စတော့အိတ်ချိန်းစာရင်းဝင်ရန် စံသတ်မှတ်ချက်များ သြဂုတ် ပထမပတ်တွင် ထုတ်ပြန်မည်

စတော့အိတ်ချိန်းစာရင်းဝင်ရန် စံသတ်မှတ်ချက်များ သြဂုတ် ပထမပတ်တွင် ထုတ်ပြန်မည်
Published 30 July 2015
အေးမြတ်မွန်

စတော့အိတ်ချိန်းစာရင်းဝင်ရန် စံသတ်မှတ်ချက်များကို သြဂုတ်လပထမပတ်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
“စတော့အိတ်ချိန်း စာရင်းဝင်ဖို့အတွက် နောက်အပတ်ထဲမှာ စံသတ်မှတ်ချက်တွေကို သြဂုတ်လ ပထမပတ်ထဲမှာ ထုတ်ပြန်မယ်။ အကြမ်းဖျင်းကတော့ ဘာပါမယ်ဆိုတာ ပြောလို့မရသေးဘူး။ နိုင်ငံတကာ စည်းမျဉ်းတွေပါမယ်။ ပါမယ့်ရက်ကိုတော့ သတင်းစာထဲ ပြောသွားမှာဖြစ်ပြီးတော့ ရုံးမှာလာကြည့်လို့ ရပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
အဆိုပါ စည်းကမ်းချက်များကို ထုတ်ပြန်ရာတွင် စည်းကမ်းချက်များ များပြားသဖြင့် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် မကြော်ငြာတော့ဘဲ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကော်မရှင်ရုံးတွင် ကြော်ငြာမည်ဖြစ်ပြီး မည်သူမဆိုလာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
“အခုထုတ်ပြန်မယ့် စည်းကမ်းတွေက နိုင်ငံတကာက စည်းကမ်းတွေလည်း ပါဝင်တယ်။ အားလုံးပေါင်း သုံးမျက်နှာစာလောက် ရှိတော့ သတင်းစာထဲထည့်ကြော်ငြာရင် အဆင်မပြေလို့ ရုံးမှာပဲ လာကြည့်လို့ရပါတယ်။ စည်းကမ်းချက်တွေ ထွက်လာရင်တော့ လာလျှောက်မယ့် ကုမ္ပဏီတွေက သူတို့အရည်အချင်း မီမမီကို ကြည့်ပြီး လာလျှောက် ကြမှာဆိုတော့ ကုမ္ပဏီဘယ်နှခုဆိုတာ မသိဘူး။ အရည်အချင်းမီတဲ့ ကုမ္ပဏီတွေပါမယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက်ပြောကြားသည်။                           ထို့ပြင် စတော့အိတ်ချိန်းအတွက် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများရောင်းချခွင့်လိုင်စင်၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့် Underwriter လိုင်စင်၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်နှင့် အကြံပေးလုပ်ငန်း Consultant  လိုင်စင်တို့ကို ချထားပေးမည်ဖြစ်ပြီး စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းချခွင့် လုပ်ငန်းလိုင်စင်ကို ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင် တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ်ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် စတော့အိတ်ချိန်းကို လာမည့် အောက်တိုဘာလတွင် စတင်နိုင်ရန် ရည်မှန်းထားသော်လည်း ရွေးကောက်ပွဲကာလနှင့် နီးကပ်နေသောကြောင့် အောက်တိုဘာလတွင် စတင်နိုင်ရန် မသေချာသေးကြောင်း ယင်းက ပြောကြားထားသည်။
မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့လီမိတက်၊ Japan Exchange Group တို့သည် နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ (Joint Venture) ကို   ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းကို ပထမအရစ်အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မ,တည်ရင်းနှီးမှု ပြုလုပ်မည်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ဆောင် သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်၍ မြန်မာနိုင်ငံ အနေဖြင့် ၁၆ ဒသမ ၃၁ ဘီလျံကျပ် ထည့်ဝင်ရမည် ဖြစ်ကြောင်း သိရသည်။