လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၁,၀၀၀ ခန့်ထားရှိရန် လျာထားပြီး အတိုးအလျှော့ရှိနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ သတင်းရရှိသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ စုံစမ်းသိရမှုအရ ကချင်ပြည်နယ်တွင် မဲရုံ ၈၁၉ ရုံ၊ ကယားပြည်နယ်တွင် မဲရုံ ၂၂၉ ရုံ၊ ကရင်ပြည်နယ်တွင် မဲရုံ ၆၈၅ ရုံ၊ ချင်းပြည်နယ်တွင် မဲရုံ ၁၀၂၉ ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲရုံ ၃၇၁၀ ရုံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် မဲရုံ ၁၁၈၀ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် မဲရုံ ၄၀၆၀ရုံ၊ မကွေးတိုင်းဒေသကြီးတွင် မဲရုံ ၄၄၇၅ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် မဲရုံ ၅၄၀၀ ကျော်၊ နေပြည်တော်တွင် မဲရုံ ၆၁၀ ရုံ၊ မွန်ပြည်နယ်တွင် မဲရုံ ၉၂၀ ရုံ၊ ရခိုင်ပြည်နယ်တွင် မဲရုံ ၂၅၅၀ ရုံ၊ ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံ ၅၇၀၀ ခန့်၊ ရှမ်းပြည်နယ်တွင် မဲရုံ ၃၄၀၀ ကျော် ၊ ဧရာဝတီတိုင်းဒေသကြီးတွင် မဲရုံ ၅၄၄၃ ရုံ အသီးသီးထားရှိရန် လတ်တလော လျာထားကြောင်းနှင့် အတိုးအလျှော့ ရှိနိုင်ကြောင်း သိရသည်။ယခုစာရင်းများအရ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ထားရှိရန် လျာထားသည့် မဲရုံအရေအတွက်မှာ ၄၁,၀၀၀ ခန့် ဖြစ်ပြီး စက်တင်ဘာလအတွင်း ကြေညာမည့် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပမာဏအပေါ် မူတည်၍ လျာထားမဲရုံစာရင်းမှာ အတိုးအလျှော့ရှိနိုင်ကြောင်း သိရသည်။ထို့ပြင် ရှမ်းပြည်နယ်တွင် မဲရုံ ၃၄၀၀ ကျော်ထားရှိရန် လျာထားသော်လည်း ယခု စာရင်း၌ မိုင်းလားနှင့် “ဝ” ဒေသများ မပါရှိသေးကြောင်းနှင့် ယင်းဒေသများ ပါရှိလာပါက မဲရုံ ၃၅၀၀ ကျော်သွားမည်ဖြစ်ကြောင်း သိရသည်။ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပွင့်က “ယခုလျာထားတဲ့ မဲရုံ ၃၄၀၀ ကျော်ထဲမှာ မိုင်းလားနဲ့ “ဝ” ဒေသတွေ မပါသေးပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုလို့ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖြစ်ရင်တော့ မဲရုံအရေအတွက်က ၃၅၀၀ ကျော်သွားမှာပါ”ဟု ပြောကြားသည်။မတ် ၁၇ ရက်က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက် မြောက်နေ့၌ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏မူနှင့် အခြေခံသဘော အပါအဝင် ရငွေသုံးငွေများ ဆွေးနွေးခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၆၀၀၀ ကျော် လျာထားတွက်ချက်မှုကို ဆွေးနွေးပြောကြားခဲ့သည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို၏ ဆွေးနွေးချက်အရ ကျွေးမွေးစရိတ် ခေါင်းစဉ်အောက်တွင် အထွေထွေရွေးကောက်ပွဲအတွက် ကျပ်သန်း (၅၆၂၄ ဒသမ ၈၁၁) လျာထားတောင်းခံထားပါကြောင်း၊ အများဆုံး ကုန်ကျခံရသည့် ကျွေးမွေးစရိတ်မှာ မဲရုံအဖွဲ့ပင်ဖြစ်ပြီး ယင်းအတွက် ခန့်မှန်းတွက်ချက်မှုအရ မဲရုံတစ်ရုံလျှင် မဲရုံမှူးတစ်ဦးအတွက် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် သုံးရက်အတွက် ငွေကျပ် (၁၅၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် စုစုပေါင်း ငွေကျပ် (၆၉၇ ဒသမ ၃၃၅)သန်း၊ မဲရုံတစ်ရုံလျှင် ဒုမဲရုံမှူးတစ်ဦးအတွက် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် သုံးရက်အတွက် (၁၂၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် ငွေကျပ် (၅၅၇ ဒသမ ၈၆၈)သန်း၊ မဲရုံတစ်ရုံလျှင် မဲရုံအ ဖွဲ့ဝင်တစ်ဦးအတွက် ငွေကျပ် ၃၀၀၀ နှုန်း ဖြင့် (၈)ဦးအတွက် (၂၄၀၀၀)ဖြစ်၍ သုံးရက်စာအတွက် ငွေကျပ်(၇၂၀၀၀)ဖြစ်ပြီး မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် ငွေကျပ် (၃၃၄၇ ဒသမ ၂၀၈)သန်း၊ မဲရုံအဖွဲ့အတွက် ကျွေးမွေးစရိတ် စုစုပေါင်း ငွေကျပ်မှာ (၄၆၀၂ ဒသမ ၄၁၁) သန်းဖြစ်ကြောင်း သိရသည်။















