ပုသိမ်မြို့နယ်အတွင်း နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီမှစတင်ကာ NLD ပါတီ အောင်နိုင်ရေး နောက်ဆုံးနေ့အဖြစ် ပုသိမ်မြို့အနှံ့ အင်အားပြ ထောက်ခံ လှည့်လည်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ဟာက အောင်နိုင်ရေး လှည့်လည်လှုပ်ရှားမှုရဲ့ နောက်ဆုံးနေ့ပါ။ အနှေးယဉ် လုပ်သားတွေရော၊ ထောက်ခံတဲ့သူတွေရော ပါတီဝင်တွေရော မနက် ၈ နာရီကနေစပြီး ဝါးယားချောင်းကစပြီး ထွက်ပါ တောက်လျှောက် ထွက်လာပြီး မြို့ပေါ်မှာ ရပ်ကွက်အနှံ့ လှည့်လည်ပါတယ်။ လမ်းမှာပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ အားပေးပါတယ်။ လိုအပ်တဲ့ သောက်ရေသန့်တွေ။ အချိုရည်ဘာတွေ အာဟာရတွေ ထောက်ပံ့ပေးပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်းသာပါတယ်”ဟု ပုသိမ်မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင် ဦးဇော်ထွန်းခိုင်က ပြောကြားသည်။
ပုသိမ်မြို့နယ်အတွင်း NLD ပါတီ၏ အောင်နိုင်ရေး လုပ်ဆောင်သူအနေဖြင့် ပုသိမ်မြို့နယ်တွင် အောင်နိုင်ရေး လှည့်လည်သည့်အခါမှာ ကျေးရွာများနှင့် မြို့ပေါ်တို့တွင် ထောက်ခံအားပေးမှုများကို မီဒီယာများမှ အားလုံးတွေ့မြင်နေကြောင်း၊ ပုသိမ်မြို့နယ်အတွင်း NLD ပါတီအနေဖြင့် အနည်းဆုံး ရာခိုင်နှုန်း ၈၀ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
“ကျွန်တော်က ပါတီဝင်တစ်ယောက် မဟုတ်ပါဘူး။ အိမ်မှာနေပြီး ဒီပါတီကို မဲထည့်တဲ့နေ့မှာ မဲထည့်လည်းရပါတယ်။ ခုလို လှည့်လည်ပွဲမှာလိုက်ပြီး ထောက်ခံရတာက ကျွန်တော် မဲစာရင်းတွေ ကြည့်ကတည်းက အမှားအယွင်းတွေနဲ့ဆိုတော့ တကယ်မဲပေးတဲ့အခါမှာ အမှားအယွင်းတွေ ဖြစ်ခဲ့ရင် ထောက်ခံသူ အင်အားက သက်သေဖြစ်မှာမို့ ခုလိုလိုက်လာတာပါ”ဟု ပုသိမ်မြို့တွင်း အောင်နိုင်ရေး လှည့်လည်ပွဲအား လိုက်ပါအားပေးနေသူ ဦးအောင်မျိုးက ပြောကြားသည်။
အဆိုပါ NLD ပါတီ အောင်နိုင်ရေး လှည့်လည်ပွဲအား နံနက် ၈ နာရီမှစတင်ကာ ဝါးယားချောင်း၊ ရွှေမြင်တင်၊ သစ်ပုတ်ကုန်း၊ ဇင်းပြွန်းကုန်း၊ ရမ်းချောင်းကျေးရွာများနှင့် ပုသိမ်မြို့ပေါ်တွင် ကမ်းနားလမ်း၊ ရွှေဝါထွန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ရှင်ပင်ဘုန်းပွင့်လမ်း၊ မရမ်းချိုလမ်း၊ မဟာစေတီလမ်း၊ အမှတ် ၁၄ ရပ်ကွက်၊ ကျောက်စရစ်ကုန်း၊ တခေါင်ဘုရားလမ်း၊ မဟာဗောဓိလမ်း၊ မာတရပ်၊ ဝဲဒေါင့်ရပ်တို့အား လှည့်လည်ပြီး ပုသိမ်မြို့တော် ခန်းမရှေ့တွင် လှည့်လည်မှု ပြီးဆုံးကာ အောင်နိုင်ရေးအား လိုက်လံအားဖြည့် ဖျော်ဖြေပေးသည့် အဆိုတော် စည်သူမင်းက သီဆို ဖျော်ဖြေခဲ့ကြောင်း၊ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ မုန့်ဟင်းခါးများ၊ ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးမွေးဧည့်ခံကာ လမ်းတောက်လျှောက်တွင် ထောက်ခံ လိုက်ပါလာသူနှင့် မိမိတို့ရပ်ကွက်များသို့ အရောက်တွင် ထောက်ခံလိုက်ပါလာသူ ၃၀၀၀ ကျော် ရှိကြောင်း သိရသည်။
အောင်နိုင်ရေး လှည့်လည်ပွဲတွင် ပုသိမ်မြို့နယ် အောင်နိုင်ရေးမှ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ကာလမှာ နိုဝင်ဘာ ၆ ရက်တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် ထိုနေ့တွင် နောက်ဆုံးထား၍ ဆိုက္ကား၊ စက်ဘီး၊ သုံးဘီး ဆိုင်ကယ်များ၊ ကားများတွင် ကပ်ထားသော စတေကာများ၊ အဖွဲ့ချုပ် အလံများအား ဖြုတ်သိမ်းရန် မေတ္တာ ရပ်ခံစာများ ကမ်းခဲ့ကြောင်း သိရသည်။















