တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ရေး ဆန္ဒပြခဲ့သည့် ကိုနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အား ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလစီ ချမှတ်

တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ရေး ဆန္ဒပြခဲ့သည့် ကိုနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အား ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် လေးလစီ ချမှတ်
Published 18 September 2015
ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း

 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးအသီးသီးက ပုဒ်မ ၁၈ အပါအဝင် ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်လေးနှစ် ရှစ်လ ချမှတ်ခံထားရသော ကိုနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အား စက်တင်ဘာ ၉ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ နှစ်မှုစီဖြင့် ဆက်လက်ရုံးထုတ်ခဲ့သည်။
 
ယင်းနေ့တွင် လက်ပံတောင်း တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရေး ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသော ကိုနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့သည်။ ယင်းအပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း လက်ပံတောင်းတောင်၌ သံဃာတော်များအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းခံရမှု နှစ်နှစ်ပြည့် ဆူးလေဘုရားတွင် ဆုတောင်းပွဲပြုလုပ်သောကြောင့် ဒေါ်နော်အုန်းလှအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလ ထပ်မံချမှတ်ခဲ့သည်။
 
“ဒီနေ့ကတော့ ပြီးခဲ့တဲ့နှစ်က လက်ပံတောင်းတောင်မှာ ဘုန်းကြီးတွေကို မီးလောင်ဗုံး ဖြိုခွင်းခံရတဲ့နှစ်နှစ်ပြည့်ကို ဘုရားမှာ ဆုတောင်းပွဲပြုခဲ့တယ်။ အဲဒါကို ပုဒ်မ ၁၈ နဲ့ လေးလချတယ်။ ပြီးတော့ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဆန္ဒပြတဲ့အတွက် လေးလချတယ်။ စုပေါင်း ရှစ်လပေါ့။ ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ လုပ်တဲ့သူကိုကျတော့ အခုအရေးယူမယူဘူး။ ကျွန်မတို့ ကျတော့ထောင်တွေ ခဏခဏ ချနေတယ်။ ဒါတွေက တရားလား၊ မတရားလားဆိုတာ ကြည့်တာနဲ့ သိတာပါပဲ။ အစိုးရမကောင်းသေးသရွေ့ကတော့ ကျွန်မတို့ကိုဖမ်းထားမှာပဲ။ 
အစိုးရက သူနောက်ကို အကုန်လိုက်စေချင်တယ်လေ။ အစိုးရ မကောင်းရင် မကောင်းဘူးပြောရမှာက ကျွန်မတို့တာဝန်ပါ။ နိုင်ငံသားတွေ နစ်နာရင် နစ်နာတယ်။ ပြောရမှာ ကျွန်မတို့တာဝန်ပါ” ဟု ဒေါ်နော်အုန်းလှက စက်တင်ဘာ ၁၈ ရက်တွင် ပုဒ်မ ၁၈ နှစ်မှုဖြင့် ထောင်ဒဏ်ရှစ်လ ချမှတ်ခံရပြီးနောက် ပြောကြားသည်။ ယင်းနေ့တွင်ပင် ကိုနေမျိုးဇင်က၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်မှ လွတ်လပ်ရေးကြေညာစာတမ်းကို ကလေး ၁၂ ဦးအား ဖတ်ပြခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသော အမှုနှင့် ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ကိုနေမျိုးဇင်က ပြောကြားသည်။
 
“ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ရှေ့နေတိုင်ပင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လျှောက်လဲချက်ပေးခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ အမိန့်ချမယ်လို့  တရားသူကြီးက ပြောပါတယ်။ အဓိကတော့ လွတ်လပ်ရေးကျောက်တိုင်မှာ ကြေညာစာတမ်းကို ဖတ်လို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲထားဟာ ငြိမ်းစုစီဆိုတဲ့ ပုဒ်မ ၁၈ နဲ့ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးဆိုပြီး လျှောက်လဲချက်ပေးခဲ့တယ်။ ပုဒ်မ ၁၈ ဆိုတာ နိုင်ငံတော်သမ္မတကိုယ်တိုင် လူ့အခွင့်အရေးကြေညာစာတမ်းမှာ သဘောတူညီချက်တွေ ပုဒ်မ ၃၅၄ အခြေခံဥပဒေမှာပဲ ပေးအပ်ထားတဲ့ နိုင်ငံသားအခွင့်အရေးစတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စွာ ပေါ်ပေါက်နေတဲ့အကြောင်းကိုပဲ အထောက်အထားတွေနဲ့ လျှောက်လဲချက်ပေးခဲ့ပါတယ်”ဟု ကိုနေမျိုးဇင်မှ စက်တင်ဘာ ၁၈ ရက်က ပြောကြားသည်။
 
ကိုနေမျိုးဇင်အပါအဝင် ဒေါ်နော်အုန်းလှ ၊ ဒေါ်စိန်ထွေး၊ ဒေါ်လေးလေး(ခ)ဒေါ်စန်းစန်းဝင်း၊ ဦးသန်းဆွေနှင့် ကိုတင်ထွဋ်ပိုင်တို့ အား မြို့နယ်တရားရုံးအသီးသီးက ပုဒ်မ ၃၅၃၊  ပုဒ်မ ၁၇၄၊  ပုဒ်မ  ၅၀၅  (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် လေးနှစ် ရှစ်လချမှတ် ခံထားရပြီး ယခု ထောင်ဒဏ်လေးလ စီထပ်မံချမှတ်မှု့ကြောင့် ကိုနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့မှာ စုစုပေါင်းထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရကြောင်း သိရသည်။           
 

Most Read

Most Recent