အာဇာနည် ခေါင်းဆောင် ကိုးဦးတွင် တစ်ဦး အပါဝင်ဖြစ်သည့် အမျိုးသား ခေါင်းဆောင်ကြီး သခင်မြ၏ (၁၁၈) နှစ်မြောက် မွေးနေ့ကို ၎င်း၏ ဇာတိဖြစ်သော ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့၌ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းနားကို ထုံးဘိုမြို့၊ သာသနာ့ ဗိမာန်၌ အောက်တိုဘာ ၇ ရက် နံနက် ၅ နာရီခွဲက ပထမပိုင်း အစီစဉ်အဖြစ်၊ သံဃာတော်များ ဆွမ်းကပ် တရားနာခြင်း၊ ဒုတိယပိုင်းအဖြစ် ဆွေမျိုးနီးပါး တော်စပ်သူများ၊ ဒေသခံ အငြိမ်းစား ကျောင်းဆရာများ၊ ဆရာကြီး သခင်မြ နေအိမ်တွင် နေထိုင်ခဲ့သည့် အဘွားအို တစ်ဦးတို့က သတိရ ဂုဏ်ပြုစကားများ ပြောဆိုကြခြင်းတို့ကို ပြုလုပ် ခဲ့ကြခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံကြီးဟာ မိသားစုကြီးတစ်စုလို မိသားစုတစ်စုရဲ့ခေါင်းဆောင် အိမ်ထောင်ဦးစီး တစ်ယောက်လို ကွယ်လွန် သေဆုံးသွားတယ်ဆိုရင် သူ့အတွက် ကောင်းမှု ကုသိုလ် လုပ်ပေးရတယ်။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ကြီး ၊ မိသားစုရဲ့ အိမ်ထောင်ဦးစီးကြီး ကျဆုံး သေဆုံး သွားတာကို ဂုဏ်ပြုဖို့လိုတယ်။ ဂုဏ်မပြုထိုက်ဘူးလား။ ဂုဏ်မပြုသင့်ဘူးလား။ ဒါလေးကို စဉ်းစားစရာပါ။ ဒီလို စဉ်းစားလို့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို့ ဒီအခမ်းနားလေးကို ပြုလုပ်ကြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ထုံးဘို ပုံရိပ်ကောင်း ဖြစ်သလို အနီးနား ကျေးရွာ နယ်မြေတွေရဲ့ ပုံရိပ်ကောင်းလည်း ဖြစ်ပါတယ်” ဟု ထုံးဘို တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
အခမ်းနားသို့ ဒေသခံများနှင့် ပြင်ပဖြေ အထက်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၀ နီးပါ တက်ရောက်ခဲ့ကြကာ သခင်မြ ဂုဏ်ပြုကဗျာ၊ တေးထပ်၊ တေးသီချင်းများ သီဆိုခြင်း အတ္ထုပ္ပတ္တိ အကျဉ်းဖတ်ကြားခြင်း တို့ကိုလည်း ပြုလုပ်ခဲ့သည်။
“ဒီနေ့ ဒီပွဲ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးထဲမှာ တစ်ဦးဖြစ်တဲ့ သခင်မြလို အာဇာနည် စိတ်ဓာတ်နဲ့ လူငယ်တွေ၊ မျိုးဆက်သစ်တွေနိုင်ငံ အရေးမှာ တက်ကြွစွာ ပါဝင်လုပ် ကိုင်လာချင်အောင် ရည်ရွယ်ပြီး ပြုလုပ် ပါတယ်။ လူမှုရေးတွေမှာပဲ ရပ်မနေကြဘဲ နိုင်ငံ အရေးမှာ ပါဝင် လာစေချင်တယ် လက်တွဲညီညီနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်တယ်” ဟု သခင်မြမွေးနေ့ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ကိုနန္ဒအောင်က ပြောကြားသည်။
အမျိုးသား ခေါင်းဆောင်ကြီးသခင်မြကို ထုံးဘိုမြို့တွင် ၁၈၉၇ ခုနှစ် အောက်တို ဘာ ၇ ရက်က မွေးဖွားခဲ့ပြီး ပညာရေးတွင် ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သူဖြစ်ကာ ဘွဲ့ထူး၊ ဂုဏ်ထူးများစွာ ရရှိခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ရန်ကုန်ကောလိပ် သပိတ်ခေါင်းဆောင် ဘဝမှစကာ ဆရာစံ သူပုန်အတွင်း ငယ်သားများကို အခမဲ့ရှေ့နေလိုက်၊ တို့ဗမာ အစည်းရုံး အမှုဆောင် ဘဝတို့ဖြင့် မြန်မာ့ လွတ်လပ်ရေး အတွက် ကြိုးစားကြရာတွင် အရေးပါသည့် နေရာများမှ ပါဝင် ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း အစိုးရ အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီးဖြစ်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် နိုင်ငံတော် ခေါင်းဆောင်များ လုပ်ကြံခံရမှုတွင် ကျဆုံးခဲ့သည်။















