ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ရွေးကောက်ပွဲဝင်မည့် ဟင်္သာတမြို့နယ်ရှိ ဒေသခံ သိန်းဂဏန်းခန့် NLD ပါတီ အောင်နိုင်ရေး လှည့်လည်လှုံ့ဆော်

ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ရွေးကောက်ပွဲဝင်မည့် ဟင်္သာတမြို့နယ်ရှိ ဒေသခံ သိန်းဂဏန်းခန့် NLD ပါတီ အောင်နိုင်ရေး လှည့်လည်လှုံ့ဆော်
Published 3 November 2015
အောင်ကျော်မျိုး (ဟင်္သာတ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ရွေးကောက်ပွဲဝင်မည့် ဟင်္သာတ မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အောင်နိုင်ရေးအတွက် နိုဝင်ဘာ ၃ ရက်က လှုံ့ဆော် လှည့်လည်ပွဲ ပြုလုပ်ခဲ့ရာ ဒေသခံအင်အား သိန်းဂဏန်းခန့် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ် သုံးခု၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထိန်ဝင်းက “ဒီနေ့ လှည့်လည် လှုံ့ဆော်ပွဲမှာလာတဲ့ ပြည်သူအင်အားက ထင်ထားတာထက် အရမ်းများပြားခဲ့ပါတယ်။ မဲပေးပုံ မဲပေးနည်းကို ကျွန်တော်တို့ပါတီက မြေပြင်ကွင်းဆင်းပြီး ပြည်သူကို အသိပညာပေးထားတာ တွေရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲနေ့မှာ အောင်ပွဲခံနိုင်ဖို့ မဲပေးပုံမဲပေးနည်း မမှားအောင် လက်ဆင့်ကမ်း အသိပညာ ပေးစေချင်ပါတယ်။ ပါတီအောင်နိုင်ရေးအတွက် ကျွန်တော်တို့ အများကြီး မျှော်လင့် ထားပါတယ်”ဟု ပြောကြားသည်။
“ဓမ္ဘီ၊ တလုတ္ထော်၊ ရွာသစ်  အဲဒီရွာတွေ ဘက်ကလည်း စုရပ်စုပြီး လာတယ်။ ရှားခဲဘက်ကလည်း ရှားခဲ၊ နိဗ္ဗာန်၊ နတ်မော် အဲလို စုလာကြတယ်။ ဒီဘက်ကဆိုရင်လည်း ဒူးယားပေါ့။ ဟင်္သာတနဲ့ နီးစပ်နေတဲ့ နေရာအားလုံးက NLD ပါတီဝင်တွေ၊ ဝန်းရံပြည်သူတွေ အင်အားကောင်းကောင်းနဲ့ လာကြပါတယ်။ ဟင်္သာတမြို့ ကျက်သရေဆောင် ဦးပါရဲစေတီတော်ရှေ့ စုရပ်မှာတော့  မြို့ပေါ်အင်အားနဲ့ အားလုံးပူးပေါင်းပြီး NLD ပါတီ အောင်နိုင်ရေးအတွက် ဟင်္သာတမြို့အတွင်း လှည့်လည် လှုံ့ဆော်ခဲ့ကြပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် စုသွားကြတာဆိုတော့ ဝေးလံတဲ့ နေရာတွေနဲ့ ရေလမ်းခရီးက လာရတဲ့ သူတွေကတော့ လှည့်လည်ပွဲမှာ မလိုက်နိုင်ဘဲ ညနေဖျော်ဖြေပွဲကိုစောင့်ပြီး ဘုရားမှာ ကျန်ခဲ့ရတာတွေရှိတယ်။ ဒါတောင် လှည့်လည် လှုံ့ဆော်ချိန်မှာ လူအင်အားက တစ်သိန်းကျော်လောက် ရှိခဲ့တယ်။ ရွေးကောက်ပွဲနေ့မှာလည်း ဒီနေ့လုပ်တဲ့ ပွဲလိုပဲ ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံချင်ပါတယ်” ဟု NLD အောင်နိုင်ရေး လှုံ့ဆော် လှည့်လည်ပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ကဗျာဆရာ သစ်အောင်ခိုင်က ပြောကြားသည်။
စုရပ်အသီးသီးမှ လာရောက်ကြသူများက နိုဝင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီခန့် အချိန်မှစကာ ဟင်္သာတမြို့အတွင်း လှည့်လည် လှုံ့ဆော်ခဲ့ကြပြီးနောက် ပြည်လုံးကပ်ကျော် ဦးပါရဲ စေတီတော်အနီး ကွင်းပြင်၌ ညနေ ၃ နာရီတွင် အဆိုတော် လင်းလင်း၊ ဂျီလတ်နှင့် တေးသံရှင်များက NLD ပါတီ အောင်နိုင်ရေး ဖျော်ဖြေခဲ့ရာ အားပေးသူ များပြားခဲ့သည်။ 
ဟင်္သာတမြို့နယ်သည် ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ  ဦးဌေးဦး (ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း (အမျိုးသားလွှတ်တော် မဲဆန္ဒနယ်) နှင့် ဧရာဝတီတိုင်းဒေသကြီး သစ်တော/သတ္တုဝန်ကြီး  ဦးစိုးမြင့်  (တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ )၊ ဒေါက်တာသိမ်းစိုး (တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂) တို့ ရွေးကောက်ပွဲဝင်မည့် ဒေသဖြစ်သည်။

Most Read

Most Recent