ပိုလန်နိုင်ငံနှင့် လစ်ဘရယ်ဒီမိုကရေစီ

ပိုလန်နိုင်ငံနှင့် လစ်ဘရယ်ဒီမိုကရေစီ
Published 23 October 2015
မြတ်သစ်

၁၉၅၂ ခုနှစ်တွင် ပိုလန်ပြည်သူ့ သမ္မတနိုင်ငံဟု တရားဝင် ကြေညာခဲ့ပြီးနောက် ၁၉၅၆ ခု၌ ပိုလန်ခေါင်းဆောင် ဘိုလက်စလောဘီရွတ် သေဆုံးခဲ့သည်။ ဘီရွတ် သေဆုံးပြီးသည့်နောက် အတန်အသင့် သဘောထား ပျော့ပျောင်းသည့် ဂိုမူကာ အာဏာရရှိခဲ့သည်။ ၎င်းက နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူများကို အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို အတန်အသင့် ဖြေလျှော့ပေးခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် လွတ်လပ်သော အလုပ်သမားသမဂ္ဂ ‘သွေးစည်းညီညွတ်ရေး’ ဖွဲ့စည်းပြီးနောက် ယင်းအဖွဲ့သည် နိုင်ငံရေး အင်အားစုတစ်ရပ် ဖြစ်လာခဲ့သည်။ ပိုလန်နိုင်ငံ၌ နှစ်ပေါင်းများစွာ တန်ခိုးထွားခဲ့သော ပိုလန်အလုပ်သမား ညီညွတ်ရေးပါတီသည် အင်အားချည့်နဲ့သွားသည်။ ၁၉၈၉ တွင် ‘သွေးစည်း ညီညွတ်ရေးပါတီ’ သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ပါတီခေါင်းဆောင် လက်ချ်ဟွာလီဆာ သမ္မတ ဖြစ်လာခဲ့သည်။ သွေးစည်း ညီညွတ်ရေးပါတီသည် ဥရောပတစ်လွှားတွင် ကွန်မြူနစ် အစိုးရများနှင့် ကွန်မြူနစ်ပါတီများ ကျဆုံးခဲ့ခြင်းအတွက် ကောင်းချီး သြဘာပြုခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင် ဆိုရှယ်လစ် စီးပွားရေးစနစ်မှ နေ၍ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့သည်။ ထို့အပြင် လူ့အခွင့်အရေးနှင့် ပတ်သက်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆင်ဆာမဲ့သော အင်တာနက် လွတ်လပ်ခွင့်များ ရရှိခဲ့သည်။
၂၀၁၀ ဧပြီလ ၁၀ ရက်တွင် ပိုလန်သမ္မတ လက်ချ်ကာဇင်စကီးနှင့် အခြားအဆင့်မြင့် အရာရှိ ၈၉ ဦး လိုက်ပါသည့် လေယာဉ်ပျံသည် ရုရှားနိုင်ငံ စမိုလင့်အနီးတွင် ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်ပါရှိသူများ အားလုံး အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် ပါလီမန် ရွေးကောက်ပွဲများကို ကျင်းပခဲ့ရာ လက်ရှိCivic Platform ပါတီက အနိုင်ရရှိခဲ့သည်။ ယခုနှစ် အောက်တိုဘာ ၂၅ တွင် ပါလီမန် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ပိုလန်နိုင်ငံ ရူဒါဆလာဒါမြို့ကလေးရှိ လမ်းမပေါ်တွင် ပြည်သူလူထုသည် ပိုလန်အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည်။ ယင်းမြို့ကလေးမှာ မိုင်းတွင်းများနှင့် ပြည့်နှက်နေသော မြို့ကလေး ဖြစ်သည်။ ကျောက်မီးသွေး ဈေးနှုန်းများ အဆမတန် မြင့်မားလာမှုကြောင့် မိုင်းလုပ်သားများ၏ ဘဝမှာ မရေမရာ ဖြစ်လာခဲ့သည်။ သူတို့အနေဖြင့် အလုပ်လက်မဲ့ ဘဝသို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည်။ သို့ဖြစ်၍ အလုပ်သမားသမဂ္ဂ ‘သွေးစည်း ညီညွတ်ရေး’ ပါတီက ဝန်ကြီးချုပ် အီဝါကိုပက်နှင့် သူမ၏  Civic Platform ပါတီကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ကြသည်။ အီဝါက အစိုးရပိုင် မိုင်းတွင်းများကို ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟူသော ကတိကဝတ်ကို ချိုးဖောက်နေကြောင်း ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့တွင် ကျင်းပမည့် ပါလီမန် ရွေးကောက်ပွဲကို Civic Platform ပါတီမှ တစ်ပါး အခြားမည်သူကိုမဆို မဲပေးကြရန် လှုံ့ဆော်ခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိ မိုင်းလုပ်သား တစ်ဦးဖြစ်သူ ပါဝဲလ်က “အစိုးရက ကျွန်တော်တို့ကို လိမ်လည်ခဲ့တယ်” ဟု ပြောကြားရင်း Civic Platform ပါတီ၏ အဓိကပြိုင်ဘက်  Law and Justice ပါတီကို ထောက်ခံမဲပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပတိုက်တွင် ကြုံတွေ့နေရသည့် ဒုက္ခသည်များ အကျပ်အတည်းနှင့်အတူ ပြည်သူလူထုအား သာယာဝပြောရေးကို လုပ်ဆောင်ပေးမည်ဟု ကတိစကားများ ပြောကြားခဲ့သော Law and Justice ပါတီမှ ဘီယာတာ ဆဇစ်ဒီလိုသည် ပါလီမန် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်သည်။ ဘီယာတာမှာ ဘရက်ဆီဇီ ကျောက်မီးသွေးထွက်ရှိရာ မြို့ကလေးမှ ကျောက်မီးသွေး တွင်းတူး အလုပ်သမားတစ်ဦး၏ သမီးဖြစ်သည်။
ဘီယာတာက ပင်စင်သက်တမ်းကို လျှော့ချမည် ဖြစ်ကြောင်း၊ မိသားစုဆိုင်ရာ အခွင့်အလမ်းများကို ပေးမည်ဖြစ်ကြောင်း၊ ဘဏ်များနှင့် နိုင်ငံခြားသားပိုင် စူပါမားကတ်ကြီးများ အခွန်အကောက်များ တိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအတွက် အခွန်အကောက်များကို လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Law and Justice ပါတီသည် ဆင်းရဲသား အလုပ်သမား လူတန်းစားများ အဓိက နေထိုင်ရာ ဒေသများကို ပစ်မှတ်ထားပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
ပိုလန်နိုင်ငံသည် ရှစ်နှစ်တာမျှ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် တိုင်းပြည်၏ စီးပွားရေးမှာ ကျဆင်းခဲ့ရသလို Civic Platform ပါတီမှာလည်း ပြစ်တင် ဝေဖန်မှုများ ခံခဲ့ရသည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ဇွန်လက Civic Platform ပါတီမှ ဝန်ကြီးများ၏ အစိုးရ မူဝါဒများနှင့် ပတ်သက်၍ ပြစ်တင် ပြောဆိုထားသည့် တိတ်ခွေ ထွက်ပေါ်လာပြီးသည့်နောက် ပြည်သူလူထုက ဝန်ကြီးများအပေါ် အမျက်ဒေါသ ထွက်ခဲ့ကြသည်။ ဤအဖြစ်အပျက်သည် ပိုလန် အစိုးရအတွက် ကြီးမားသော ဂုဏ်သိက္ခာ ညှိုးနွမ်းမှု ဖြစ်ခဲ့သည်။ အသက် ၅၂ နှစ် အရွယ်ရှိ ပိုလန်နိုင်ငံမှ ပေါ့ပ်၊ ရော့ခ်အဆိုကျော်၊ သရုပ်ဆောင်နှင့် တက်ကြွလှုပ်ရှားသူ ပါဗဲလ်ကူဇစ်သည် အောက်တိုဘာ ၂၅ တွင် ကျင်းပမည့် ပါလီမန် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ သူက ကူဇစ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သည်။ သူ့အနေဖြင့် ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၂၀ မျှ ထောက်ခံမှုများ ရရှိနိုင်သည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားကြသည်။
နိုင်ငံရေးသမားများက လူအများကြိုက်မည့် ကတိစကားများကို ပြောကြားနေကြသည်။ သို့သော် ပိုလန်လူငယ် အများစုမှာ စီးပွားရေး အကျပ်အတည်းကို မရင်ဆိုင်လိုကြသဖြင့် ဗြိတိန်နှင့် ဂျာမနီနိုင်ငံသို့ ထွက်ခွာသွား နေကြသည်။ တစ်ဖက်မှာလည်း ကွန်မြူနစ်စနစ် ကျဆုံးပြီးသည့်နောက် ပိုလန်နိုင်ငံ၌ အနောက်ဥရောပ ဈေးကွက်သို့ သီးနှံများ ရောင်းချနိုင်ခဲ့သည်။ ဤအတွက် အသေးစားနှင့် အလတ်စား စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်သားအင်အား ၁၇၀ ဖြင့် တည်ထောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် ပိုလန်နိုင်ငံသား ရာခိုင်နှုန်း ၇၀ အတွက် အလုပ်အကိုင်များ ဖော်ထုတ်ပေးနိုင်ခဲ့သည်။ စီးပွားရေး သမားများကတော့ လစ်ဘရယ် အယူအဆရှိသည့် Civic Platform ပါတီကို ထောက်ခံကြသည်။
Civic Platform ပါတီက ယခုနှစ်ကုန်ပိုင်းတွင် စီးပွားရေး တိုးတက်မှု ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိလာမည်ဟု ကတိပေးထားသည်။
ဥရောပတိုက်သို့ ရောက်ရှိလာသော ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ဒုက္ခသည်များသည် ဂရိကျွန်းစုများသို့ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါတို့ကို သယ်ဆောင်လာသည်ဟု ပိုလန်ခေါင်းဆောင် ကာဇင်စကီးက ပြောကြားခဲ့သည်။ ဒုက္ခသည်အရေးကို ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂ၏ စီးပွားရေး အကူအညီကို ရယူမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင် ကျင်းပမည့် ပိုလန် ရွေးကောက်ပွဲသည် ပိုလန်နိုင်ငံ၌ လစ်ဘရယ် ဒီမိုကရေစီ အသက်ရှင်သန်ပါ့မလားဟူသော မေးခွန်းထွက်ပေါ်နေကြောင်း ပါမောက္ခ မာကောစကီးက သုံးသပ်ထားသည်။

Most Read

Most Recent