အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ အတည်ပြုသတ်မှတ်ပြီးနောက် ယခု လတ်တလောဖြစ်ပေါ်နေသည့် စက်ရုံများမှ ဝန်ထမ်းအင်အားလျှော့ချခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားအဖွဲ့ချုပ်များနှင့် အစိုးရ၊ အလုပ်ရှင်တို့ သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် AFFM ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ချုပ်များမှ ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
“အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ စက်ရုံတွေက လူအင်အားလျှော့ချတာတွေ၊ သမဂ္ဂဝင်တွေကို ရွေးပြီး အလုပ်ထုတ်တာတွေ၊ ကျပ် ၃၆၀၀ ပေးရလို့ အခြားခံစားခွင့်တွေကို လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာပါ” ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။
သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်းအလုပ်သမားများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်နှင့် မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့က ပူးပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အနိမ့်ဆုံးလုပ်ခနှုန်း တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀ သည် အလုပ်သမားတစ်ယောက်အတွက် အနည်းဆုံး ရရှိသင့်သည့်ဝင်ငွေသာ ဖြစ်ပြီး လက်ရှိတွင် စက်ရုံများမှ အလုပ်သမားလျှော့ချခြင်း၊ လုပ်ခလစာကို လုပ်သက်နှင့် ကျွမ်းကျင်မှုစွမ်းရည် သတ်မှတ်နှုန်းထားများအား ဖယ်ရှားပြီး တစ်ပြေးညီသာ ပေးတော့မည်ဟု အကြောင်းကြားခြင်းများ ပြုလုပ်နေကြသည်ဟု ဆိုသည်။
ဆက်လက်၍ အနိမ်းဆုံးလုပ်ခလစာ သတ်မှတ်ချက်သည် ဘက်ပေါင်းစုံမှ ဆင်းရဲနိမ့်ကျနေသော မြန်မာနိုင်ငံအလုပ်သမားများအတွက် ဆင်းရဲတွင်းမှ လွတ်မြောက်စေနိုင်သည့်
အရေးကြီးလှသည့် ဆောင်ရွက်ချက်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်ရေးအတွက် စုပေါင်းဆွေးနွေးအဖြေရှာခြင်းတို့ ပြုလုပ်သင့်ကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမားစာချုပ်အသစ်များ ပြန်လည်ချုပ်ဆိုပြီး ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ကြရန် တိုက်တွန်းကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) မှ အထွေထွေအတွင်းရေးမှူး ကိုဇာနည်သွေးကလည်း “အလုပ်သမားဥပဒေ၊ အငြင်းပွားမှုဥပဒေတွေ ပြင်ဆင်ရေးနဲ့ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေမှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့အချက်တွေ ပါဝင်ဖို့နဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေရဲ့ လျော်ကြေးနှုန်းထားနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း သုံးပွင့်ဆိုင်ဆွေးနွေးမှာပါ။ နောက် သတ်မှတ်ထားတဲ့ကာလမှာ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်တွေချုပ်ကြဖို့ တိုက်တွန်းပါတယ်။ မဟုတ်ရင် တရားမဝင် အလုပ်သမားခိုင်းစေမှုနဲ့ ဖမ်းဆီးခံရမှာပါ”ဟု ဆိုသည်။
စက်တင်ဘာ ၁ ရက်က အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ အတည်ပြုသတ်မှတ်ပြီးနောက် စက်ရုံများမှ ဝန်ထမ်းလျှော့ချမှုများ ရှိခဲ့ပြီး ဝန်ထမ်းလျှော့ချမှုများကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်မှု များပြားလာကြောင်း သိရသည်။
အနည်းဆုံးအခကြေးငွေ တစ်နေ့ ကျပ် ၃၆၀၀ သတ်မှတ်ပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ဝန်ထမ်းလျှော့ချမှုများနှင့် စပ်လျဉ်း၍ အလုပ်သမားအဖွဲ့ချုပ်များနှင့် အစိုးရ၊ အလုပ်ရှင် သုံးပွင့်ဆိုင်ဆွေးနွေးမည်















