူဆရာတော်မိန့်ကြား

ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် နိုင်ငံသားတို့၏ စာရိတ္တသီလကို စောင့်ထိန်းကြရန်နှင့် လက်ရှိအစိုးရသည် မည်သည့်ပုဂ္ဂိုလ်များက မည်သို့အုပ်ချုပ်သည်ကို ပြည်သူများ သိရှိပြီးဖြစ်၍ နိုင်ငံသားတို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့်ပါတီကို မဲပေးကြရန် ရေပူဆရာတော်မိန့်ကြား
Published 5 November 2015
ငြိမ်းဇော်လင်း

ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် နိုင်ငံသားတို့၏ စာရိတ္တသီလကို စောင့်ထိန်းကြရန်နှင့် လက်ရှိအစိုးရသည် မည်သည့်ပုဂ္ဂိုလ်များက မည်သို့ အုပ်ချုပ်သည်ကို ပြည်သူများအနေဖြင့် သိရှိပြီး ဖြစ်သောကြောင့် နိုင်ငံသားတို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မည့် ပါတီကို မဲပေးကြရန် ရေပူဆရာတော်က မိန့်ကြားသည်။
ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသော အမှုအတွက် နိုဝင်ဘာ ၅ ရက်က လာရောက်စဉ် ဆရာတော်က ထိုသို့မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
မဲပေးခြင်းသည် နိုင်ငံသားတစ်ဦး ဖြည့်ကျင့်ရမည့် ကျင့်ဝတ် တာဝန်ဝတ္တရား ဖြစ်ကြောင်း၊ အဆိုပါ ကျင့်ဝတ်များကို ဖြည့်ဆည်းခြင်းသည် စာရိတ္တသီလကို ဖြည့်ကျင့်ရာရောက်ကြောင်း၊ ထို့ကြောင့် စာရိတ္တသီလ ကိုဖြည့်ကျင့်၍ နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်ကြရန်လည်း ဆရာတော်က တိုက်တွန်းပြောကြားသည်။
ထို့အပြင် လူတစ်ဦးအား ကျက်သရေရှိလာစေရန်၊ ဂုဏ်၊ နာမည်ကောင်းရလာအောင် အခြားသူတစ်ဦးက လုပ်ဆောင်ပေး၍ မရကြောင်းနှင့် ကျက်သရေ ယုတ်သွားစေရန်၊ ဂုဏ်၊ နာမည် ကျဆင်းသွားစေရန်လည်း အခြားတစ်ဦးက ပြုလုပ်၍ မရကြောင်း၊ ထို့အပြင် မိမိတစ်ဦးတည်း ကောင်းမွန်နေရုံမျှဖြင့်လည်း တာဝန်ကျေပွန်ရာ မရောက်ကြောင်း၊ မိမိ၏ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် လုပ်ဆောင်ပေးမှသာ တာဝန်ကျေပွန်ကြောင်း ဆရာတော်က သြဝါဒမိန့်ကြားသည်။
“အဲဒီလိုပဲ နိုင်ငံသူနိုင်ငံသား တစ်ယောက်အနေနဲ့ ဆိုရင်လည်း ငါတို့က ရှုတ်ရှုတ်ရှက်ရှက်တွေ မပါချင်ဘူး၊ ငါတို့က အေးအေးဆေးဆေး နေချင်တယ်၊ ငါတို့က ဘယ်ဘက်မှ မပါဘူးဆိုပြီး နေရုံနဲ့ သူဟာ တာဝန်ကျေတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ နိုင်ငံသားတစ်ယောက် ဖြစ်လာပြီဆိုရင် ဖြည့်ကျင့်ရမယ့် တာဝန်တွေရှိတယ်။ အဲဒါကို စာရိတ္တသီလလို့ ခေါ်တယ်။ မဲပေးခြင်းဆိုတာ နိုင်ငံသား တစ်ယောက် ဖြည့်ကျင့်ရမယ့် ကျင့်ဝတ်ဝတ္တရားပဲ။ နိုင်ငံသား တစ်ယောက် ဖြည့်ကျင့်ရမယ့် ကျင့်ဝတ်ဝတ္တရားကို ဖြည့်ကျင့်ခြင်းကို စာရိတ္တသီလလို့ ခေါ်တယ်။ ဒါကြောင့် မိမိကြိုက်နှစ်သက်တဲ့ ပါတီ၊ ပုဂ္ဂိုလ်ကို စိစစ်ပြီးတော့ မဲပေးခြင်းဖြင့် နိုင်ငံသား တစ်ယောက်တာဝန်ကို ကျေပွန်အောင် ဖြည့်ကျင့်ကြပါလို့ ကျေပွန်အောင် ဖြည့်ကျင့်ကြပါလို့ ပြောချင်ပါတယ်” ဟု ရေပူဆရာတော်က မိန့်ကြားသည်။
ထိုသို့မဲပေးရာတွင် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်မျိုးကို မဲပေးရမည်နှင့် ပတ်သက်၍ ဆရာတော်က “ဘုန်းကြီးတို့ ပြည်သူလူထုဟာ မျက်တွေလည်း ပွင့်နေပြီ၊ နားတွေလည်း ပွင့်နေပြီ။ အဲဒီတော့ အစိုးရဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး မိမိတို့ကို အုပ်ချုပ်ခဲ့တယ်ဆိုတာ သိပြီးပြီ။ နောင်လာမယ့် အစိုးရဟာ ဘယ်လို အစိုးရမျိုးကို မိမိလိုချင်သလဲဆိုတာ သိပြီ။ အဲတော့ မိမိလိုချင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်မယ့် ပါတီမျိုး၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ လိုအင်ဆန္ဒတွေကို ဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်မျိုးကို မဲပေးကြပါ”ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်အား ပြင်ဦးလွင် ခရိုင်တရားရုံးတွင် ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၅ ရက်က တရားလိုပြ သက်သေများ ဖြစ်သော ကျောက်မျက်ဦးစီးဌာနမှ လက်ထောက်ဒုညွှန်မှူး ဦးသောင်းနှင့်  လက်ထောက်မန်နေဂျာ ဦးဝင်းသန်းတို့ လာရောက်ခြင်း မရှိသည့်အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ နိုဝင်ဘာ ၁၈ ရက်ကို ထပ်မံ ချိန်းဆိုခဲ့သည်။
ယနေ့ရုံးချိန်းသို့ တရားလိုပြ သက်သေများ လာရောက်နိုင်ခြင်းမရှိသည်မှာ ရွေးကောက်ပွဲကိစ္စများ ဆောင်ရွက်ရန် ရှိသည့်အတွက် လာရောက်နိုင်ခြင်း မရှိသည်ဟု အကျိုးဆောင် ရှေ့နေများထံမှ သိရသည်။
ထို့အပြင် ဆရာတော်ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင်လည်း စေတီများ ဖြိုဖျက်မှုနှင့် သစ်တော ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။
ဆရာတော်အား တရားစွဲထားသည့် အမှုတွင် ကပ္ပိယဦးမြင့်ရှိန်နှင့် ကုမ္ပဏီမှ ငှားရမ်းထားသည့် မြေတူးစက် ကားမောင်းသမားသုံးဦး တို့ကိုလည်း ထည့်သွင်းတရားစွဲဆိုထားကာ ၎င်းတို့ငါးဦးကို အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

Most Read

Most Recent