ရေဘေးသင့်ဒေသများမှ ကလေးငယ်များ၏ ပညာရေးနှင့် ပျက်စီးစာသင်ကျောင်းများ ပြုပြင်မွမ်းမံရန် ဂျပန်အစိုးရက ယူနီဆက် (ဖ်) ထံ ဒေါ်လာ ၁၀ သန်း ပေးအပ်

ရေဘေးသင့်ဒေသများမှ ကလေးငယ်များ၏ ပညာရေးနှင့် ပျက်စီးစာသင်ကျောင်းများ ပြုပြင်မွမ်းမံရန် ဂျပန်အစိုးရက ယူနီဆက် (ဖ်) ထံ ဒေါ်လာ ၁၀ သန်း ပေးအပ်
Published 10 October 2015
အိသဉ္ဇာကျော်

ရေဘေးသင့်ဒေသများမှ ကလေးငယ်များ၏ ပညာရေးအပါအဝင် ပျက်စီးသွားသည့် စာသင်ကျောင်းများ ပြုပြင်မွမ်းမံရန် ဂျပန်အစိုးရမှ ယူနီဆက်(ဖ်)ထံ အမေရိကန်ဒေါ်လာ ၁၀သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကလေးသူငယ်ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက်မှ အထောက်အထားများအရ ဆင်းရဲမှုနှုန်း အမြင့်ဆုံးပြည်နယ်များဖြစ်သည့် ချင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကလေးငယ်များအား ရေဘေးတုံ့ပြန်မှု အသိပညာပေးရေး လုပ်ဆောင်မှုများဖြင့် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့မှုတွင်အခြေခံပညာ ကျောင်း  ၃၀ တည်ဆောက်ပေးခြင်း၊ ပျက်စီးသွားသော ကျောင်း ၇၅ ကျောင်းအား ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။“ဂျပန်က ထောက်ပံ့ငွေက ရေဘေးဒဏ်ခံရတဲ့ ကလေးသူငယ်တွေအတွက်သာ တူညီမျှရှိတဲ့ ပညာရေးအခွင့်အလမ်းတွေရရှိ နိုင်ဖို့ အရေးပါတဲ့ ကူညီပံ့ပိုးမှုဖြစ်ပါတယ်။ ရေဘေးသင့်ခဲ့တဲ့ ကျောင်းတွေမှာ သင်ကြားခြင်းနဲ့သင်ယူခြင်းလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့နဲ့ ဘေးအန္တရာယ်ကျရောက်မှု ကြိုတင်ပြင်ဆင်မှုများကိုပါ အတူတကွ လုပ်ကိုင်သွားပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးသူငယ်တွေက အရေးပေါ်ကြုံတွေ့လာရတာနဲ့ ဘာတွေလုပ်ရမယ် သိလာ မယ်။ ဆရာ၊ ဆရာမတွေကလည်း လူမှုစိတ်ပိုင်းဆိုင်ရာ ကူညီမှုတွေလုပ်နိုင်ဖို့ အရည်အချင်းတွေ ရှိလာမှာဖြစ်ပါတယ်” ဟု ယူနီဆက်(ဖ်)၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်က ပြောပြခဲ့သည်။အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ထားချက်အရ ရေဘေးသင့်ဒေသရှိ လူဦးရေ ၁ ဒသမ ၆ သန်းကျော်သည် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များသာမက သောက်သုံးရေနှင့် သန့်ရှင်းရေးကဏ္ဍအတွက် အစိုးရရန်ပုံငွေအပြင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်း လိုအပ်နေကြောင်း သိရသည်။ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအနက် ကျန်းမာရေးဝန်ဆောင်မှုများနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ ပြန်လည်ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ ရေဘေးသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ အမျိုးသမီးကျန်းမာရေး ဆရာမများ ရှားပါးခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲဖြစ်နေကြောင်းနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဗဟိုကူးစက်ရောဂါဌာနမှ တုံ့ပြန်ရေးအဖွဲ့တို့သည် ကူးစက်ရောဂါပြန့်ပွားခြင်းမှ ကာကွယ်ရန် ကယ်ဆယ်ရေးစခန်းစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရေဘေးအန္တရာယ်ကျရောက်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ချင်း၊ ရခိုင်ပြည်နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ယာယီဆေးခန်းနှင့် ရွေ့လျားဆေးခန်း ၁၃၇ ခု ဖွင့်လှစ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ယာယီဆေးခန်းနှင့် ရွေ့လျားဆေးခန်းများအနက် မန္တလေးတိုင်းဒေသကြီးတွင် ယာယီဆေးခန်းငါးခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာယီဆေးခန်း ၁၆ ခုနှင့် ရွေ့လျားဆေးခန်း ၁၀ ခု၊ မကွေးတိုင်းဒေသကြီးတွင် ရွေ့လျားဆေးခန်း ငါးခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာယီဆေးခန်း ၂၅ ခုနှင့် ရွေ့လျားဆေးခန်း ၄၅ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ရွေ့လျားဆေးခန်း ခုနစ်ခု၊ ချင်းပြည်နယ်တွင် ရွေ့လျားဆေးခန်း ခုနစ်ခုနှင့် ရခိုင်ပြည်နယ်တွင် ရွေ့လျားဆေးခန်း ၁၇ ခုတို့ ဖွင့်လှစ်ထားကြောင်း သိရသည်။ထို့ပြင်  ရေဘေးသင့်ဒေသများအတွက် ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်သော အကူအညီများပေးရန် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (3MDG) မှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် ကူညီမည်ဟု တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။                

Most Read

Most Recent