မြိတ်အထပ်သားစက်ရုံတွင် အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခလစာ မထုတ်ပေးသောကြောင့် အလုပ်သမားများ အလုပ်မဆင်းဘဲ ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်ဖောက်ကျေးရွာရှိ မြိတ်အထပ်သားစက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားများမှာ အောက်တိုဘာ ၆ ရက်က အနိမ့်ဆုံး လုပ်ခလစာမရရှိသောကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ အထပ်သားစက်ရုံမှာ အလုပ်သမားအားလုံး ၁၇၂ ဦး ရှိပါတယ်။ လစာက ၄၀၀၀၀ ပဲရရှိပါတယ်။ နောက်ပိုင်း လစာတိုးပေးတယ်ဆိုပြီးတော့ တစ်ဦးကို ကျပ် ၁၅၀၀၀ တိုးပေးပါတယ်။ နိုင်ငံတော်က အလုပ်သမားတွေကို အနိမ့်ဆုံးတစ်နေ့ကို ကျပ် ၃၆၀၀ ပေးဖို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။ လစာ ၁၅၀၀၀ တိုးပေးတာကိုလည်း အလုပ်သမားတွေကိုလည်း မမေးမြန်းဘူး။ တိုင်ပင်ခြင်းလည်း မရှိဘူး။ မနေ့က လစာထုတ်ပေးပါတယ်။ ဒါပေမဲ့ အနိမ့်ဆုံးလခ မပေးဘူး။ ဒါကြောင့် ကျွန်မတို့ အလုပ်မဆင်းဘဲ အနိမ့်ဆုံးလစာ ရရှိရေးအတွက် တောင်းဆိုတာပါ” လို့ မြိတ်အထပ်သားစက်ရုံမှ အလုပ်သမားခေါင်းဆောင် မမာမာဝေက ပြောကြားခဲ့သည်။
အထပ်သားစက်ရုံမှာ မြန်မာနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ပြီး အိန္ဒိယကုမ္ပဏီမှ ငှားရမ်းကာ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အနိမ့်ဆုံးလစာ သတ်မှတ်ပေးထားပြီးဖြစ်သော်လည်း ကုမ္ပဏီမှထုတ်ပေးခြင်းမရှိသလို အချိန်ပိုကြေးများကိုလည်း နည်းပါးစွာ ထုတ်ပေးကြောင်း သိရသည်။
“တစ်နာရီကို လုပ်ခလစာ ကျပ် ၄၅၀ တစ်နေ့ကို ကျပ် ၃၆၀၀ အနိမ့်ဆုံးပေးကြဖို့ နိုင်ငံတော်က ဆောင်ရွက်ပေးထားပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေဖြင့် ကုမ္ပဏီ ကို အကြောင်းကြားပေးထားပြီးသားပါ။ ကုမ္ပဏီနှင့် အလုပ်သမားတွေကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ရတာပါ။ သတ်မှတ်ထားတဲ့နှုန်းရဖို့ ကျွန်တော်တို့ လာရောက်ဆွေးနွေးပးပြီးပါပြီ။ ကုမ္ပဏီကလည်း ပေးရန် သဘောတူပါတယ်။ အချိန်ပိုအနေနှင့် တစ်နာရီကို အနိမ့်ဆုံး ၄၅၀ သတ်မှတ်ထားတဲ့အတွက် အချိန်ပိုဆင်းမယ့်သူများအနေဖြင့် အနိမ့်ဆုံးလုပ်ခရဲ့ နှစ်ဆဖြစ်တဲ့ ကျပ် ၉၀၀ ရရှိမှာဖြစ်ပါတယ်” လို့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွန် ကြားရေးမှူး ဦးစိန်လင်းက ပြောကြားသည်။
မြိတ် အထပ်သားစက်ရုံမှ အလုပ်သမားများ ဆန္ဒပြုမှုကို အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနလ/ထညွန်ကြားရေးမှူး ဦးစိန်လင်း၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်အေး၊ လူမှုဖူလုံရေးဦးစီးအရာရှိ ဦးဖေကြည်နှင့် ရပ်ကွက်အုပ်ချုပ်မှူးများ လာရောက်ကာ ကုမ္ပဏီနှင့် အလုပ်သမားကြား ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အလုပ်သမားများဘက်မှ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ ရရှိရေး၊ လုပ်ငန်းခွင်ထိခိုက်မှု စောင့်ရှောက်ပေးရေး၊ လုပ်အားခနှိမ်ချစေခိုင်းမှု မပြုလုပ်ရေး၊ သက်ဆိုင်ရာမှ လုပ်ငန်းရှင်နှင့် အနိမ့်ဆုံးလစာ ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး ကုမ္ပဏီဘက်မှ တောင်းဆိုမှုများပေးရန် သဘောတူခဲ့ကာ အောက်တိုဘာ ၈ ရက် ၂ နာရီတွင် လုပ်ခလစာများ ထုတ်ပေးသွားရန် သဘောတူသောကြောင့် အလုပ်သမားများနှင့် ပြေလည်မှုရခဲ့ကြောင်း သိရသည်။















