မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့မှုလျှော့ချရန် လုပ်ဆောင်မှုများ အလွန်အမင်း ပျက်ကွက်နေကြောင်း အမေရိကန်သမ္မတ ကွန်ဂရက်သို့ တင်ပြ

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထုတ်လုပ်တင်ပို့မှုလျှော့ချရန် လုပ်ဆောင်မှုများ အလွန်အမင်း ပျက်ကွက်နေကြောင်း အမေရိကန်သမ္မတ ကွန်ဂရက်သို့ တင်ပြ
Published 16 September 2015
ဇေယျာနန္ဒ

 
ယခင်နှစ်အတွင်း နိုင်ငံတွင်းမှ မူးယစ်ဆေးဝါးထုတ်လုပ် တင်ပို့မှုလျှော့ချရန် လုပ်ဆောင်မှုများ မြန်မာနိုင်ငံတွင် လုံးဝပျက်ကွက်နေကြောင်း စက်တင်ဘာ ၁၄ ရက်က အမေရိကန်သမ္မတအိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ တင်ပြခဲ့သည်။
 
အမေရိကန်သမ္မတများအနေဖြင့် နှစ်စဉ် နှစ်တိုင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံများအပေါ် သဘောထားမှတ်ချက်များ ကွန်ဂရက်လွှတ်တော်သို့ တင်ပြရလေ့ရှိပြီး ယခုနှစ်တွင် မြန်မာ၊ ဘိုလီးဗီးယား နှင့် ဗင်နီဇွဲလားနိုင်ငံတို့တွင် မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ဆောင်ချက်များ လုံးဝပျက်ကွက်နေကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။
 
ပုံမှန် စံချိန်စံနှုန်းများအရ ထိုကဲ့သို့လျှော့ချရန် ပျက်ကွက်သည့် နိုင်ငံများအပေါ် ပိတ်ဆို့ မှုများ ပြဋ္ဌာန်းလေ့ရှိသော်လည်း မြန်မာနိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့အပေါ် လျှော့ပေါ့စဉ်းစားရန် သမ္မတအိုဘားမားက ဆုံးဖြတ်ခဲ့သည်။
 
အဆိုပါ နှစ်နိုင်ငံတွင် ဒီမိုကရေစီရေးအတွက် ထောက်ပံ့မှုအစီအစဉ်များသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအကျိုးစီးပွားအပေါ် အရေးပါသည့်ကဏ္ဍတွင် ဆက်လက်တည်ရှိနေသည့်အတွက် ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
 
အဆိုပါ နိုင်ငံများအပြင် အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေနိုင်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံများတွင် အာဖဂန်နစ္စတန်၊ Bahamas ၊ Belize ၊ ကိုလမ်ဘီယာ၊ ကိုစတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်ဆာဗေဒို၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီ ကို၊ နိုင်ကာရာဂွါ၊ ပါကစ္စတန်၊ ပနားမားနှင့် ပီရူးနိုင်ငံတို့ ပါဝင်သည်။
 
 

Most Read

Most Recent