နှစ်ဖက်သဘောတူပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအား ဖိတ်ကြားမည်

နှစ်ဖက်သဘောတူပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအား ဖိတ်ကြားမည်
Published 12 August 2015
အောင်ဇော်ထွန်း

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များသည် နှစ်နှစ်နီးပါးကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ သြဂုတ်လတွင် စာချုပ်ကို အပြီးသတ်နိုင်ခဲ့ကာ ယင်း NCA တွင် ပါဝင်လက်မှတ်ထိုးရန် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များထံမှ သိရသည်။သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအား အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ဖိတ်ကြားခဲ့ရာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ဖွဲ့တို့အကြား ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီမှုများ ရရှိခဲ့ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့နှင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။NCA တွင် လက်မှတ်ထိုးရေးကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသား အဖွဲ့အစည်းများအား အစိုးရက ဖိတ်ကြားမည့် အခြေအနေနှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “အတည်မပြုနိုင်သေးတဲ့ သတင်းတွေကတော့ အဲဒီလို ကြားပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အသီးသီးဆီကို အထူးသဖြင့်တော့ အစိုးရဘက်က လက်ခံထားတဲ့ ၁၅ ဖွဲ့ပေါ့။ အဲဒါကို NCA လက်မှတ်ထိုးဖို့ ဖိတ်စာပို့ထားပါတယ် လို့ပြောပါတယ်။ ဒါပေမဲ့ ပို့ထားတာ ကျွန်တော်တို့ဆီ မရောက်သေးပါဘူး။ ပို့သွားမယ်လောက်ပဲ ကြားသိရပါသေးတယ်” ဟု သြဂုတ် ၁၂ ရက်က ပြောကြားသည်။ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းကလည်း “နိုင်ငံတော်အစိုးရ သမ္မတက ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကို အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖိတ်ခေါ်တယ်။ အပစ်ရပ်စဲရေး ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်။ ဒီတစ်ခေါက်ကျတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကနေပြီးတော့ ဒီတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ရရှိဖို့ လုပ်တယ် စုပေါင်းပြီးတော့ပေါ့။ အစိုးရက လက်ခံတဲ့အပေါ်မှာ နှစ်ဖက်စလုံးက ညှိနှိုင်းပြီးတော့ ရလာတဲ့စာချုပ်ကို နှစ်ဖက်က ပိုင်ဆိုင်တဲ့ စာချုပ်ပေါ့။ အခုဟာက စာချုပ်တော့ပြီးပြီ။ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေမှာ နည်းနည်း အခက်အခဲရှိတဲ့ အပေါ်မှာကျတော့ ဒီလိုဖိတ်တဲ့သဘော ဖြစ်မှာပါ” ဟု ပြောကြားသည်။အစိုးရက တိုင်းရင်းသားအဖွဲ့အစည်းများအား ဖိတ်ကြားရန်ရှိကြောင်း၊ ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) တို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် သြဂုတ် ၆ ရက်နှင့် ၇ ရက်များတွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ NCA မူကြမ်းကို ညှိနှိုင်းခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စမှအပ စာချုပ်ပါ အချက်အလက် အားလုံးကို ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့သည်ဟု ဆွေးနွေးပွဲအပြီးတွင် ပူးတွဲ သတင်းထုတ်ပြန်ခဲ့သည်။SD အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “နောက်ဆုံးရလဒ်ကတော့ ရသင့်ရထိုက်တဲ့ ရလဒ်ပါပဲ။ အားလုံးပါဝင်ရေးလို့ပြောတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ ဒီအခြေအနေ တစ်ခုမှာပဲ ၁၅ ဖွဲ့လောက် ပါတာကပဲ အားလုံးနီးပါး ဖြစ်တာကိုး။ အဲဒီအပေါ်မှာတော့ အဆင်ပြေသွားမယ်ထင်တယ်။ ကျန်တဲ့အဖွဲ့ကလည်း အမြဲတမ်းကျန်တာ မဟုတ်ဘဲ သူတို့ လိုက်ပါနိုင်ဖို့ကိုလည်း အစီအမံတွေ လုပ်ခဲ့ရမယ်။ နောက်ကျန်တဲ့အဖွဲ့ကို မတိုက်ဖို့ စသဖြင့်ပေါ့ဗျာ အဲဒါတွေတော့ ပါလာမှ။ ‘ဝ’ နဲ့ မိုင်းလားကကျတော့ အစိုးရလည်း လက်ခံတယ်။ ကျွန်တော်တို့လည်း လက်ခံတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က မပါချင်ဘူးလို့ ပြောတာ။ အဲဒါက အစိုးရကလည်း မေတ္တာရပ်ခံမယ်လို့တော့ ကြားတယ်။ သမ္မတကိုယ်တိုင် သူတို့ကို ဖိတ်မယ်ထင်တယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။“ကျွန်တော်တို့ NCA ဆွေးနွေးပွဲတိုင်းလိုလို တက်ရောက်ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ ဒီ NCA စာချုပ်ထဲမှာပါတဲ့ အနှစ်သာရတွေက ကျွန်တော်တို့ လက်မခံစရာ မရှိသေးပါဘူးလို့ အဲဒီလိုမြင်တော့ ကျွန်တော်တို့ အဖွဲ့အစည်းက DOC မှာလည်း လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တော့ ငြိမ်းချမ်းရေးကို မဖြစ်မနေ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသားများနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆန္ဒရှိထားတော့ ကတိပြုချက်တွေလည်း ရှိထားတော့ ဒီ NCA ကို ကျွန်တော်တို့ ကြိုဆိုတယ်။ ထောက်ခံတယ်။ အကယ်၍ အစိုးရဘက်ပိုင်းက ကျွန်တော်တို့ ဒီ NCA စာချုပ်နဲ့ လက်မှတ်ထိုးဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ဗဟိုမှာ ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။