လေးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ချင်းတောင်ခြေဒေသတို့မှ ဆက်သွယ်ရေးလမ်းကြောင်းများ အောက်တိုဘာ ၉ ရက်မှစတင်၍ ပြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။
“ဒီနေ့မနက်တင်ပဲ ဇင်းကလင်းကျေးရွာနဲ့ ချင်းဆိုင်ကျေးရွာအကြားက ရထားလမ်းဆုံအနီးမှာရှိတဲ့ ယာယီတံတား ချဉ်းကပ်လမ်း ရေထဲပါသွားတယ်။ အခုအချိန်အထိ တောင်ကျရေက စီးဆင်းနေတုန်းပါ။ ရေစီးသန်တော့ လူကူးဖို့လည်း ခက်တယ်။ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေအကုန်လုံး နည်းပညာတက္ကသိုလ် (ကလေး) ရှေ့မှာ ရပ်နေရတယ်။ မိုးကလည်း အခုအထိကောင်းတုန်းပဲ။ ဘာမှလုပ်လို့ မရသေးဘူး” ဟု အောက်တိုဘာ ၉ ရက် နံနက် ၈ နာရီခန့်က အဆိုပါနေရာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ချင်းတောင်ခြေဒေသနှင့် ချင်းတောင်တို့တွင် မုန်တိုင်းအရှိန်ကြောင့် လေးရက်ခန့် မိုးဆက်တိုက်ရွာသွန်းခဲ့သဖြင့် ချောင်းများ၊ မြစ်များ ရေပြည့်လျှံလျက်ရှိပြီး ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
“ကလေးမြို့ရဲ့ အနောက်မြောက်ဘက် ချင်းတောင်ခြေဘက်က ဆည်ကြီးတံတား (ကလေး-လက်ပန်ချောင်းလမ်း) လည်း ချောင်းရေထဲပါသွားပြီ။ ပြည်တော်သာရွာနားက ပလာတချောင်းတံတားတော့ မပါသေးဘူး။ လယ်ကွင်းတွေဘက်က ရေတွေဝင်လာပြီး လမ်းပေါ်ရေတွေ လျှံကုန်တယ်။ နတ်တံခါးချောင်းလည်း ဒီအတိုင်းပဲ။ ဖြတ်လို့မရတော့ဘူး။ ကလေးမြို့ရဲ့ အနောက်မြောက်ဘက်က ရွာတွေကို သွားလာဖို့ခက်သွားပြီ” ဟု လက်ပံချောင်းရွာမှ ကိုထွေးအောင်က ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကလေး-တမူးလမ်းတွင်လည်း ကံမကြီးရွာကွင်းလမ်းမှ တံတားရေထဲပါသွား၍ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်မှုကြောင့် ဇင်းကလင်းနှင့် ချင်းဆိုင်ကျေးရွာအကြား ယာယီတံတားကျိုးပျက်သွားစဉ်
“ကံမကြီးရွာက ကွင်းလမ်းတံတား ရေထဲပါသွားပြီ။ အသစ်လုပ်ထားတဲ့ ကနန်ရွာနဲ့ ခမ်းပတ်ကို ဆက်သွယ်ထားတဲ့ ကနန်တံတားလည်း ချဉ်းကပ်လမ်းကို ရေတိုက်စားနေတယ်။ မင်းသမီးရွာကို ဆန်အိတ်သွားပို့တာ ဆက်သွားမရတော့လို့ ခမ်းပတ်ရွာမှာပဲ ချထားခဲ့ရတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်နှင့် ကလေးမြို့ကို ဆက်သွယ်ထားသောလမ်းတွင်လည်း မြေပြိုမှုကြောင့် လမ်းများ ပိတ်ဆို့လျက်ရှိသည်ဟု သိရသည်။
“အခုဆိုရင် ရိဒ်နယ်စပ်လမ်းကြောင်း ပိတ်သွားတယ်။ သိုင်းငင်းကျေးဝန်းကျင်မှာ လမ်းတွေပိတ်နေတယ်။ ကားအစီးပေါင်း ရာဂဏန်းလောက်ရှိမယ်။ ဆိုင်ကယ်တောင် သွားဖို့မလွယ်ဘူး။ ဟိုနေ့က လိုင်ဘုံရွာကို ဆိုင်ကယ်နဲ့ပြန်တာ ပြန်မရလို့ ကလေးမြို့ပြန် အိပ်ရတယ်။ တီးတိန်-တွန်းဇံလမ်းလည်း ပိတ်နေလို့ စက်ကြီးတွေနဲ့ပြန်လုပ်နေရတယ်” ဟု တီးတိန်မြို့ခံ ကိုဇမ်ထွမ်းက ပြောကြားသည်။
ချင်းတောင်ခြေဒေသနှင့် ချင်းပြည်နယ်တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှု စသော သဘာဝဘေးဒဏ်များ ခံစားခဲ့ရပြီး အချို့မှာ ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်ကြရဆဲဖြစ်ကြောင်း သိရသည်။















