ရန်ကုန်မြို့၌ အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ ရှယ်ယာများ စတင်ထုတ်ရောင်းရာ ဝယ်ယူလိုသူ များနေဟုဆို

ရန်ကုန်မြို့၌ အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ ရှယ်ယာများ စတင်ထုတ်ရောင်းရာ ဝယ်ယူလိုသူ များနေဟုဆို
Published 3 November 2015
ကျော်ထင်

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်းများ ပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကား အများပိုင်း ကုမ္ပဏီမှ ရှယ်ယာများကို နိုဝင်ဘာ ၃ ရက်မှ စတင်ထုတ်ရောင်းရာ ဝယ်ယူလိုသူ များပြားနေကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောကြားသည်။
“ဒီနေ့ ရှယ်ယာတွေစပြီး ထုတ်ရောင်းပါတယ်။ ဝယ်ချင်တဲ့သူ များတယ်။ လျှောက်လွှာတွေ တင်ခိုင်းခဲ့တယ်။ ဒီနေ့ ပမာဏ ဘယ်လောက် ဝယ်ခဲ့သလဲ ဆိုတာတော့ မနက်ဖြန်မှ အတိအကျသိရမယ်”ဟု ရန်ကုန် ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က နိုဝင်ဘာ ၃ ရက် ကပြော ကြားသည်။
ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကို တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် နိုဝင်ဘာ ၃ ရက်မှစတင်ကာ တာမွေမြို့နယ် ကျိုက္ကဆံစူပါဝမ်း နံဘေးရှိ မထသ (မြို့တွင်း) ရုံးတွင် ဝယ်ယူနိုင်ကြောင်း၊ စုစုပေါင်း ရှယ်ယာ အစုပေါင်း ငါးသောင်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၁၅ ဘီလျံဖြင့် တည်ထောင်ခွင့် ရရှိခဲ့ကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံငွေ ကျပ်၁၅ ဘီလျံအနက် ၁၀ ဘီလျံကို အစိုးရနှင့် နီးစပ်သည့် ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများက ဝယ်ယူခွင့် ရရှိခဲ့ပြီး ယင်းကုမ္ပဏီများက ကုမ္ပဏီ တည်ထောင်သူများအဖြစ် ပါဝင်ခွင့်ရခဲ့ကြောင်း၊ ကျန်ရှိသည့် ကျပ်ငါးဘီလျံဖိုး ရှယ်ယာများကို အများပြည်သူသို့ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီ၏ နာယက သုံးဦးအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်တို့ ပါဝင်မည် ဖြစ်ကြောင်း၊ ဒါရိုက်တာ အဖွဲ့ကိုမူ အစိုးရမှဘက်မှ လေးဦးနှင့် ပုဂ္ဂလိကဘက်မှ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000ကုမ္ပဏီများဖြင့် ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။
ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်းများကို ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ပထမအဆင့်အနေဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်မှ ဗိုလ်တထောင်အထိ၊ ဒဂုံတက္ကသိုလ်မှ ပါရမီအထိနှင့် ရွှေပြည်သာမှ အောင်မင်္ဂလာ အဝေးပြေးအထိ ပြေးဆွဲရန် လျာထားကြောင်း သိရသည်။                            

Most Read

Most Recent