တူညီအိပ်မက်လေးများ

တူညီအိပ်မက်လေးများ
Published 25 June 2015
သဲသီရိကျော်

ကျွန်မတို့တွေမှာ အိပ်မက်လေးတွေ ကိုယ်စီရှိကြမှာပါ။ အိပ်မက်တွေကတော့ တူချင်လည်း တူမယ်။ မတူချင်လည်း မတူဘူးပေါ့။ ဒါပေမဲ့ ကျွန်မတို့တွေ သတိမမူမိခဲ့တဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေ ကိုယ်စီမှာ တိတ်တဆိတ် ကိန်းအောင်းနေတဲ့ တူညီတဲ့ အိပ်မက်လေးတွေလည်း ရှိရဲ့။မိသားစုနဲ့ခွဲပြီး ရေခြားမြေခြားမှာ အလုပ်သွားလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ‘တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ရတာ ပိုပင်ပန်းတယ်။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုဆိုးတယ်။ လူ့အောက်ကျတယ်။ တိုင်းတစ်ပါးသားရဲ့ အပြောအဆို ခံရတယ်’ တဲ့။ ‘ဒါနဲ့များ ကိုယ့်မြေမှာ ကိုယ်အလုပ်လုပ်ပေါ့။ ဘာလို့ တိုင်းတစ်ပါးမှာ သွားလုပ်နေသေးလဲ’ ကျွန်မက မေးမိတယ်။ ‘သြော်... ဒီမှာ အလုပ်လုပ်ရင် ဒီလောက် အချိန်ကာလတိုလေးအတွင်းမှာ အခုရတဲ့ငွေလောက်မှ မရတာ။ ငါက ချမ်းချမ်းသာသာ နေချင်တာကိုး’ တဲ့ သူက ပြန်ဖြေတယ်။ဒါ သူ့အိပ်မက်...။ သူ့အိပ်မက်အတွက် သူယုံကြည်ရာလမ်းကို ရွေးချယ်ပြီး အလုပ်လုပ်ရတယ်။ သူမှန်လား၊ မှားလား မဝေဖန်ချင်ဘူး။ ဒါပေမဲ့ သူ့မှာ အများအတွက် အိပ်မက်တစ်ခုလည်း ရှိသေးတယ်။ ဒီထက်ပို ပြောရရင် သူ့ရဲ့ နောင်လာနောက်သားတွေအတွက် အိပ်မက်တစ်ခု။ ‘ငါတို့နိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ များများ ပေါ်ထွက်လာစေချင်တယ်။ လုပ်ရတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ငွေကြေး၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်တစ်ခုနဲ့ ကိုက်ညီသင့်တော်တဲ့ လုပ်အားခကိုတော့ လူတိုင်းပိုင်ဆိုင်ခွင့် ရစေချင်တယ်’ တဲ့လေ။ကိုယ်တွေနဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဘန်ကောက်ကို ရောက်တုန်းက သူတို့ဆီက အနိမ့်ဆုံး အခြေခံလစာကို မေးမြန်းစပ်စုမိတော့ ဘတ်သုံးထောင်တဲ့။ မြန်မာငွေနဲ့တွက်ရင် ကိုးသောင်းလောက်ပေါ့။ သာမန် အလှပြင်ဆိုင်လေးတစ်ဆိုင်မှာ အလုပ်သင်အနေနဲ့ အလုပ်သွားလုပ်ပြီး နေစရာလည်း ရထားတဲ့ သူငယ်ချင်းမလေးက ပြောတယ်။ ‘ဒီမှာက စားသောက်စရိတ်က သက်သာတယ်။ နေဖို့လည်းရတယ်။ အသားတင် တစ်လကိုးသောင်းနဲ့ bonus လည်းရတော့ အိမ်ကို ငွေပြန်ပို့နိုင်တယ်။ လုပ်သက်နည်းနည်းကြာရင် လစာငွေလည်းတိုးတော့ ကိုယ့်အတွက် အသုံးစရိတ်နဲ့ အိမ်ကိုပို့တာအပြင် ချွေတာသုံးတတ်မယ်ဆိုရင် အပိုငွေတောင် စုလို့ရတယ်’ တဲ့။ဒီလိုကိစ္စတွေမှ မဟုတ်။ ကျွန်မတို့ နေ့စဉ် သာမန်အဖြစ်အပျက်လေးတွေမှာပဲ တူညီတဲ့ အိပ်မက်လေးတွေ ရှိနေကြတယ်။ ဥပမာ ကျောင်းသွား၊ ကျောင်းပြန်၊ ရုံးသွား၊ ရုံးပြန်ချိန်တွေမှာ ကျပ်သိပ်နေတဲ့ လိုင်းကားပေါ်မှာ လိုအပ်တာထက်ပိုပြီး အချိန်တွေကြာအောင် စီးနေရတာကို ကျွန်မတို့ မလိုလားဘူး။ မြန်မြန်ခရီးတွင်ချင်တယ်။ အကြာကြီး စောင့်ရတဲ့ဒဏ်ကို မခံစားချင်ဘူး။ သက်သောင့်သက်သာ သွားချင်၊ လာချင်တယ်။ အဲ့ဒီလို အိပ်မက်လေးလည်း ကျွန်မတို့မှာ ရှိတယ်။ နောက်ပြီး တစ်နေ့တာလုံး အလုပ်တွေလုပ်၊ လုပ်ငန်းခွင်ထဲမှာ ပင်ပန်းပြီး အိမ်ပြန်ရောက်တဲ့ အချိန်မှာ အိမ်ကမိသားစုဝင်တွေ စားဝတ်နေရေး အဆင်မပြေလို့၊ ငွေကြေးလိုအပ်ချက်တွေကြောင့် အချင်းချင်း ဒေါသသံတွေနဲ့ ဆူပူရန်ဖြစ်နေတာတွေ၊ ညည်းတွားနေကြတဲ့ အသံတွေကို ကျွန်မတို့ မကြားချင်ဘူး။ ကျပ်တည်းခက်ခဲတဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း မိသားစုတွေ စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့ကို တချိန်လောက်ဖြစ်ဖြစ်တောင် ထမင်းလက်စုံ မစားဖြစ်ဘဲ တိတ်တဆိတ်နဲ့ ပျင်းရိခြောက်ကပ်ဖွယ် ကုန်ဆုံးသွားရတဲ့ နေ့ရက်မျိုးတွေကို ကျွန်မတို့ မလိုချင်ဘူး။ ကုန်ဈေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ လိုက်မမီနိုင်လောက်အောင် မြင့်တက်ပြီရင်း မြင့်တက်နေတဲ့ အဖြစ်မျိုးတွေ ကျွန်မတို့ မလိုချင်ဘူး။ စာသင်ခန်းထဲ ရောက်တော့လည်း ဘာစဉ်းစား တွေးခေါ်မှုမှ မပါတဲ့ နှုတ်တိုက်သက်သက် သင်ကြားပေးတဲ့ စာတွေကို ကျွန်မတို့ မသင်ချင်ဘူး။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အစွမ်းသတ္တိတွေ၊ အရည်အချင်းတွေကို ဖိနှိပ်ပြီး အညွန့်ချိုးထားတဲ့ ပညာရေးမျိုးကို ကျွန်မတို့ မလိုလားဘူး။ ချမ်းသာတဲ့သူတွေက ချမ်းသာပြီးရင်း ချမ်းသာ၊ ဆင်းရဲတဲ့သူတွေက ဆင်းရဲပြီး ရင်းဆင်းရဲနေတဲ့ မမျှတမှုတွေကို ကျွန်မတို့ မလိုချင်ဘူး။ မတရားမှုတွေ၊ အချင်းချင်းခေါင်းပုံဖြတ်မှုတွေအကြောင်း တစ်နေ့တစ်နေ့ ကြားနေ၊ သိနေ၊ မြင်နေရပါရက်နဲ့ ဘာမှပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မရှိဘဲ လူတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ အဖြစ်မျိုးကို ကျွန်မတို့ မလိုလားဘူး။ မတရားမှု၊ အနိုင်ကျင့်ဖိနှိပ်မှု၊ ရာထူးအာဏာပေါ် အလွဲသုံးစား လုပ်မှုတွေကို မလိုချင်ဘူး။ကျွန်မတို့ရဲ့ အိပ်မက်တွေက အခုလို ဆင်းရဲတွင်း မနက်ချင်တာ။ နေရာတကာမှာ လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေတာကို အားလုံးမဟုတ်တောင် ကျွန်မတို့တွေ တူညီစွာ ခံစားနေကြရတဲ့ စိတ်ဒုက္ခ၊ နာကျင်ခံစား ထိခိုက်မှုတွေအတွက် တကယ်အရေးကြီးတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲ ဖြည့်ဆည်းပေးစေချင်တာ၊ မပြည့်ဝတာတွေကို ပြည့်ဝလာစေချင်တာ၊ မမျှတတာတွေကို မျှတလာစေချင်တာ၊ နိမ့်ကျနေတဲ့ ပညာရေးစနစ်ကို မြင့်တက်လာစေချင်တာ၊ လက်ဝါးကြီးအုပ်ပြီး မတရားဖိနှိပ် ခံထားရတဲ့ သူတွေအပေါ် ကိုယ်ချင်းစာနာတတ်စေချင်တာ၊ မွန်းကျပ် ကျပ်တည်းနေတဲ့ ဘဝကနေ လွတ်မြောက်ချင်တာ၊ ကျွန်မတို့မှာဖြစ်ချင်တဲ့ အိပ်မက်တွေ၊ မျှော်လင့်တောင့်တနေရတဲ့ တူညီတဲ့ အိပ်မက်တွေ အများကြီးပါပဲ။ တစ်ဦးချင်းမက်တဲ့ အိပ်မက်လေးတွေမှာ ကိုယ့်ဝါသနာ၊ ရည်မှန်းချက်လေး တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် ကြိုးစားပြီး အောင်မြင်ချင်တာ၊ လှချင်တာ၊ စာမေးပွဲအောင်ချင်တာ၊ ဒီလကုန်ရင်တော့ လစာလေး ဘယ်လောက်တိုးချင်တယ်ဆိုတာမျိုး စတဲ့ တစ်သီးပုဂ္ဂလ အိပ်မက်လေးတွေနဲ့ ခြားနားတဲ့ အများနဲ့ သက်ဆိုင်တဲ့ အိပ်မက်လေးတွေ ကိုယ်စီလည်း ရှိနေကြတာပေါ့။ ဒါပေမဲ့ တစ်သီးပုဂ္ဂလ အိပ်မက်လေးတွေက ကိုယ်တစ်ဦးတည်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖန်တီးရယူနိုင်စွမ်းပေမယ့် တချို့သော မအိပ်ဘဲမက်တဲ့ အများနဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကတော့ ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှု၊ ကြိုးစားနေထိုင်မှုတွေအပြင် ကျွန်မတို့ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်ပေးနိုင်မယ့် နောက်ထပ်ဖန်တီးနိုင်စွမ်းမှုတွေပေါ်မှာလည်း မူတည်နေပါတယ်။ကျွန်မတို့မှာ တူညီတဲ့အိပ်မက်တွေ များစွာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အဲ့ဒီအိပ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်မယ့် အရာကို ရွေးချယ်ခွင့် များများစားစား မရှိခဲ့ဘူး။ ကျွန်မတို့လိုချင်တဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖြစ်တည်လာအောင် ဖန်တီးပေးနိုင်သူက ကျွန်မတို့ကိုယ်တိုင်အပြင် ‘ကျွန်မတို့ရဲ့ရွေးချယ်မှု မှန်ကန်ခြင်း’ အပေါ်လည်း မူတည်တယ်။ နောက်ထပ် ကျွန်မတို့ မမြင်နိုင်တဲ့ အချိန်ကာလဆိုတဲ့ ဝှက်ဖဲတစ်ခုနဲ့ ကျွန်မတို့ယုံကြည်ရာ အိပ်မက်တွေကို တကယ်အကောင်အထည် ဖော်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ အခွင့်အရေး ရှိသူရဲ့ စိတ်စေတနာ ပြည့်ဝမှန်ကန်မှု၊ အစွမ်းသတ္တိ၊ အရည်အချင်းနဲ့ အသိဉာဏ်ပညာပေါ်မှာလည်း အများကြီး မူတည်နေတယ်။တချို့သူတွေက မမက်ရဲတဲ့ အိပ်မက်တွေကို တချို့သူတွေက ယုံကြည်စွာနဲ့ ဆက်လက် အိပ်မက်မက်နေကြတုန်း။ တချို့တွေက ဒါက ငါတို့နဲ့ ဘာဆိုင်တာမှတ်လို့ဆိုပြီး ဒီလိုမျိုး အိပ်မက်တွေအကြောင်း ရင်ဖွင့်ပြောပြမိရင်တောင် မတန်မရာ ကြီးကြီးကျယ်ကျယ်တွေ ပြောတယ်ထင်ကြတယ်။ ကိုယ့်လူမျိုးတွေ နေရာအနှံ့အပြားမှာ သိမ်ငယ်စွာ အလုပ်လုပ်နေကြရတာ၊ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေ များစွာနဲ့ ငတ်မွတ်ခေါင်းပါးနေကြတာ၊ ဆင်းရဲတွင်းက တစ်နေ့ထက်တစ်နေ့ ပိုပြီးနက်နေကြတဲ့ ဘဝတွေကိုတော့ ကိုယ်ချင်းစာ မမြင်ပေးနိုင်တဲ့အပြင် ဒါတွေကို ကိုယ်ချင်းစာပေးတော့ရော ငါတို့ဘာသာ ပြုပြင်ပြောင်းလဲပေးလို့ရတာမှ မဟုတ်တာ၊ ငါတို့လုပ်နိုင်တဲ့ ကိစ္စတွေမှ မဟုတ်တာဆိုပြီး လျစ်လျူရှုသူတွေ၊ စိတ်ပျက်အားလျော့ နောက်ဆုတ်အရှုံးပေး သူတွေလည်း ရှိရဲ့။ တချို့သူတွေကတော့ ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ရဲ့။ ကိုယ်ပိုင်အသိဉာဏ်တွေနဲ့လည်း ရွေးချယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားရဲ့။ ဖြစ်ချင်ထက်သန်တဲ့ စိတ်တွေနဲ့ ယုံကြည်စွာ အိပ်မက်တွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြိုးစားကြရင်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်နေကြသလို အများနဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကိုလည်း ယုံကြည်စွာဆက်ပြီး မက်ကြလေရဲ့။ကျွန်မတို့ရဲ့ တူညီတဲ့အိပ်မက်တွေကို ဘယ်သူတွေက ဘယ်အချိန်ထိ ယုံကြည်စွာ ဆုပ်ကိုင်ရင်း တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားသွားမှာလဲ။ ဘယ်သူတွေက ဆက်လက် မမက်ရဲတော့ဘဲ ထားပစ်ခဲ့မှာလဲဆိုတာ စိတ်ဝင်စားစရာကောင်းသလို ကျွန်မတို့ရဲ့ တူညီအိပ်မက်လေးတွေကို တစ်နေ့မှာ တကယ်လက်တွေ့ အကောင်အထည်ဖော်ခွင့် ရ၊ မရ ဆိုတာလည်း ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းလို့နေပါတယ်။