သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT VPA) လုပ်ငန်းစဉ် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဆောင်ရွက်နိုင်ရေး အပြီးသတ်ဆွေးနွေး

သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT VPA) လုပ်ငန်းစဉ် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဆောင်ရွက်နိုင်ရေး အပြီးသတ်ဆွေးနွေး
Published 29 September 2015
နီလာ၊ထက်သျှိုင်း

သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT VPA)လုပ်ငန်းစဉ်၊ ပုဂ္ဂလိက ကဏ္ဍ ပါဝင် ဆောင်ရွက်နိုင်ရေး အပြီးသတ် အဆင့်  အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ပြည် လမ်းပေါ်ရှိ IBC တွင် ပြုလုပ်ခဲ့သည်။
သစ်တောဥပဒေ စိုးမိုးမှု၊အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT VPA) လုပ်ငန်းစဉ် စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဥရောပသမဂ္ဂ၏ Global Timber Forum တို့သည် ဇူလိုင်လအတွင်းက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို သြဂုတ်၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
“အခု လောလောဆယ်မှာ အဖွဲ့အစည်း သုံးခုက သူတို့ အတွင်းထဲမှာ ဆွေးနွေးနေတာ။ ဆွေးနွေးပြီးတော့မှ FLEGT VPA ယာယီ လုပ်ငန်း ကော်မတီက သုံးပွင့်ဆိုင် တွေ့ဖို့ အဆင့်သင့် ဖြစ်ပြီဆိုပြီး အစိုးရကိုလည်း အကြောင်းကြားမယ်။ အီးယူကိုလည်း အကြောင်းကြားမယ်။ အခုဟာက အကြိုဆွေးနွေးတာပါ။ VPA လုပ်မယ် မလုပ်မယ် မဆုံးဖြတ်ရသေးဘူး” ဟု မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် အကြံပေး ဦးဘာဘာချိုက ပြောကြားသည်။
ပြည်တွင်း၌ သစ်ထုတ်လုပ်ရာတွင် အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် သစ်ကုန်သည်များ အကြား တရားဝင် သစ်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ကွဲလွဲမှုများ ရှိနေကြောင်း၊ ပြည်တွင်း၌ ညှိနှိုင်းမှုများ ပြီးစီးမှသာ ဥရောပသမဂ္ဂနှင့် FLEGT ဆိုင်ရာ ဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။
“FLEGT မှာ သုံးပိုင်းပါတယ်။အရင်ဆုံး အဖွဲ့အစည်းတွေ အချင်းချင်း ညှိရမယ်။ဥပမာ NGO ဆိုရင် အဲဒီကြားထဲမှာ ညှိရမယ်။ ကုန်သည်ဆိုရင် သစ် လုပ်ငန်းရှင်တွေထဲမှာ ညှိရမယ်။ အစိုးရကလဲ အစိုးရထဲမှာ ညှိရမယ်။ ကိုယ်အဖွဲ့အစည်းအတွင်းမှာ ညှိနှိုင်းရမယ်။ နိုင်ငံအတွင်းမှာ ညှိနှိုင်းရမယ်” ဟု ညှိနှိုင်းရေး မူဘောင် ရေးဆွဲမှုတွင် ပါဝင်သည့် စိမ်းလန်း အမိမြေမှ ဦးဝင်းမျိုးသူက ထိုကဲ့သို့ ပြောကြားသည်။        
ဥရောပသမဂ္ဂသို့ တရာဝင်သစ် တင်ပို့ခွင့်  (FLEGT)ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် သစ်ကုန်သည်များ ညှိနှိုင်းရေး မူဘောင် လာမည့် နိုဝင်ဘာလတွင် ပြီးစီးမည် ဖြစ်ကြောင်း   သတင်း ရရှိသည်။ ထိုကဲ့သို့ ညှိနှိုင်းရေး မူဘောင် ပြီးစီးမည့် ကာလသည့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

Most Read

Most Recent