ပြည်ပသို့ဆန်တန်ချိန် ၃၉၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၄၄ သန်းရရှိထားပြီး ရာခိုင်နှုန်း ၈၀ ကျော်ကို နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့ထားခြင်းဖြစ်

ပြည်ပသို့ဆန်တန်ချိန် ၃၉၀၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၁၄၄ သန်းရရှိထားပြီး ရာခိုင်နှုန်း ၈၀ ကျော်ကို နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့ထားခြင်းဖြစ်
Published 26 July 2015
ချမ်းမြေ့သူ

ပြည်ပသို့ ဆန်တန်ချိန် ၃၉၀၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၄၄ သန်းရရှိထားပြီး ၈၀ ရာခိုင်နှုန်းကျော်အား နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တင်ပို့ထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ကုန်သွယ်မှု လမ်းကြောင်းအလိုက် တင်ပို့မှုပမာဏ အတိအကျအားဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တန်ချိန် ၃၂၀၂၆၀ တန်တင်ပို့မှုမှ ဒေါ်လာ ၁၁၈ သန်းရရှိထားပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ တန်ချိန် ၇၇၃၄၀ တန်တင်ပို့မှုမှ ဒေါ်လာ ၂၆ သန်းရရှိထားကြောင်း သိရသည်။
အဆိုပါ တင်ပို့မှုပမာဏမှာ ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင် ဒုတိယပတ်အထိ တင်ပို့မှုပမာဏဖြစ်ပြီး တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အီတလီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စပိန်နိုင်ငံ၊ ဘယ်လ်ဂျီယမ် နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကနေဒါ နိုင်ငံစသည့်နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ဆန်တင်ပို့မှု ပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တရုတ်နိုင်ငံဘက်သို့ တင်ပို့မှု အများဆုံးဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံဘက်မှ ဈေးကွက်အနေအထားများကြောင့် တင်ပို့မှုအနည်း လျော့နည်းလျက်ရှိပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ဥရောပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုဘဏ္ဍာနှစ် အတွင်း၌ ပြည်ပသို့ ဆန်တင်ပို့မှု ပိုမိုလျက်ရှိပြီး ယခင်ဘဏ္ဍာနှစ် တင်ပို့မှုထက် ပိုမိုတင်ပို့မှုပြုလုပ်ရန် လျာထားပြီး ယခုဘဏ္ဍာနှစ်အကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မှု ပြုလုပ်ရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ နိုင်ငံခြားကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ပို့ကုန်အုပ်စု ခုနစ်မျိုးကို တင်ပို့လျက်ရှိပြီး လယ်ယာထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့မှုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။