လမ်းပျော်ကလေးတို့ရဲ့ အနာဂတ်လမ်း

လမ်းပျော်ကလေးတို့ရဲ့ အနာဂတ်လမ်း
Published 28 June 2015
ဝေလင်း (ပြည်)

ညဦးပိုင်းအချိန် ပြည်မြို့၊ ညဈေးတန်းထိပ်တွင် လူစုလူဝေးများနှင့် တောင်းဆိုမှုတစ်ခု ဖြစ်ပွားနေသည်။ ကလေးတစ်ယောက်ကို အကြောင်းပြု၍ လူအုပ်ကြီးမှာ များပြားလျက်သာ လာတော့သည်။ လမ်းပျော်ကလေးငယ် တစ်ဦးဖြစ်သည့် လေးနှစ်အရွယ် ကလေးမလေးတစ်ဦးကို တစ်သောင်းခွဲနှင့် ရောင်းစားခဲ့သည့်အတွက် ပြစ်မှုကျူးလွန်သူများကို ရှာဖွေအရေးယူပေးရန်နှင့် ကလေးငယ်အား သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးက တာဝန်ယူပေးရန်ကို တောင်းဆိုနေသည်။ ယင်းလူအုပ်ကြီးမှာ ရဲစခန်းမှတစ်ဆင့် ခရိုင်လူမှု ဝန်ထမ်းရုံးသို့ ရောက်ရှိသွားပြီး တာဝန်ရှိသူများနှင့် စကားပြောခွင့်ရရေးနှင့် ကလေးငယ်ဘ၀ လုံခြုံရေးတို့ကို ပြောဆိုခဲ့ကြသော်လည်း ယာယီလက်ခံထားလိုက်ခြင်းကလွဲ၍ အနာဂတ်များအတွက် အဖြေမရှိသလို အကြောင်းတစ်စုံတစ်စုံရာ ပြဿနာပေါ်လာပါက လာရောက်အပ်နှံသူ အရပ်ဘက်အဖွဲ့များက တာဝန်ယူပေးရန် လက်မှတ်ထိုးရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုလိုက်သည်။ ထိုအဖြစ်အပျက်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ဖြစ်ပွားသွားခြင်း ဖြစ်သည်။၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကို ဇွန်လဆန်းတွင် စတင်ခဲ့ပြီး ပြည်မြို့၏ အခြေခံအလယ်တန်းအဆင့် ပညာသင်ကြားနိုင်ရေးအတွက် စာသင်ခန်းများဆီကို သာမန်ကလေးငယ်လေးများ ရောက်ရှိလာခဲ့ကြသော်လည်း ပြည်မြို့၏ နွမ်းပါးချို့တဲ့ ကလေးငယ်ခြောက်ဦးထဲမှ နှစ်ဦးသာ ရောက်ရှိလာခဲ့တော့သည်။ လေးဦးမှာ အသက်ရွယ် ကြီးလွန်းသွားခြင်းနှင့် မိသားစုစားဝတ်နေရေးများကြောင့် လမ်းပေါ်နှင့် လုပ်ငန်းခွင်များထဲ ရောက်ရှိသွားသည်။ ထိုအထဲတွင် လမ်းပျော်ကလေးများလည်း ပါဝင်နေသည်။ မူလတန်းအဆင့် ကျောင်းသားများကတော့ ကျောင်းပြင်ပ ပညာရေးကျောင်းကို စတင်တက်တော့မည်ဖြစ်သည်။ ယင်းအထဲတွင်လည်း လမ်းပျော်ကလေးများ အများစု တက်ရောက်ခဲ့ခြင်း မရှိသေးဘဲ ပျောက်နေပြန်သည်။ ထိုကလေးများ၏ အရေအတွက်ကတော့ ရာဂဏန်းမျှ ရှိနေပြီဖြစ်သည်။ရှုပ်ထွေးလှသည့် မြို့၏လူစည်ကားရာ နေရာဖြစ်သည့် မြို့မဈေးကြီးတွင် အရွယ်နှင့် မမျှအောင် ပီနံအိတ်ကြီးများ လွယ်ထားသည့် နွမ်းစုတ်စုတ် ကလေးငယ်နှစ်ဦး လမ်းလျှောက်သွားနေသည်။ အချင်းချင်း စကားများ ကျယ်လောင်စွာ ပြောသွားနေသည်။ တစ်ဦးတွင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ အင်္ကျီအပွကြီးကို ဝတ်ထားပြီး တစ်ဦးကတော့ အကွက်ပျောက်လုလု ရှပ်အင်္ကျီကို ဝတ်ထားသည် ခြေထောက်တွင် ဖိနပ်များစီးထားခြင်းမရှိ လက်ထဲတွင် ဖိနပ်အပြတ်တစ်ရန်ကို ကိုင်ထားပြီး အောက်ခံသားရေပြားကို ခွာသွားနေသည်။ ထိုအရေပြားကတော့ အဟောင်းပစ္စည်း ဝယ်ရောင်းဆိုင်များတွင် ပြန်ရောင်းရသည်။စည်ပင်သာယာဈေးခေါင်းရုံးနား အရောက်တွင် ဝန်ထမ်းနှစ်ဦးနှင့် လုံခြုံရေးရဲဝန်ထမ်းနှစ်ဦးတို့ ထွက်လာပြီး ကလေးနှစ်ဦးကိုချုပ်ကာ ရုံးပေါ်ကို ခေါ်ဆောင်သွားကြတော့သည်။ ထိုရုံးပေါ်တွင်တော့ ၎င်းတို့ထက်ငယ်သော ကလေးများနှင့် ကလေးမိဘများ အဖွဲ့ခေါင်းဆောင်များကိုပါ ခေါ်ဆောင်စစ်ဆေးနေသည်။ ကလေးငယ်အချို့ကတော့ ကြောက်လွန်း၍ ငိုယိုတောင်းပန်နေသည်။ အကြောင်းကတော့ ဈေးဝယ်သူတစ်ဦး၏ လက်ဆွဲအိတ်ထဲမှ ဖုန်းထည့်ထားသည့် ပိုက်ဆံအိတ်ကို ပျောက်ဆုံးသွားပြီး ၎င်းနှင့် မနီးမဝေး ဘုရားအောက်ခြေတန်ဆောင်း အမှိုက်ပုံအနီးတွင်တော့ ငွေအချို့ကို ဝေစုခွဲနေသူများနှင့် ဝှက်နေသူများကို ဖမ်းမိထားသည်။ တစ်ခါတစ်ရံတွင် အသက်အတန်ငယ် ကြီးနေပြီဖြစ်သည့် လူမိုက်ဆန်ဆန် အုပ်စုများက ကလေးငယ်များကို ခိုင်းစေထားသည်များ ရှိနေရာ တောင်းရမ်းရောင်းချ၊ နှိုက်ယူရလာသည်များကို ပြန်လည်အပ်ပေးရသည်။ ကလေးများကတော့ ဝေစုအနည်းငယ်ကို သာရရှိပြီး ကလန်ကဆန် ငြင်းဆန်သူများကိုတော့ ထိုးကြိတ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဝိုင်းပယ်ခြင်းတို့ကို ပြုလုပ်တတ်ရာ လမ်းပျော်ကလေး အများစုက ကြာရှည်ငြင်းပယ်နိုင်ခြင်း မရှိသလို လက်ခံလိုက်ရသည့် အနေအထားကို ရောက်ခဲ့သည်။ ထို့ကြောင့်ပင် အကြောင်းတစ်စုံတစ်ရာ ဖြစ်လာပါက ခေါင်းဆောင်များကိုရော ကလေးများကိုပါ ခေါ်ယူစစ်ဆေးတတ်သည်။ များသောအားဖြင့် ခေါင်းဆောင်များက လွတ်မြောက်ရှောင်ပုန်းနေကြပြီး ကလေးများကို တာဝန်ရှိသူများထံ ထည့်လွှတ်လိုက်ကြသည်။
ပြည်မြို့၏ လမ်းများတွင် လမ်းပျော်ကလေးများကို နေ့စဉ်မြင်တွေ့နေရပြီး များသောအားဖြင့် ဆံတော်ရပ်ကွက်၏ ဘူတာကြီးတစ်ဝိုက်၊ ကမ်းနားလမ်းတစ်လျှောက် စွန့်ပစ်အမှိုက်ပုံများနှင့် မြစ်ကမ်းနံဘေး၊ နဝင်းရပ်ကွက်၏ ရွှေပလ္လင်မှော် ဘုရားအောက်ချိုင့်၊ ညဈေးတန်းတစ်ဝိုက်နှင့် ရွာဘဲရပ်ကွက် အတွင်းပိုင်းများထဲက ထွက်လာတတ်ကြသည်။လုပ်ငန်းများ အနေဖြင့်တော့ အသက်ရွယ်အလိုက် သုံးနှစ်အရွယ်မှစကာ ၁၆ နှစ်ထိ တောင်းရမ်းခြင်း၊ စွန့်ပစ်ပစ္စည်းများ ကောက်ယူရောင်းချခြင်း၊ အထမ်းသမားနှင့် အခြားအလုပ်မျိုးစုံကို လုပ်တတ်ကြသည်။ အချို့ မိဘမဲ့များဖြစ်ကာ အချို့၏ မိဘများကတော့ ကလေးများကို အလုပ်ခိုင်းစေကြပြီး ဖခင်ဖြစ်သူများမှာ လောင်းကစားလုပ်ခြင်း၊ မူးယစ်ခြင်းတို့ကို အချိန်ပြည့် လုပ်နေတတ်သည်။ အသိပညာ နည်းပါးခြင်း၊ စာမတတ်မြောက်ခြင်းနှင့် သံသယများကြားက ဝိုင်းပယ်ခံထားရခြင်းများကြောင့် မထီမဲ့မြင် အပြုအမူများနှင့် အရိုင်းဆန်ဆန်များ လုပ်တတ်ကြကာ စာရိတ္တပိုင်း အားနည်းသည်ဟု အထင်ခံရသည်က များနေသည်။ဆိုလိုသည်ကတော့ လမ်းပျော်ကလေးများကို လူအများက ရိုင်းစိုင်းစွာ ပြောဆိုဆဲရေးကြပြီး ယုံမှားသံသယများဖြင့် ကြည့်ကြရာ သိမ်ငယ်မှုအဆင့်မှ တန်ပြန်အရွဲ့တိုက်ခြင်းနှင့် ရိုင်းစိုင်းခြင်းများသို့ အသွင်ကူးပြောင်းသွားကြသည်။ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံ လူရာသွင်းခံရခြင်းနှင့် စာဖတ်ခြင်း အလေ့တို့ကို သူတို့ဘဝတွင် မရရှိခဲ့ကြသလို လိုလားတောင့်တနေသည့်အရာ ဖြစ်သည်။ ၎င်းတို့ကြီးပြင်းရာ ပတ်ဝန်းကျင်အလိုက် တံငါနားနီး တံငါဆိုသလို လောင်းကစားများကို တတ်မြောက်ပြီး မူးယစ်သေစာသောက်စားခြင်း၊ အဆိုးရွားဆုံး လုပ်ရပ်ကတော့ ကော်ရှူ မူးယစ်နေကြခြင်းပင်။ပြည်မြို့ လမ်းနံဘေး မိသားစုလေးများ ဘယ်အချိန်ကတည်းက ဖြစ်ပေါ်လာနေသည်လည်း ဆိုသည်ကတော့ သိရှိပြောပြဖို့ ခက်ခဲပြီး ဘာသိဘာသာဆိုသလို ကျော်ဖြတ်နေရသည့် ဘဝများထံသို့ ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာမည့် နေ့ရက်တစ်ခုက ရောက်လာခဲ့သည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့သည့် လမ်းနံဘေးမိသားစုများကို ရှင်းလင်းခဲ့သည့် နည်းလမ်းအမှားပင် ဖြစ်သည်။ အဆိုပါ မိသားစုလေးဆယ်ကျော်ကို ရခိုင်ရိုးမအတွင်းရှိ ညောင်ခြေထောက်အနီး တောအတွင်းတွင် မြို့နယ်စည်ပင်သာယာအဖွဲ့ တာဝန်ရှိသူများက အမှိုက်ကားဖြင့် သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စသည် တစ်မုဟုတ်ချင်းဆိုသလို မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်များကို ပျံ့နှံ့သွားပြီး တောင်းဆိုမှုများကို ဖြစ်သွားစေသလို လမ်းနံဘေးမိသားစုများကို သတိထားမိသွားစေသည်။ ထိုသို့သော အပြုအမူများကို အစိုးရအဖွဲ့အစည်းများက မကြာခဏဆိုသလို ပြုလုပ်ခဲ့ရာ အထူးသဖြင့် အထက်လူကြီးများ ခရီးစဉ်များတွင် စိတ်မနှံ့သူများ၊ လမ်းနံဘေးမိသားစုများကို ဖမ်းဆီးစွန့်ပစ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း လမ်းနံဘေးဈေးဆိုင်များကို ပိတ်သိမ်းခိုင်းထားခြင်းများကို ပြုလုပ်တတ်သည်။ထိုအဖြစ်အပျက်များနောက်တွင် လမ်းပျော်ကလေးများအတွက် ထမင်းကျွေးရင်း စာသင်ပေးသည့် ပြည်မြို့၏ တစ်ကျောင်းတည်းသော ကရုဏာလက်များ ကွန်ရက်ကို တရားလွှတ်တော် ရှေ့နေတစ်ဦးနှင့် အခြားရှေ့နေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်စုက ယင်းနှစ်တွင်ပင် တည်ထောင်ခဲ့ကြကာ ကလေးများကို စာရေးစာဖတ် တတ်စေရန်နှင့်၊ လိမ္မာယဉ်ကျေးစေရန်၊ အသက်မွေးဝမ်းကျောင်းအလုပ်များ၊ လူ့အသိုင်းအဝိုင်းထဲတွင် ဝင်ဆံ့စေရန် ကြိုးစားပေးခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ထိုအလုပ်မှာ ရေရှည်တွင်တော့ လွယ်ကူအောင်မြင်သည့် လုပ်ငန်းမဟုတ်ပြန်ပါ။ အလှူရှင်ရှာရခြင်းနှင့် စေတနာဝန်ထမ်းများ ဖြစ်သည့်အတွက် ခက်ခဲကြမ်းတမ်းသည့် နေ့ရက်များပဲ ဖြစ်ခဲ့သည်။ အထူးသဖြင့် လမ်းပျော်ကလေးများကို အမိုးအောက်သို့ ဆွဲသွင်းရသည့် ကိစ္စမှာ လွယ်မယောင်နှင့် ခက်ခဲခဲ့သည်။“အဓိကပြဿနာကတော့ သူတို့တွေက ပုံစံကျသွားနေတဲ့ ပညာစနစ်၊ ဘယ်နှစ်ရက်မှာ သင်ခန်းစာဘယ်လောက် ပြီးရမယ်ဆိုတဲ့ ပညာရေးမှာ အံဝင်ခွင်ကျမှု မရှိသေးဘူး သူတို့က ကျောင်းကိုလာမယ် စားမယ်၊ ပျော်ပျော်နေမယ် စာဖတ်မယ်ပုံဆွဲမယ် လုပ်ချင်တာလုပ်ပြီး လမ်းပေါ်ကို ပြန်သွားချင်ကြတယ်။ သူတို့ကို ချုပ်ခြယ်လို့၊ စည်းကမ်းသတ်မှတ်လို့ မရပါဘူး။ သူတို့ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်က သွန်သင်မှု မရှိဘူး။ နေထိုင်မှု အကျင့်စရိုက် ရိုင်းတယ်။ စာရိတ္တချို့ယွင်းတယ် နောက်တစ်ခုက ဝမ်းရေးကြောင်းရတဲ့အတွက် အတွေ့အကြုံများတယ်၊ ရင့်ကျက်နေတယ်၊ စူးစမ်းစိတ်ရှိတယ်။ ဒါမှလည်း သူတို့ရှင်သန်နိုင်မှာကို အခုကတော့ သူတို့ကော်ရှူကြတယ်။ ကျောင်းမလာချင်ဘူး” ဟု ကရုဏာလက်များကွန်ရက်မှ ကိုပုညက ရင်လေးစွာနှင့် ပြောဆိုသည်။လက်တွေ့ကျကျ ပြုပြင်ပေးနေရသည့် သူများအဖို့ နေ့စဉ်ဆိုသလို ကလေးများနှင့် ထိတွေ့နေရပြီး သူတို့ဘဝများကို ပိုမိုသိရှိလာခဲ့လိမ့်မည် ထင်သည်။ လမ်းပျော်ကလေးများကိုဆိုသည့် စကားလုံးကိုလည်း ယင်းတို့ကပင် ပေးခဲ့ကြသည်။ ကလေးများအတွက် ခံသာစေမယ့် စကားလုံး အခြေအနေမဲ့ လမ်းဘေးလို့ မသုံးဘဲ အနာဂတ်မှာလည်း မထိခိုက်အောင် သုံးသည်ဟု ပြောဆိုကြသည်။“လမ်းပေါ်မှာ ပျော်လို့နေတာတော့ မဟုတ်ဘူး” ဟု ကိုပုညက ပြောဆိုခဲ့ခြင်းက ကလေးများအတွက် အနာဂတ်ကို ပြင်ဆင်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း ပေါ်လွင်နေခဲ့သည်။ လမ်းပျော်ကလေးများအတွက် ကလေးဘဝမှာပင် ပြုပြင်ပြောင်းလဲပေးရန် လိုအပ်သည်။ ကလေးဘဝမှ လူကြီးဘဝသို့ ရောက်ရှိသွားချိန်တွင် အများအားဖြင့် ခိုးဆိုးနှိုက်များအဖြစ် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးသွားမည်သာဖြစ်ပြီး အမျိုးသမီးလေးများ အဖို့တော့ အနာဂတ်မှာ ပိုလို့ပင် ရင်လေးစရာ အခြေအနေဖြစ်သည်။
ယင်းတို့အတွက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်ခွင့်၊ ပါဝင်ခွင့်ဆိုသည့် အဆင့်ဆင့်တိုင်းသည် အရေးကြီးသော်လည်း ရှင်သန်ခွင့်မှာပင် ဘဝများ နေဝင်သွားသည်က များနေသည်။ မိဘ၊ လူပတ်ဝန်းကျင်နှင့် အစိုးရ၏ အခန်းကဏ္ဍတစ်ခုချင်းစီတိုင်း တာဝန်အပြည့် ရှိနေသည်။ မိဘများအတွက် အသိပညာနှင့် နိမ့်ကျနေသည့် လူမှုဘဝများကို မြှင့်တင်ပေးရမည်ဖြစ်ပြီး စာသင်ခန်းများကို ရောက်ရှိလာရန် စားဝတ်နေရေး ပြေလည်နေဖို့ လိုအပ်သည်။ လူပတ်ဝန်းကျင်များကလည်း သနား၊ ကရုဏာ၊ ခံစားမှုစိတ်အပေါ် မူတည်ပြီး ကူညီသည့်အဆင့်မှ မဖြစ်မနေ လုပ်ရမည်ဆိုသည့် အဆင့်ထိ အရောက်သွားရန် လိုအပ်သည်။ ကလေးများကို ပတ်ဝန်ကျင်တွင် ပါဝင်ခွင့်ပေးခြင်းနှင့် ၎င်းတို့၏ အခန်းကဏ္ဍမှာ အရေးပါ အရာရောက်ကြောင်း သိရှိလာစေရန် ကူညီပေးရမည်။ အဓိကအားဖြင့်တော့ အစိုးရ၏ အခန်းကဏ္ဍပင် ဖြစ်သည်။မိမိနိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းကို တန်းတူညီမျှသည့် အခွင့်အရေးနှင့် ဥပဒေ အကာအကွယ်များ ကူညီထောက်ပံ့မှုများ ပြုလုပ်ထားရှိပေးရမည် ဖြစ်သည်။ ကလေးသူငယ် အခွင့်အရေးနှင့် ဥပဒေများမှာ စာချုပ်များအဖြစ်သာ ရှိမနေသင့် လက်တွေ့အကောင်ထည်ဖော်ပေးရမည်။ ဆိုင်ရာဝန်ကြီးဌာနများက တာဝန်ယူခြင်းဖြင့် လမ်းပျော်ကလေးများ၏ ပိုမိုကောင်းမွန်သော ဘဝများကို ဖြစ်ထွန်းစေရမည်ဖြစ်သည်။ လူမှုအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်နေခြင်းတွင် မျက်နှာလွှဲမနေသင့်ပေ။ ဖမ်းဆီးအပြစ်ပေး အရေးယူခြင်းကိုသာ ပြုလုပ်လျက်ရှိခြင်းက ကလေးများအတွက် ယူနီဖောင်းဝတ်များကို ကြောက်ရွံ့စေပြီး ရှောင်ရှားနေခြင်းကိုသာ ဖြစ်စေသည်။ အခမဲ့ပညာရေး ပြုလုပ်ပေးရုံဖြင့် ကလေးငယ်တိုင်း စာသင်ကြားနိုင်မည် မဟုတ်ပါ။ ၎င်းတို့ ပညာသင်နိုင်ရန် စားဝတ်နေရေး ပြေလည်စေရန် ဆောင်ရွက်ပေးမှသာ စာသင်ကြားနိုင်ကြမည်ဖြစ်သည်။လက်ရှိအချိန်တွင်တော့ လမ်းပျော်ကလေးများအတွက် အခြေအနေကောင်းများ ရောက်ရှိလာခြင်း မရှိသေးပါ။ ကလေးအရေအတွက် ပိုများလာနေသလို အချို့ကလေးများက ကြီးရင့်လာသော အသက်အရွယ်များကြောင့် စာသင်ကျောင်းကို စွန့်ခွာထွက်သွားနေသည်။ အစိုးရ၏ လက်တွေ့ကျသော အကူအညီနှင့် လုပ်ပိုင်ခွင့်များ မရရှိသည့် အရပ်ဘက် အဖွဲ့များ အနေဖြင့်လည်း အင်အားချိနဲ့လျက် ရှိသည်။ အစိုးရ၏ မျက်ကွယ်ပြုမှုများအောက်တွင် လမ်းမများထက်၌၊ လမ်းကြိုလမ်းကြား၊ ဈေးအမှိုက်ပုံများကြား သွားလာရင်း ပီနံအိတ်ကြီးများကို လွယ်ထားလျက်ပင် ရှိနေသည်။ ယင်းသို့ပင် နေဝင်သွားကြသည်။ညရဲ့အမှောင်ဟာ နက်လာတာနဲ့အမျှ ပြည်မြို့ မြို့မဈေးကြီးရဲ့ ကမ်းနားလမ်းတစ်လျှောက် လူသူသံများ တိတ်ဆိတ်သွားပြီဖြစ်သည်။ ဈေးဆိုင်ခန်များတွင် သော့ခလောက် အကြီးကြီးများကို လရောင်အောက်တွင် ပြောင်လက်စွာ မြင်တွေ့နေရပြီး ဧရာဝတီကမ်းနဖူးကို မေးတင်ထားသည့် ဈေးလမ်းမှ အမှိုက်များနှင့် မနီးမဝေး ဈေးလှည်းကြီး နှစ်စီးပေါ်တွင်တော့ မြစ်လေအနွဲ့တွင် လှုပ်ခါနေသည့် ခြင်ထောင်နှစ်လုံးကို တွေ့နေရသည်။ အသက်ရှူသံ သေးသေးလေးများနှင့် ပြင်းထန်ကျယ်လောင်လှသည့် ဟောက်သံများ ရောထွေးနေကြသည်။ အသေအချာ လေ့လာကြည့်ပါက ကလေးငယ် ခုနစ်ဦးနှင့် အမိအဖ နှစ်ဦးရှိသည့် လမ်းနံဘေး မိသားစုလေးကို တွေ့မြင်သွားရမည်ဖြစ်သည်။ယင်းမိသားစုလေးထဲတွင် ယခုနှစ် ပညာသင်နှစ်၏ အလယ်တန်းအဆင့်ကို သင်ကြားခွင့် မရတော့သည့် ကလေးငယ်နှစ်ဦးနှင့် မူလတန်းအဆင့် စတင်သင်ကြားရမည့် ကလေးငယ်နှစ်ဦး ပါဝင်နေသည်။ ကလေးငယ်များ၏ အသက်များကတော့ ၎င်းတို့ တက်ရောက်ရမည့် အတန်းထက်များစွာ ကျော်လွန်နေပြီလည်း ဖြစ်သည်။ ယင်းမှာ လမ်းပျော်ကလေးများ၏ ဘဝတစိတ်တစ်ပိုင်း ဖြစ်သလို ထပ်တူကျသည့် နေထိုင်ရှင်သန်မှုလည်း ဖြစ်ပါလိမ့်မည်။