ရွေးကောက်ပွဲအချိန် နီးကပ်လာချိန်တွင် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူငယ်ရေးရာ တာဝန်ရှိသူများ၏ Facebook Account များ မကြာခဏ အမည်မသိသူများ၏ Report ထု ဖျက်ဆီးခံရမှုများကို ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။
Profile ရုပ်ပုံအမှန် အမည်နှင့် လုပ်ငန်းပိုင်းဆိုင်ရာအချက်အလက်များကို အပြည့်အစုံဖြည့်သွင်းပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ ပါတီလှုပ်ရှားမှုကို ဖြန့်ဝေခြင်းများပြုနေသော NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ သတင်းနှင့်ပြန်ကြားရေးကို ဆောင်ရွက်နေသော လူငယ်ရေးရာ တာဝန်ရှိသူများ၏ Facebook Account များကို ယခုရက်ပိုင်းအတွင်းမှာပင် မကြာခဏ Report ထုဖျက်ဆီးခံရခြင်းများ ကြုံတွေ့လာရကြောင်း သိရသည်။
“မနေ့က (စက်တင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းမှာ ပုခုက္ကူမြို့နယ် တိုင်းဒေသကြီး (၂) ကနေ ဝင်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်းရဲ့ Account ကို နာမည်အမှားဆိုပြီး Report ထု ဖျက်ဆီးတာကို ကြုံခဲ့ရပါတယ်။ အချက်အလက်တွေက အကုန်အမှန်တွေပဲ သုံးထားတာဆိုတော့ ညပိုင်းမှာတင် ပြန်ယူလို့ရခဲ့တယ်။ နောက်ထပ် ပါတီလူငယ်အဖွဲ့က သတင်းများကို ထုတ်ပြန်ပေးလေ့ရှိတဲ့ မသီရိထွန်းရဲ့ Account လည်း ဖျက်ဆီးခံထားရပါတယ်။ကျွန်တော့် Account ကိုလည်း ဖျက်ဆီးတုန်းက နာမည်အမှန်ဖြစ်နေတာကိုမှ နာမည်အမှားဆိုပြီး Report ထု ဖျက်ဆီးခဲ့တာပါ။ ကျွမ်းကျင်ပညာရှင်များ အကူအညီနဲ့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အခုလို ရွေးကောက်ပွဲကာလအတွင်းမှာ ဒီလိုမျိုးဖြစ်စဉ်တွေဟာ ရည်ရွယ်ချက်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ မြင်တယ်။ မတရားသောအမှုဟာ ဘယ်သောအခါမှ အဓွန့်မရှည်ပါဘူး”ဟု ဗဟိုလူငယ် တာဝန်ခံနှင့် ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမိုးသူက ပြောကြားသည်။
NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူငယ်ရေးရာ တာဝန်ရှိသူများ၏ Facebook Account များ မကြာခဏ ဖျက်ဆီးခံလာရ















