စင်ကာပူရောက် မြန်မာများ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ် စောင့်ပြီး မဲပေးသူများရှိ

စင်ကာပူရောက် မြန်မာများ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ် စောင့်ပြီး မဲပေးသူများရှိ
Published 17 October 2015
ထက်သျှိုင်း

စင်ကာပူရောက် မြန်မာများ ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးခြင်း၊ ဒုတိယနေ့ ကြိုတင်မဲပေးမှုတွင် ညအိပ်စောင့် မဲပေးခဲ့သူများ ရှိခဲ့ကြောင်း သိရသည်။
ကြိုတင်မဲပေးရာတွင် လာရောက် မဲပေးသူ များပြားသည့်အတွက် ည ၁၂ နာရီ ဝန်းကျင်ကတည်းက လာရောက် စောင့်ဆိုင်း မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ မြန်မာသံရုံးတွင် ၂၀၁၅ ရွေးကောက်ပွဲ ဒုတိယမြောက်နေ့ ကြိုတင် မဲပေးမှုများတွင် လာရောက် မဲပေးခဲ့သူပေါင်း အောက်တိုဘာ ၁၆  ရက် ညနေ ၆ နာရီအထိ ၂၅၁၇ ဦး ရှိခဲ့ကြောင်း၊ CAN သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညပိုင်း ဖော်ပြခဲ့သော သတင်းတွင် ကြိုတင်မဲပေးသူ ဦးရေ ၃၁၅၂ ဦး ရှိခဲ့ကြောင်း၊ မဲပေးသူ အရေအတွက် များပြားသည့်အတွက် မဲရုံကို စင်ကာပူ စံတော်ချိန် ည ၈ နာရီအထိ ဖွင့်ပေးခဲ့ရကြောင်း၊ နှစ်ရက်ပေါင်း ကြိုတင်မဲပေးသူ အရေအတွက် ၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။
“ကျွန်တော်တို့ ၈နာရီ၂၀မိနစ်လောက်မှာ မဲပေးတာတွေ အားလုံး ပြီးသွားတယ်။ မနေ့ကတော့ ၇နာရီမှာ ပြီးတယ်။ ဒီနေ့ ပိုနောက်ကျတယ်။ ၄ နာရီခွဲအထိ ရောက်လာတဲ့ သူတွေ မှန်သမျှ သံရုံးက အကုန်လုပ်ပေးတယ်။ ဒီနေ့ ကြိုတင်မဲပေးတဲ့သူက ၃၁၅၀ ရှိပါတယ်”ဟု မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ ဦးစိုးထွန်းက ပြောကြားသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒ မဲပေးခြင်းကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ရက်အထိ ပေးခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဒုတိယ နေ့အပြီးတွင် ကြိုတင် ဆန္ဒမဲပေးရန် ကျန်သူ စုစုပေါင်းဟာ ခန့်မှန်း ၁၅၀၀၀ ခန့်ရှိပြီး၊ စနေ နှင့်တနင်္ဂနွေနေ့ များတွင် ကြိုတင် မဲပေး ကြရမည် ဖြစ်ကြောင်း၊ ကြိုတင်မဲ ပေးရန် ကျန်ရှိသူ အရေအတွက် များပြားနေခြင်းကြောင့် မဲပေးခွင့် မရရှိမည်ကို စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပုံစံ(၁၅)ဖြင့် မဲပေးခွင့် လျှောက်ထားသူ ပြည်ပရောက် မြန်မာနိုင်ငံသား ၃၄၀၀၀ ကျော်ရှိကြောင်း သတင်း ရရှိသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံသားများထဲတွင် ကြိုတင်မဲပေးခွင့် ရရှိသူ နှစ်သောင်းကျော် ရှိကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့် မဲဆန္ဒရှင်စာရင်း၊ ထပ်တိုး စာရင်းကို အောက်တိုဘာ ၁၅ ရက်၊ ပထမနေ့ ကြိုတင်မဲ ပေးနိုင်သည့်နေ့ ည ၁၁ နာရီမှ ထပ်မံ ပေးပို့မှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ မဲဆန္ဒရှင် စာရင်းတွင် မဲပေးခွင့် ရရှိသူ ရှစ်ရာနီးပါး ပါဝင်ကြောင်း သိရသည်။
ပြည်ပနိုင်ငံ ၃၇ နိုင်ငံရှိ သံရုံး၊ ကောင်စစ်ဝန်ရုံး ၄၄ ရုံးစလုံးတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
စင်ကာပူရောက် မြန်မာနိုင်ငံသားအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ပေးခွင့် ရရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား တချို့ မဲဆန္ဒရှင်များသည် လွှတ်တော် တစ်ရပ်၊ နှစ်ရပ်အတွက်သာ မဲပေးနိုင်မှုများ ပထမနေ့ ကြိုတင်မဲပေးမှုများတွင် ကြုံတွေခဲ့ရကြောင်း သိရသည်။ ဒုတိယနေ့တွင် ကြိုတင် မဲပေးသူဦးရေ များပြားခြင်းကြောင့် လာရောက် တန်းစီ စောင့်ဆိုင်းသူများအကြား အငြင်းပွားမှု များ ဖြစ်ခဲ့ကြကြောင်း ‘စလုံး’ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားချက်အရ သိရသည်။ စင်ကာပူနိုင်ငံရောက် ကြိုတင်မဲပေးမည့် မြန်မာနိုင်ငံသားများ အဆင်ပြေရေးအတွက် မဲပေးနိုင်မည့်ရက်ကို နောက်ထပ် သုံးရက် တိုးမြှင့် သတ်မှတ်ရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent