ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ ရှားစေဖို ကျေးရွာအုပ်စုမှ လယ်မြေဧက ၅၀၀ ခန့်အား တပ်သိမ်းမြေ အဖြစ်မှ တရားဝင် စွန့်လွှတ်ထားပြီး ဖြစ်သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ စွန့်လွှတ်ကြောင်း အမိန့်စာ ထုတ်ပြန်ပေးခြင်း မရှိသေးသဖြင့် ဒေသခံ လယ်သမားများအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇) ထုတ်ပေးရန် ဆိုင်းငံထားခြင်း ဖြစ်ကြောင်း မြေစာရင်းဦးစီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
‘အရင်ကတော့ တပ်ရင်း ၃၉ ကနေ သိမ်းတာပေါ့။ တပ်ရင်း ၃၉ က နေ စွန့်လွှတ်ထားပြီးပြီ။ အဲဒီ ၅၅၂ ဧကမှာ ဧက ၆၀ ကိုပဲ တပ် မိသားစု အတွက်ဆိုပြီး ယူထားတာ။ ကျန်တာ အကုန်လုံး စွန့်လွှတ်တယ်။ စွန့်လွှတ်တာကို ပြည်ထဲရေးကနေ အမိန့်စာ မထွက်သေး ဘူး။ ကာကွယ်ဝန်ကြီးဌာနကနေ ပြတ်ပြတ်သားသား စွန့်လွှတ်ထားပေမယ့် ပြည်ထဲရေးက အမိန့်မထွက်သေးတဲ့အခါကျတော့ ခေတ္တဆိုင်းငံ့ဆိုပြီး ကျွန်တော်တို့ မြို့နယ် လယ်/ စီ အဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ စောင့်နေတာပေါ့။ အဲဒါကြောင့် ထုတ်ပေးလို့ မရ သေးတာ’ဟု ထန်းတပင်မြို့နယ် မြေစာရင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းလှိုင်က ဆိုသည်။
‘စစ်တပ်က ၉၄ ခုနှစ်၊ ၉၅ ခုနှစ် လောက်ကစပြီး ကျွန်တော်တို့ ရှားစေးဘိုဒိုင်နယ် ကလယ်တွေကို သိမ်းသွားတာ။ ကျွန်တော့် လယ်ဧက ၃၀ နီးပါး အသိမ်းခံရတယ်။ ပြီးခဲ့ တဲ့ ၂၀၁၄ ခုနှစ် ၅ လပိုင်းတုန်းက တောင်ငူ ကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း လာတုန်း က တပ်သိမ်းမြေတွေ စွန့်လွှတ်ပေးတဲ့ အကြောင်း ပြောသွားတာ။ ကျွန်တော်တို့ လယ်တွေ အကုန်လုံးပါတယ်။ အဲဒီလို စွန့်လွှတ်ပြီးတဲ့ နောက်ပိုင်း၂၀၁၄ ခုနှစ် ၉ လပိုင်းလောက် ကတည်းက ကျွန်တော်တို့ တောင်သူတွေက မြို့နယ် မြေစာရင်း ဦးစီးဌာနမှာ ပုံစံ (၇)ထုတ် တာ ဒီနေ့အထိမရသေးပါဘူး။ ပုံစံ (၇) မရလို့ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရေးကာလမှာ ချေးငွေ ထုတ်ချေးလို့မရကြဘူး။ ကျွန်တော်တို့ဆီမှာ ပုံစံ ၁ တို့ပုံစံ ၃ တို့ အဆင့်ဆင့်ရှိနေပြီ။ ပုံစံ (၇) ထုတ်ဖို့ပဲ ကျန်တော့တာ။ ဒါကို ဘာလို့ ထုတ်မပေး တာလည်းဆိုတာကို နားမလည် ဘူး’ဟု မြေဧက ၃၀ နီးပါး အသိမ်းခံရသည့်၊ ရှားစေးဘိုဒိုင်နယ်၊ ဇီးဖြူကုန်းရွာနေ ဦးထွန်း ကြိုင်က ပြောကြားသည်။
ထန်းတပင်မြို့နယ် ရှားစေးဘိုဒိုင်နယ်ရှိ ပျဉ်ဂန်းကွင်း၊ ခြံကြီးကွင်း၊ ရှားစေးဘိုကွင်း တို့မှမြေဧက ၇၀၀ ကျော်အား နယ်မြေအတွင်း ဝင်ရောက်လာသည့် တပ်ရင်းအချို့မှ သိမ်းယူသွားခဲ့ကြောင်း၊ အဆိုပါ တပ်သိမ်း မြေများအား စွန့်လွှတ် ပေးသည့်အကြောင်း ၂၀၁၄ ခုနှစ်မှ စတင် ဒုတိယသမ္မတ အပါအဝင် အစိုးရ သတင်းစာတို့မှ တရားဝင် ကြေညာခဲ့ကြောင်း၊ ထိုသို့ စွန့်လွှတ်ပြီးနောက် အသိမ်းဆည်းခံ လယ်သမားများမှ စိုက်ဘဏ် ချေးငွေရရှိရန် ထန်းတပင်မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ပုံစံ(၇) လျှောက်ထား ခဲ့သော်လည်း ပျဉ်းဂန်းကျေးရွာလယ်သမားသာပုံစံ (၇) ရရှိခဲ့ပြီး ခြံကြီးကွင်းနှင့် ရှားစေးဘိုကွင်း မှ လယ်မြေဧက ၅၀၀ နီးပါးခန့်မှာ ပုံစံ (၇) ရ ရှိခြင်း မရှိသဖြင့် မိုးစပါး စိုက်ပျိုးရာတွင် ချေးငွေ ရယူခဲ့ခြင်းမရှိကြောင်း ဒေသခံ တောင်သူ များက ပြောကြားသည်။
‘တပ်က စွန့်လွှတ်ပြီးရင် ပြည်ထဲရေး ဝန်ကြီးဌာနက အမိန့်ပေ့ါ။ နိုင်ငံတော် စီမံခန့် ခွဲ ပိုင်ခွင့်ရှိတဲ့မြေအဖြစ် သူက ပြန်ပြီးတော့ ကြေညာပေးရတယ်။ ပျဉ်ဂန်းအုပ်စုကတော့ရှင်းလို့ ပုံစံ(၇)ထုတ်ပေးပြီးပြီ။ ခြံကြီးကွင်း ကျတော့ ကွင်းနှစ်ကွင်းမှာ ဘယ်လိုဖြစ်နေလဲဆိုတော့မူ လက်ငုတ်လုပ်တဲ့ လယ်သမားရှိတယ်။ တပ်ကသိမ်းပြီးတော့မှ လုပ်နေတဲ့ လူတွေလည်းရှိတယ်။ အဲဒီမှာ အပြိုင်လျှောက် ထားတာတွေရှိတော့ စိစစ်ရသေးတယ်။ စိစစ်တဲ့အခါကျတော့ ကာကွယ်ရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား စွန့်လွှတ်ပေမယ့် ပြည်ထဲရေးက အမိန့်မထွက်တဲ့ အခါကျတော့ မြို့နယ် လယ်/စီအဖွဲ့ အနေနဲ့ ခေတ္တဆိုင်းငံ့ထားတာ ပါ။ ဒါပေမဲ့ အဆင်သင့် လုပ်ပြီးသားလေ။ အမိန့်ကျလာတာနဲ့ ကျွန်တော်တို့က ထုတ်ပေးရုံပဲ’ဟု ဦးဝင်းလှိုင်က ဆက်လက်ပြောကြားသည်။
ထန်းတပင်မြို့နယ် ခြံကြီးကွင်းလယ် မြေများအား တပ်သိမ်းမြေ အဖြစ်မှ စွန့်လွှတ်ထားပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ စွန့်လွှတ်ကြောင်း အမိန့်စာ ထုတ်ပြန်ပေးခြင်း မရှိသဖြင့် ပုံစံ(၇) ထုတ်ပေးရန် ဆိုင်းငံ့ထားခြင်းဟု ဆို















