နိုင်ငံသားအားလုံးရဲ့ အရေး

နိုင်ငံသားအားလုံးရဲ့ အရေး
Published 26 June 2015
ဒေါက်တာဖြိုးသီဟ

တစ်ရက်ရုံးမှာ သန့်ရှင်းရေးဝန်ထမ်း အစ်မကြီးနဲ့ စကားပြောရင်း နိုင်ငံရေးနဲ့ ပတ်သက်လို့ စကားစပ်မိတော့ သူက “ဘယ်အစိုးရတက်တက် စိတ်မဝင်စားပါဘူး၊ ကိုယ့်ရှိမှ ကိုယ်စားရတာလေ” တဲ့။ သူ့ဟာနဲ့သူတော့ မှန်သလိုလို ရှိပေမယ့် တစ်ခုသိစေချင်တာက တကယ်တမ်း နိုင်ငံရေးစနစ်သာ ကောင်းရင်၊ အစိုးရသာ ပြည်သူကို တကယ် မိဘလို သဘောထားရင် ထမင်းနပ်မှန်ရုံမက နေနိုင်စားနိုင်တယ် ဆိုတာပါပဲ။နိုင်ငံတစ်နိုင်ငံမှာ အစိုးရက အစိုးရပီပီသသ အလုပ်လုပ်တယ်ဆိုတိုင်း နိုင်ငံသားအားလုံး ဘာမှလုပ်စရာမလိုဘဲ ချမ်းသာကုန်ကြတာတော့ မဟုတ်ဘူး။ အဲဒီတိုင်းပြည်က လူတွေဟာလည်း ကိုယ်ချမ်းသာဖို့ ကိုယ်ကြိုးစားကြရတာပဲ။ ဒါပေမဲ့ မတရား လယ်သိမ်းခံလိုက်ရလို့ နေ့ချင်းညချင်း ဒုက္ခရောက်သွားတယ်၊ ဖုန်းတစ်လုံး ကားတစ်စီးအတွက် မတန်တဆ ဈေးကြီးပေးဝယ်ရတယ်၊ ပြည်တွင်းစစ်ဖြစ်လို့ အခြေမဲ့အနေမဲ့ ဖြစ်ရတယ်၊ လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရတယ် ဆိုတာမျိုးတွေတော့ မရှိဘူးလေ။စာရေးဆရာ ရော့ဖ်ဒိုဘယ်လီက ပြောဖူးတယ်။ လူ့အဖွဲ့အစည်းတစ်ရပ် တိုးတက်တယ်၊ မတိုးတက်ဘူး ဆိုတာကို အဲဒီ လူ့အဖွဲ့ အစည်းထဲက လူတွေဆီမှာ ရွေးချယ်စရာ အခွင့်အလမ်း ဘယ်လောက်ထိ ရှိသလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာရတယ်တဲ့။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း အောင်ပြီးတဲ့ လူငယ်တွေအတွက် ရွေးချယ်စရာတက္ကသိုလ်၊ ရွေးချယ်စရာ အသက်မွေးဝမ်းကျောင်းအလုပ် ဘယ်လောက်ထိ ရှိသလဲဆိုတာကို ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံပညာရေးရဲ့ တိုးတက်မှု အဆင့်အတန်းကို သိနိုင်ပါတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်က မြို့ပြင်မှာ ရောက်နေတယ်၊ သင်ရိုးညွှန်းတမ်းက အဆင့်မမီဘူး၊ အောင်ပြီးပြန်ရင်လည်း လုပ်စရာအလုပ်က မရှိပြန်ဘူး။ ရတဲ့ဘွဲ့ကတစ်ခု၊ လုပ်နေတဲ့ အလုပ်က တစ်ခု။ ဘွဲ့ဆိုတာ အိမ်ရှေ့ခန်းမှာ လူမြင်ကောင်းအောင် ဓာတ်ပုံချိတ်ထားလို့ရရုံသက်သက် ဆိုတာမျိုး ဖြစ်လာတယ်။ တကယ်တော့ ဆယ်တန်းအောင်တဲ့အချိန်ဟာ ဘဝမှာ အရေးပါတဲ့ အချိုးအကွေ့ တစ်ခုဆိုရင် မမှားပါဘူး။ ဒီအချိန်မှာပဲ လူငယ်တွေဟာ ကိုယ်ဝါသနာပါတဲ့ ပညာရပ်၊ ကိုယ့်ဘဝတစ်လျှောက်လုံး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်သွားမယ့် အလုပ်တစ်ခုကို ရွေးချယ်ကြရတာပါ။ အာဏာရှင်တွေဟာ သူတို့အာဏာ တည်မြဲဖို့အတွက် ပညာတတ်တွေကို အနားမှာ ခေါ်ထားလေ့ မရှိသလို သူ့ပတ်ဝန်းကျင်က လူများကိုလည်း ပညာမတတ်အောင် လုပ်ထားလေ့ရှိတယ်။ အဲဒီလို ပညာရေးစနစ်ကို ဖျက်ဆီးခံထားရတဲ့ ကျွန်တော်တို့ လူငယ်တွေအတွက် ပညာရေးနဲ့ ပတ်သက်လာရင် ရွေးချယ်စရာ အင်မတန် ရှားပါးပါတယ်။တိုးတက်တဲ့ တိုင်းပြည်များမှာတော့ ရုပ်ရှင်တွေမှာ တခြားဂြိုဟ်က အကောင်တွေနဲ့ တိုက်ချင်လား၊ ရတယ်၊ ‘ဗုံးဆန်ထိပြီး ပြန်ရှင်လာရာကနေ Iron Man ဖြစ်သွားချင်လား ရတယ်၊’ ဒီလို စိတ်ထဲရှိသမျှကို လက်တွေ့အကောင်အထည် လိုက်ဖော်နိုင်တဲ့အခါ ရုပ်ရှင်အဆင့်အတန်းကလည်း တိုးတက်လာတော့တယ်။ ဒါပေမဲ့ 3 Idiots လို၊ Slumdog millionaire လို ဘာနည်းပညာမှမပါဘဲ ကမ္ဘာကို ထိုးဖောက်သွားနိုင်တဲ့ အိန္ဒိယဇာတ်ကားတွေလည်း အများကြီး ရှိပါတယ်။ တကယ်တော့ နည်းပညာအပြင် ကျွန်တော်တို့တွေ ထပ်လိုအပ်နေသေးတာက လွတ်လပ်တဲ့ အတွေးအခေါ်ပါပဲ။ လွတ်လပ်ရေးရတာချင်း သိပ်မကွာပေမယ့် ဒီမိုကရေစီစနစ်ကို နှစ်ပေါင်း ၆၀ ကျော် ထိန်းသိမ်းလာခဲ့တဲ့ နိုင်ငံနဲ့ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ နိုင်ငံ၊ လွတ်လပ်တာချင်းတော့ တော်တော်လေး ကွာပါတယ်။ သူ့ကျွန်ဘဝက လွတ်ခဲ့ပေမယ့် ကိုယ့်အချင်းချင်း ကျွန်အလုပ်ခံခဲ့ရတဲ့ ကျွန်တော်တို့တွေ ဘာမဆို ရဲရဲတွေး ရဲရဲပြော မလုပ်နိုင်တော့တာ မဆန်းပါဘူး။ပြီးခဲ့တဲ့ လူငယ်ဘောလုံးပြိုင်ပွဲတွေမှာ စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားကစားသွားကြတဲ့ လူငယ်ဘောလုံးသမားတွေဟာ အင်မတန်မှကို ချီးကျူးစရာ ကောင်းပါတယ်။ အဲဒီလို စိတ်ဓာတ်နဲ့ ကံကြမ္မာရဲ့ ဖေးမမှုတို့ကြောင့် အောင်မြင်မှုရခဲ့တဲ့ ဘောလုံးအသင်းတွေလည်း အမြောက်အမြားပဲ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြန်မာ့အားကစား ခေတ်တစ်ခေတ်ကို ထူထောင်ချင်တယ်ဆိုရင်တော့ စိတ်ဓာတ်တို့ ကံကြမ္မာတို့နဲ့ပဲ မလုံလောက်တော့ပါဘူး။ ကန်စရာ ဘောလုံးကွင်းတွေ ခရိုနီပိုင် ဖြစ်ကုန်တာမျိုးတွေ၊ ပံ့ပိုးမှုအားနည်းတာတွေ ခဏထား၊ ဘောလုံးအကြောင်း သိသူရော မသိသူပါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့ မြန်မာအသင်းရဲ့ အားနည်းချက်တစ်ခုကတော့ လူကောင်သေးတာပဲ ဖြစ်ပါတယ်။ အဲဒီပြဿနာ  ဘယ်ကလာပါသလဲ၊ တိုင်းပြည် ဆင်းရဲတာကနေ လာပါတယ်။ ကုန်ဈေးနှုန်းက မြင့်၊ လုပ်အားခက နည်းပါးတဲ့ တိုင်းပြည်မှာ ပြည်သူတွေဟာ မငတ်ရုံတမယ် ဗိုက်ပြည့်ရင်ပြီးရော စားနေကြရတာပါ။ ဆိုးဆေးတွေပါလည်း စားနေရတာပဲ။ အန္တရာယ်ဖြစ်စေတယ်ဆိုလည်း စားရတာပဲ။ မြန်မာတွေ အစားအစာ ရွေးချယ်တဲ့အခါ အာဟာရပြည့်ဝဖို့ မစဉ်းစားနိုင်ပါဘူး။ ဈေးသက်သာဖို့နဲ့ ဗိုက်ဝဖို့ကိုပဲ အဓိကထားနေကြရပါတယ်။ ဆိုင်အသစ် ဖွင့်လိုက်တိုင်း စားသုံးသူအပြည့်နဲ့ စည်ကားနေတတ်တဲ့ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းရဲ့ တခြားတစ်ဖက်မှာ ထမင်းကို ရေနဲ့မျှောချ စားနေရတဲ့ ကလေးငယ်တွေ အများကြီးပဲ ရှိနေပါသေးတယ်။ငါးပိကလွဲပြီး စားစရာမရှိတဲ့သူတွေကို အငန်တွေမစားနဲ့၊ သွေးတိုးနဲ့ မတည့်ဘူးလို့ ဘယ်လိုသွားပြောကြမလဲ။ တိုက်ပွဲဖြစ်ထားလို့ တံတားတွေက ပျက်နေတယ်။ ဆေးရုံကို မပြောနဲ့။ ရွာကနေ ကားလမ်းမပေါ် ရောက်ဖို့တောင် ဆိုင်ကယ်စီးလိုက်၊ လမ်းဆင်းလျှောက်လိုက်နဲ့ သုံးနာရီလောက် သွားယူရတယ်။ ဒီလို အနေအထားမျိုးမှာ အရေးပေါ် အခြေအနေ ဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကို ဆေးရုံ ဘယ်လိုပို့မလဲ။ဒါကြောင့် နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မေ့ထားလို့မရဘူး။ အားလုံးဟာ ဆက်စပ်နေတယ်။‘လူနာဆောင်အမှတ် ၆’ ဆိုတဲ့ ဘာသာပြန် ဝတ္ထုတစ်ပုဒ် ဖတ်ဖူးတယ်။ ရုရှားပြည် ခေတ်ပျက်ကာလကို နောက်ခံထားပြီး၊ ဆေးရုံတစ်ရုံရဲ့ လူနာဆောင်တစ်ခုထဲမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီအဆောင်က စိတ်ရောဂါဝေဒနာသည်များကို ထားတဲ့အဆောင် အဆောင်နံပါတ်က အမှတ် ၆။ လူနာဆောင် ဆိုပေမယ့်လည်း လူနာတွေကို လူနာလို မဆက်ဆံဘူး။ ထောင်သားတွေကို ဆက်ဆံတဲ့အတိုင်းပဲ ဆက်ဆံကြတယ်။ လိုအပ်တဲ့ ပြုစုကုသမှုတွေ ဘာဆိုဘာမှ မပေးဘူး။ ဒီကြားထဲမှာ ဆေးရုံက အစောင့်ဆိုတဲ့ လူကြမ်းကြီးက သူ့စကား နားမထောင်တဲ့သူဆို ဗလအားကိုးနဲ့ ထိုးလားကြိတ်လား လုပ်သေးတယ်။ အဲဒီလို လူနာတွေထဲမှာ ကံမကောင်း အကြောင်းမလှလို့ ဒီနေရာကို ရောက်နေရတဲ့ ပညာတတ် ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်။ လောကဓံကို မခံနိုင်၊ စိတ်တွေညစ်လွန်းလို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ ရူးနေပြီလို့ အားလုံးက သတ်မှတ်လိုက်ကြပြီး အဲဒီအဆောင်ထဲ အထည့်ခံလိုက်ရတာ။ ကျန်လူတွေလို ရောဂါသည်စစ်စစ် မဟုတ်တော့ ဒီအဆောင်ရဲ့ မူမမှန်မှုတွေကို အားလုံးအစအဆုံး သိနေမြင်နေ စိတ်ပျက်နေတော့တာပေါ့။ ဒါပေမဲ့ ဘယ်လိုမှ လွန်ဆန်လို့မရတော့လည်း ဒီအတိုင်းပဲ အရှုံးပေးနေရတယ်။တစ်နေ့တော့ အဲဒီဆေးရုံကို စာပေဝါသနာပါတဲ့ တာဝန်ခံဆရာဝန်တစ်ယောက် ပြောင်းလာတယ်။ တစ်ရက် အဲဒီအဆောင် ၆ ထဲကို အကြောင်းကိစ္စတစ်ခုနဲ့ မထင်မှတ်ဘဲ သူရောက်သွားတယ်။ အဲဒီမှာတင် ခုနက ပညာတတ်လူနာနှင့်တွေ့ပြီး စာပေအကြောင်းတွေ ဆွေးနွေးဖြစ်ကြတော့တယ်။ လူနာက သူတို့တွေကို ဘာပြုစုကုသမှုမှ မပေးဘဲ ဝင်ပြီးရင် ပြန်ထွက်မရတော့တဲ့ နေရာတစ်ခုလို ဒီလူနာဆောင်က ဖြစ်နေတာကို ဝေဖန်တယ်။ အဲဒီအခါ ဆရာဝန်က ပြန်ချေပတယ်။ ဒိုင်အိုဂျီးနိစ်က ရေစည်ထဲမှာ ဝင်နေပေမယ့် အဲဒီလို နေနေတဲ့ သူဟာ ရှင်ဘုရင်ထက်တောင်မှ စိတ်ချမ်းသာရသေးတယ်။ ဒါ့ကြောင့် အဓိကက ဘယ်နေရာမှာ ဘယ်လိုနေရတယ်ဆိုတာ မဟုတ်ဘူး။ မိမိစိတ်ကသာ အရေးကြီးဆုံးပဲဆိုပြီး သူ့အမြင်ကို ပြန်ပြောတယ်။ အဲဒီလို အမြင်မတူမှုတွေ ရှိနေပေမယ့်လည်း ဆရာဝန်ဟာ အဲဒီလူနာကို အထင်ကြီးသွားတာတော့ အမှန်ပဲ။ နောက်နေ့တွေမှာလည်း မကြာမကြာဆိုသလို သွားသွားပြီး ဆွေးနွေးဖြစ်တယ်။ အဲဒီလို ဘယ်ဆရာဝန်ကမှ အရေးတယူ သွားမကြည့်ခဲ့ဖူးတဲ့၊ ဆရာဝန်အရောက် အပေါက်နည်းလှတဲ့ အဆောင် ၆ ကို ဒီဆရာဝန်က နေ့စဉ်ရက်ဆက် သွားနေတဲ့အခါကျတော့ ဆေးရုံဝန်ထမ်းတွေက မသင်္ကာဖြစ်လာတယ်။ အဲဒါနဲ့ပဲ ဆေးရုံမှာရှိတဲ့ အခြားဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ပြီး အဲဒီဆရာဝန်ကို စိတ်ရောဂါရှိနေတယ်လို့ သတ်မှတ်လိုက်ကာ လူနာဆောင်အမှတ် ၆ ထဲကို လူနာအဖြစ် အပြီးအပိုင် ပို့လိုက်ကြပါတော့တယ်။ အရာရာ ပြည့်စုံနေတုန်းက ဒိုင်အိုဂျီးနိစ်အကြောင်း အားပါးတရ ဆွေးနွေးခဲ့တဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် မိမိစိတ်ကသာ အဓိကလို့ ငြင်းခဲ့ ခံယူခဲ့တဲ့ ဆရာဝန်ဟာ လူနာဆောင် အမှတ် ၆ ရဲ့ မတရားနှိပ်စက်မှုတွေ၊ ဆင်းရဲဒုက္ခတွေကို ကိုယ်တိုင်လက်တွေ့ကြုံရတဲ့ အခါလည်းကျရော ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့ဘဲ စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ရက်ပိုင်းအတွင်းမှာပဲ သေပွဲဝင်ခဲ့ရပါတယ်။ဒီဝတ္ထုထဲက ဆရာဝန်ဟာ မတရားမှုကြီး ရှိနေတာကို သိပေမယ့် ကိုယ့်ကိုမထိသေးတော့ အကြောင်းတွေလျှောက်ပြပြီး ရှောင်လွှဲနေတယ်။ နောက်ဆုံး သူမသိချင်ယောင် ဆောင်ခဲ့တဲ့ မတရားမှုကြီးက သူ့ကို ပြန်ဒုက္ခပေးသွားတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ၊ အာဏာရှင်စနစ်ကြီး မကောင်းတာ သိတယ်။ ဒါပေမဲ့ ကိုယ့်ကိုတိုက်ရိုက်လာ မထိသေးတော့ ခပ်အေးအေးနေခဲ့ကြတယ်။ အဲဒီလိုနဲ့ နှစ်၂၀ ကျော်ကြာသွားတယ်။ တိုင်းပြည်လည်း ချွတ်ခြုံကျသွားတယ်။ တိုင်းပြည်တွင်းမှာ နေကြတဲ့ ကျွန်တော်တို့ ဘဝတွေလည်း စုတ်ပြတ်သတ်သွားရတယ်။ ခုချိန်ထိလည်း ကိုယ့်ကိုထိပြီးလို့ တော်တော်လေးခံထားရပြီးတာတောင် ထိလို့ထိမှန်းမသိ ခပ်အေးအေး နေနေကြတုန်းပဲ။ နိုင်ငံရေးဆိုတာ အစိုးရနဲ့ အတိုက်အခံနဲ့ပဲ ဆိုင်သယောင်ယောင် လုပ်နေကြတုန်းပဲ။ဒီမိုကရေစီဆိုတာ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကနေပြီး ပြည်သူတွေအတွက် အလုပ်လုပ်ပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူက ပြည်သူကို အုပ်ချုပ်တယ်လို့ ဆိုကြပါတယ်။ အဲဒီအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်မဖြစ် ဆိုတာကို ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့် (Right to Vote) နဲ့ပဲ တိုင်းတာကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့ဟာ တာဝန်ခံမှုရှိတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ဖြစ်ပြီးတော့ အဲဒီအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ကိုယ့်အနာဂတ် ကိုယ်ဖန်တီးကြဖို့ကတော့ ပြည်သူတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။တကယ်တော့ နိုင်ငံရေးဆိုတာ ဘာမှ အထူးတဆန်း မဟုတ်ဘူး။ နိုင်ငံသားအားလုံးရဲ့ အရေးဟာ နိုင်ငံရေးပဲ။ ပညာရေး၊ ကျန်းမာရေး၊ ရုပ်ရှင်၊ ဂီတ၊ အားကစား၊ အားလုံးနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့ ပြည်သူတွေ အသိရှိကြဖို့လိုတယ်။ အမြင်ကျယ်ကြဖို့ လိုတယ်။ နောက်ပြီး ကိုယ်ပေးလိုက်တဲ့ အခွင့်အာဏာနဲ့ ဘယ်သူက တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ရွေးချယ်တတ်ကြဖို့ လိုတယ်။