မွန်ပြည်နယ်အတွင်းရှိ ဓားပြအဖွဲ့နှင့် ဆက်စပ်လျက်ရှိသူ ကိုးဦးကို လက်နက်မျိုးစုံ ၁၁ လက်နှင့်အတူ ဖော်ထုတ်ဖမ်းဆီး

မွန်ပြည်နယ်အတွင်းရှိ ဓားပြအဖွဲ့နှင့် ဆက်စပ်လျက်ရှိသူ ကိုးဦးကို လက်နက်မျိုးစုံ ၁၁ လက်နှင့်အတူ ဖော်ထုတ်ဖမ်းဆီး
Published 19 September 2015

မွန်ပြည်နယ်အတွင်းရှိ ဓားပြအဖွဲ့နှင့် ဆက်စပ်လျက်ရှိသူ ကိုးဦးကို လက်နက်မျိုးစုံ ၁၁ လက်နှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်က တပ်မတော်ပိုင် မြဝတီ သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးတံတားကြီးတွင် တပ်မတော်စစ်ကြောင်းက လုံခြုံရေးဆောင်ရွက်စဉ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ထားဝယ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူမှာ မွန်ဓားပြ နိုင်မွန်ချမ်းအဖွဲ့မှ ခေါဇာမြို့နယ်ခွဲ၊ ဓနိသကြားကျေးရွာတွင် နေထိုင်သည့် အသက် ၃၇ နှစ် အရွယ်ရှိသူ အပဲ့ (ခ) ဆိတ်ကလေး ဖြစ်ကြောင်း၊ အဆိုပါ အပဲ့ (ခ) ဆိတ်ကလေးထံမှ ဖော်ထုတ်ရရှိချက်အရ စက်တင်ဘာ ၄ ရက် တွင် ၎င်းကိုင်ဆောင်သည့် အေကေ-၄၇ သေနတ် တစ်လက်နှင့် ကျည်အိမ် သုံးခုအား ဓနိသကြားကျေးရွာနှင့် မကျီးကျေးရွာကြား ချုံ အတွင်းမှ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး မွန်ဓားပြများနှင့် ပတ်သက်မှုရှိသည့် မကျီးကျေးရွာနေ အနှစ်အား လည်းကောင်း၊ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အောင်မိုး ၃၃ နှစ်(ဘ) ဦးစုန်းနှင့် အလင်း ၄၂ နှစ်(ဘ)ဦးမောင်တို့အား လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
 
ဖမ်းဆီးရမိသူများထံမှ ဖော်ထုတ်ရရှိချက်များအရ စက်တင်ဘာ ၇ ရက်တွင် ရေးမြို့ရှိ အေးချမ်းစားသောက်ဆိုင်အတွင်း ဝင်ရောက်ရှာဖွေရာ ပိုင်ရှင် အထွန်းနှင့်အတူ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ အူဇီသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၁၁ တောင့်၊ ပွိုင့်-၂၂ ကျည် နှစ်တောင့်၊ မီးကျည်တစ်တောင့်၊ ၉ မမ ပစ္စတို အတု တစ်လက်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခန့်တွင် မွန်ဓားပြများနှင့် ဆက်စပ်မှုရှိသည့် ခေါဇာကျေး ရွာမှ ကွန်ဒေ့၏ နေအိမ်နှင့် ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ ကွန်ဒေ့နှင့်အတူ ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၂၁ တောင့်၊ ဒေသန္တရလုပ် ပုလင်းမိုင်းတစ်လုံးတို့အား လည်းကောင်း၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်ပင်ကွင်းကျေးရွာနေ အနိုင်နှင့်အတူ ၎င်းကိုင်ဆောင်သည့် ပွိုင့်-၃၈ ခြောက်လုံး ပြူးသေနတ် တစ်လက်၊ ၎င်းကျည်ခြောက်တောင့် နှင့် လမ်းလျှောက်စကားပြောစက် နှစ်လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
ထပ်မံဖော်ထုတ်ရရှိချက်အရ စက်တင် ဘာ ၁၂ ရက်တွင်  ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အစင်ရွာလမ်းနှင့် ဘူတာလမ်းထောင့် နေမွန်ချမ်းအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူ အပေါင်(ခ)သိန်းဝင်း နှင့် ထွန်းအောင်တို့အား နေအိမ်အောက်ထပ်ရှိ ထင်းပုံအောက်မြေကြီး အတွင်း၌ ဝှက်ထားသော ၎င်းတို့ ဓားပြတိုက်ရယူထားသည့် ရွှေထည်ပစ္စည်း ကိုးမျိုး၊ အလေးချိန် ၁၇ ဒဿမ ၁၅၉ ကျပ်သား (ကာလတန်ဖိုး ၁၂၄ သိန်း ၉ သောင်းကျပ်ခန့်) တို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
 
ထိုသို့ ဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မွန်ဓားပြ မွန်ချမ်းအဖွဲ့မှ မွန်နန်း(ခ)အနန်း (ခ)မောင်နိုင် ၃၇ နှစ်(ဘ)ဦးအောင်သည် လက်လုပ်ပစ္စတို တစ်လက်၊ ၉ မမကျည် ၈ တောင့် ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အောင်ထွန်း ၃၃ နှစ်(ဘ)ဦးမောင်ပုသည် ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည် ခုနစ်တောင့်၊ အိုင်ကွန် တစ်လုံးတို့ဖြင့် လည်းကောင်း တပ်မတော် စစ်ကြောင်းများသို့ အသီးသီး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent