ဟင်္သာတမြို့နယ် ကျေးရွာအချို့သို့ သွားရောက် မဲဆွယ်စဉ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ပြောကြားခဲ့သည့် အိုဘားမား နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတာပေါ့ ဟူသည့် စကားရပ်အပေါ် ဝေဖန်မှု များခဲ့ကြောင်း သိရသည်။
ဦးဌေးဦးသည် အောက်တိုဘာ ၅ ရက်က ဟင်္သာတမြို့နယ် ကျေးရွာအချို့၌ မဲဆွယ် စည်းရုံးခဲ့ပြီး ရဲကွင်း ကျေးရွာ မဲဆွယ်စည်းရုံးမှုတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေး စနစ် ပြောင်းလဲမှုကို ဘယ်သူတွေ အသိအမှတ် ပြုလဲဆိုတော့ ဟိုအရင်တုန်းက စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်နေတဲ့ ပြောင်းမှာ မဟုတ်ပါဘူးဆိုတဲ့ နိုင်ငံကြီးတွေ အသိအမှတ် ပြုလာတယ်။ အဆက်အသွယ် လုပ်လာတယ်။ အဲဒီအတွက် ဟိုးအရင်တုန်းက ကျွန်တော်တို့ကို ကုလသမဂ္ဂ နယ်ပယ်မှာ အပြစ်တွေ တင်နေတယ်။ အရေးယူဖို့ လုပ်နေတယ် ဆိုတဲ့ နိုင်ငံကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာလည်ကြတယ်။ မစ္စတာ အိုဘားမား။ သူလာတယ်။ နှစ်ကြိမ်တောင် လာတယ်။ နှစ်ကြိမ် လာလည်တော့ ဘာဖြစ်လဲ။ နှစ်ကြိမ ်အနမ်းခံရတာပေါ့”ဟု ဦးဌေးဦးက ရဲကွင်း ကျေးရွာ၌ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဌေးဦး၏ ပြောစကား၌ ပါဝင်သော “နှစ်ကြိမ် အနမ်းခံရတာပေါ့”ဟူသည့် ပြောဆိုချက်သည် အမေရိကန် သမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြား တွေ့ဆုံစဉ် နှုတ်ဆက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်။
ယင်းကဲ့သို့ ဦးဌေးဦး ပြောဆိုခဲ့သည့် စကားရပ်နှင့် ပတ်သက်သော သတင်း တစ်ပုဒ်ကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက Eleven Media Group ၏ Facebook Page ၌ ဖော်ပြခဲ့ရာ ညနေ ၆ နာရီအချိန်တွင် ကြည့်ရှု သူ ၁ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ဝေဖန် မှတ်ချက် ရေးသားသူ ၁၁၀၀၀ ကျော်ရှိခဲ့သည်။
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း Eleven Media Group ၏ Facebook Page ၌ သတင်းတစ်ပုဒ်အပေါ် ဝေဖန်မှတ်ချက် (Comment) ရေးသားသူ ၁၀၀၀၀ ကျော်ခဲ့သည့် ဖြစ်စဉ် မရှိခဲ့ဘဲ ယခု ပထမဆုံး မှတ်တမ်း ဝင်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ရေးသားခဲ့သည့် ဝေဖန် မှတ်ချက် အားလုံး နီးပါးသည် ဦးဌေးဦး၏ ပြောစကားအပေါ် ပြန်လည် ဝေဖန် ခဲ့သည့် အကြောင်းအရာများသာ ဖြစ်ခဲ့သည်။
အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နှုတ်ဆက်နေစဉ်
“အသက် ၅၀ သားတစ်ယောက်က အသက် ၇၀ အမေ တစ်ယောက်ကို လူပုံအလယ်မှာ နမ်းတာ ခင်ဗျားတို့ ပြုံးပြီး မုဒိတာ မပွားနိုင်ဘူးလား။ ဒါကိုကျ နှာခေါင်းရှုံ့တတ်ပြီး KTV တွေမှာ မြေးအရွယ် ကောင်မလေးတွေနဲ့ သွားကဲတာတော့ အပြစ်မဆိုသာဘူးပေါ့”ဟု Facebook သုံးစွဲသူတစ်ဦးက မှတ်ချက် ရေးသားခဲ့သည်။
“သမ္မတ အိုဘားမားက သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နှုတ်ဆက်တယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထု ကိုယ်စား အတိုက်အခံ ခေါင်းဆောင်က သူတို့ ယဉ်ကျေးမှုအရ ပြန်နှုတ်ဆက်တာကို နားလည်မှု မရှိတာ အံ့သြပါရဲ့”ဟု ငြိမ်းေ၀ အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက ဦးဌေးဦး၏ စကားရပ်အပေါ် မှတ်ချက်ပေးခဲ့သည်။
ထို့အတူ ဦးဌေးဦး အနေဖြင့် ယခုကဲ့သို့ ပြောဆိုခြင်း မလုပ်ဘဲ လူကြီးလူကောင်း ဆန်စွာဖြင့် ပြောဆိုသင့်ကြောင်း ဝေဖန် သုံးသပ်ချက် များစွာကိုလည်း လူမှု ကွန်ရက် သုံးစွဲသူများက ပြောကြားခဲ့သည်။
ထို့ပြင် ဦးဌေးဦး၏ ပြောစကားအပေါ် လူမှု ကွန်ရက် သုံးစွဲသူများ သာမက ပြင်ပ၌လည်း ဝေဖန် ပြောကြားမှုများ ရှိခဲ့ပါသည်။
“ဒါကတော့ ယဉ်ကျေးမှုပဲဗျ။ ကမ္ဘာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှု တူချင်မှ တူမှာကိုး။ သူ့ယဉ်ကျေးမှုနဲ့သူ ဖက်လဲတကင်း နေတာက Diplomacy အားဖြင့်တော့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့အနေအထားကို သဘော ပေါက်သင့်တာပေါ့။ ကမ္ဘာ့ခေါင်းဆောင်တွေ အချင်းချင်းတွေ့တဲ့အခါ Gender မခွဲတော့ဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေ အချင်းချင်း ပြင်သစ်လို နှုတ်ဆက်ရင် ပိုတောင်ဆိုးသေးတယ်။ တစ်ကိုယ်လုံးကို ပွေ့ဖက်ပြီး နှုတ်ဆက်တာ။ ဒီလိုမျိုး ဝေဖန် မဲဆွယ်တာကတော့ ဆင်ခြင်သင့်ပါတယ်။ အင်အားကြီး ပါတီ တစ်ခု ဖြစ်နေတယ်လေ။ ကျွန်တော်တို့လို တိုင်းရင်းသား ပါတီလေး မဟုတ်ဘူးလေ။ အင်အားကြီး ပါတီ တစ်ခု ဖြစ်ပြီး မြန်မာလူမျိုး အချင်းချင်း ဖြစ်နေတယ်။ အဓိက ပြိုင်ဘက် ပါတီ အချင်းချင်း ဖြစ်တဲ့အခါ ပိုပြီးတော့ ညင်ညင်သာသာ ချဉ်းကပ်သင့်ပါတယ်” ဟု ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
“ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပါလာတာပေါ့။ ဒါက ပါတီ ပေါ်လစီကို အခြေမခံဘဲနဲ့ လူပုဂ္ဂိုလ်ရေး ကိစ္စတွေကို အခြေခံပြီး ဟောတယ် ပြုတယ်ဆိုတာ နည်းဥပဒေနဲ့ မညီညွတ်သလို တရားမဲ့ ပြုကျင့်မှုတွေနဲ့လည်း ပတ်သက် နေတယ်။ အကျုံးဝင်နေတယ်။ သူ့လို ပါတီကြီးတစ်ခုကို ဦးဆောင်နေတဲ့ (ပူးတွဲ) ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဒီလို လက်လွတ်စပယ် ပြောမယ့်အစား သူ့ရဲ့ပါတီမူဝါဒကိုပဲ အခြေခံပြီး ပြောသင့်တယ်။ ဒါမှသာ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလိမ့်မယ်။ သူ့အနေနဲ့ လက်ရှိ အာဏာရ ပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အထူး ဆင်ခြင်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။
ဦးဌေးဦးနည်းတူ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်လည်း သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှုတ်ဆက်နေသော ဓာတ်ပုံတစ်ပုံကို ဗီနိုင်း ပိုစတာ ထုတ်ပြီး မေးခွန်းထုတ်မှု ပြုလုပ်ခဲ့ဖူးကြောင်း ဦးသိန်းအောင် ဗီနိုင်းပိုစတာ ကိုင်ဆောင်ထားသော ဓာတ်ပုံနှင့်တကွ ပြောဆိုထားသည့် Facebook Status တစ်ခု ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က လူမှု ကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုသို့ ပျံ့နှံ့ ခဲ့ပြီး ၁၅ ရက်အကြာ ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာ မဲဆွယ် စည်းရုံးမှုတွင် ဦးဌေးဦး၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဌေးဦးက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် လည်းကောင်း၊ ဦးသိန်းအောင်က ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) အင်္ဂပူမြို့နယ်မှ လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။















