မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် မူကြမ်းရေးဆွဲပြင်ဆင်ထားပြီးဖြစ်၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုများရရှိပါက စတင်နိုင်မည်ဟုဆို

မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် မူကြမ်းရေးဆွဲပြင်ဆင်ထားပြီးဖြစ်၍ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုများရရှိပါက စတင်နိုင်မည်ဟုဆို
Published 13 September 2015
ဇာလီမြင့်ဦး

မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းရေးမူကြမ်း ရေးဆွဲပြင်ဆင်ထားပြီးဖြစ်၍ အပစ်ရပ် စာချုပ်လက်မှတ်ထိုးပြီးနောက် သဘောတူညီမှုများရရှိပါက စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (Myanmar Peace Center)၊ ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်က ပြောကြားသည်။
စက်တင်ဘာ ၁၁ ရက်က Myanmar Peace Center တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အပစ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မီဒီယာတစ်ခု၏မေးမြန်းမှုအပေါ် ဦးကျော်စိုးလှိုင်ကဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
Myanmar Peace Center အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း ပြန်လည်ထူထောင်ရေး ပထမအဆင့်ဖြစ်သည့် မိုင်းရှင်းလင်းရေးအတွက် မိုင်းရှင်းလင်းရေးဆိုင်ရာ မူကြမ်းတစ် ရပ်ကို နိုင်ငံတကာ မိုင်းသုတေသနပညာရှင်နှင့် ပြည်တွင်းမှ ပညာရှင် ၄၀ ကျော်ဖြင့် ခြောက်လကျော်ကြာရေးဆွဲခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များအတွက် လက်ရှိတွင် ပြင်ဆင်မှုအပိုင်းအနေဖြင့် အားလုံးရှိနေပြီးသားဖြစ်ကြောင်း၊ အဆိုပါမူကြမ်းအားလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လှုပ်ရှားနယ်မြေများအား ကာကွယ်ရန်အတွက် မြေမြှုပ်မိုင်းများကို အဓိကထားခြင်းဖြစ်သည့်အတွက် မိုင်းများအား ချက်ချင်းဖယ်ရှား၍မရသေးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပြောကြားမှုများရှိကြောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဖက်တပ်များ၏ မိုင်းရှင်းလင်းရေးမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ပြီး ယုံကြည်မှုတည်ဆောက်ပြီးချိန်တွင် စတင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
“မိုင်းဆိုတာက ဒီနေရာမှာ ဒီ Process တစ်ခုလုံးက ဆက်လုပ်ရမှာက ဒီမိုင်းရှင်းလင်းရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍငါးခုလောက်ကို တွဲပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့က ဒီမြေမြှုပ်မိုင်းသုံးတဲ့ဟာက နှစ်ဖက်တပ်ဖွဲ့တွေက ကာကွယ်ရေးစနစ်အနေနဲ့ သုံးတာဖြစ်တဲ့အတွက် သူတို့ကိုဦးတည်ပြီး ဒါတွေရှင်းပေးပါလို့ ပြောလို့ဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆို တိုင်းရင်းသားခေါင်းဆောင် အားလုံးကလည်း ဒါသည်ငါတို့ကို လက်နက်ချခိုင်းတာနဲ့ အတူတူပဲတဲ့။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ထိန်းချုပ်နယ်မြေ၊ လှုပ်ရှားနယ်မြေတွေကို ကာကွယ်ဖို့ဆိုတာ သူတို့က မြေမြှုပ် မိုင်းကို အဓိကသုံးပါတယ်။ ဒါကြောင့် ဒါသည် Ceasefire Process မဖြစ်မနေ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတော့လုပ်မှ နိုင်ငံရေး သဘောတူညီချက်ရမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဦးကျော်စိုးလှိုင်က ပြောကြားသည်။
မြေမြှုပ်မိုင်းရှင်းလင်းရေး ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာအရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ရှင်းလင်းရေးဆောင်ရွက်ရမည်ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ ပြည်တွင်းပြည်ပမိုင်းရှင်းလင်းရေး အဖွဲ့အစည်းများ၏ မိုင်းရှင်းလင်းပေးမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၌ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်၊ တနင်္သာရီနှင့် ပဲခူးအရှေ့ခြမ်းတို့၌ မိုင်းပျံ့နှံ့မှုရှိနေဆဲဖြစ်ကာ အဆိုပါဒေသများတွင် နေထိုင်လျက်ရှိသည့် ပြည်သူငါးသန်းခန့်မှာ မိုင်းအန္တရာယ်ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်းအန္တရာယ်ကင်းစင်ရေး ရှေ့ ဆောင်အဖွဲ့မှ သိရသည်။ အစိုးရအနေဖြင့် မိုင်းအန္တရာယ်ရှိနေ သည့်နေရာများတွင် နေထိုင်သူများကိုကြို တင်ကာကွယ်သည့်အနေဖြင့် မိုင်းအန္တရာယ် ပညာပေးရှင်းလင်းပွဲများပြုလုပ်ရန်နှင့် မြေ မြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီဖေးမပေးရန်သာ ခွင့်ပြုထားကြောင်း သိရသည်။
မြေမြှုပ်မိုင်းများ ထုတ်လုပ်ဖြန့်ေ၀ အသုံးပြုနေဆဲ မိုင်းထိသေကျေဒဏ်ရာရမှုများ ရှိနေဆဲနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ပိုင်းမှပါဝင်နေပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု မိုင်းဖော်လုပ်ငန်း ဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းကမှ မိုင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် မြေမြှုပ်မိုင်းပျံ့နှံ့မှုပမာဏ အတိအကျကိုလည်း ခန့်မှန်းနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၄ ဒီဇင်ဘာက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထား ချက်အရ သိရသည်။     

Most Read

Most Recent