နာခံခြင်းများ၏ နောက်ကွယ်

နာခံခြင်းများ၏ နောက်ကွယ်
Published 23 June 2015
ကျွန်း

၁၉၆၀ ခုနှစ်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်းများစွာက အမိန့်အာဏာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ စိတ်ရောဂါအထူးကု ဆရာဝန် ချားလ်စ်ဟော့ဖလင်းနဲ့ အဖွဲ့ရဲ့ လေ့လာမှုကနေ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလှတဲ့ တွေ့ရှိချက် ထွက်လာခဲ့ပါတယ်။ အဲဒါက ဆေးရုံလိုနေရာမျိုးမှာ လူတွေက အမိန့်အာဏာတွေကို ပြန်လှန်မေးခွန်း မထုတ်ဘူးဆိုရင် သေစေတဲ့အထိ ဖြစ်နိုင်ကြောင်းပါ။
သူနာပြု ၂၂ ယောက်က ဘယ်သူမှန်းမသိတဲ့ ဆရာဝန်တစ်ယောက်ထံက အက်စထရိုတန်လို့ခေါ်တဲ့ ဘာမှန်းမသိတဲ့ ဆေးဝါးတစ်ခုကို ပုံမှန်ပေးရမယ့် ပမာဏထက် နှစ်ဆပေးဖို့ ဖုန်းနဲ့ ညွှန်ကြားခြင်း ခံခဲ့ကြပါတယ်။ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဆရာဝန် ဘယ်သူလဲဆိုတာ သိရင်တောင်၊ ခွင့်ပြုချက်မရှိတဲ့ ဆေးဝါးတွေကို ပုံမှန်ပမာဏလည်း ပေးခွင့်မရှိပါဘူး။ သို့ပေမဲ့ အဲဒီလို ဖုန်းနဲ့ ပြောတာကို သူနာပြု ၂၂ ယောက်မှာ ၂၁ ယောက်က လိုက်နာဆောင်ရွက် ခဲ့ကြပါတယ်။ အဲဒီဆေးဝါးက စမ်းသပ်ဖို့သက်သက် လုပ်ထားတဲ့ ဆေးဖြစ်ပြီး၊ တကယ့်ဆေးအစစ် မဟုတ်တဲ့အတွက် ဘယ်သူမှ အန္တရာယ် မရှိခဲ့ကြပါဘူး။ အဲဒီလေ့လာမှုရဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းက အခြားသူနာပြု ၁၂ ဦးနဲ့ သူနာပြု ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးကို အဲဒီအနေအထားကို ပြောပြပြီး သူတို့သာဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ပါတယ်။ သူနာပြု ထဲက ၁၀ ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးစလုံးက သူတို့ကို အဲဒီလိုပြောရင် ငြင်းမှာပဲလို့ ဆိုကြပါတယ်။ ရလဒ်ရဲ့တစ်ဖက်က အ လွန်အမင်း နာခံခြင်းနဲ့၊ ကျန်တစ်ဖက်က မိမိ ရဲ့ နာခံလွယ်မှု အနေအထားကို လျှော့တွက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီနှစ်ခုရဲ့ ပေါင်းစပ်ခြင်းက အလွန်ကို အန္တရာယ် ရှိပါတယ်။ 
နာခံခြင်းသက်သက်က အမှားမရှိပါဘူး။ ဆရာဝန်ရဲ့ အမိန့်ကို နာခံခြင်းက ဘာမှမမှားပါဘူး။ မှားတာက မေးခွန်းထုတ်ခြင်း မပြုဘဲ မျက်ကန်းနာခံခြင်း ဖြစ်ပါတယ်။ အဲဒါက ဆေးလောက တစ်ခုတည်းမှာတင် အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာ အာ့ဘရိဖ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်မှာ နာခံလွယ်ခြင်းကနေ လူမျိုးရေးခွဲခြားမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လေ့လာမှုမှာ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်နေရာမှာ ခန့်မယ့်သူတွေကို စိစစ်ရွေးချယ်ပေးဖို့ကော လိပ်ကျောင်းသူ၊ ကျောင်းသားတွေကို တာဝန်ပေးခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူ တစ်ဝက်ထံကို ကုမ္ပဏီရဲ့ ဥက္ကဋ္ဌထံကလို့ ယူဆရအောင် ရေးထားတဲ့စာအတုတွေ ပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ ရွေးချယ်ခံရသူတွေက သူတို့နဲ့ ဝိသေသလက္ခဏာချင်းတူတဲ့ လူထုကိုပဲ ဦးတည်အရောင်းမြှင့်တင် ရမှာဖြစ်တဲ့အတွက်၊ လူနည်းစု အုပ်စုဝင်တွေကို မရွေးချယ်ဖို့ ပြောထားပါတယ်။ အဲဒီစာကိုရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက စာမရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထက် လူမည်းတွေကို ရွေးချယ်တာ တစ်ဝက်မက လျော့နည်းခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေဆိုတာ ပုံမှန်အားဖြင့် အမိန့်နာခံလွယ်လှတဲ့ အုပ်စုဝင်တွေ မဟုတ်ဘူးလို့ ယူဆခဲ့ကြပေမယ့် သက်ရောက်မှုက မြင်သာထင်ရှားပါတယ်။
နာခံလွယ်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေထဲမှာ နာမည်ကြီးလှတဲ့ သုတေသီက လူမှုရေးစိတ်ပညာရှင် စတန်လီမေလ်ဂရန် ဖြစ်ပါတယ်။ မေလ ၁၉၆၂ ခုနှစ်မှာ မေလ်ဂရန်စမ်းသပ်မှုလို့ နာမည်ကြီးလာမယ့်၊ နာခံလွယ်မှုနဲ့ ပတ်သက်တဲ့ စမ်းသပ်လေ့လာမှုကို ယေးလ်တက္ကသိုလ်ရဲ့ စမ်းသပ်ခန်းမကြီးထဲမှာ စတင် ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူတွေက အသက် ၂၀နဲ့ ၅၀ ကြားမှာရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံ၊ ကော်နက်တီကပ်ပြည်နယ်၊ ဂရိတ်တားနယူးဟဲဗင် ဒေသမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူ တို့ကို သတင်းစာကနေ ကြော်ငြာပြီး ခေါ်သလို၊ တိုက်ရိုက်စာပို့ပြီး ပါဝင်ဖို့ အကြောင်းကြား တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ ပါဝင်သူတွေရဲ့ အလုပ်အကိုင်က ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌလို နေရာမျိုးကနေ ရေပိုက်ပြင်သမားအထိ ပါဝင်ပါတယ်။ ပညာအရည်အချင်းကလည်း မူလတန်းမအောင်သူတွေကနေ ပါရဂူဘွဲ့ ကျောင်းသားတွေအထိ ပါပါတယ်။ ပါဝင်သူတွေကို စမ်းသပ်မှုပြုလုပ်ရခြင်း အကြောင်းကို အမှန်အတိုင်း မပြောဘဲ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ စိတ်ပညာစမ်းသပ်မှု ဖြစ်တယ်လို့ မုသားသုံးခဲ့ပါတယ်။ သင်ကြားမှုနဲ့ သင်ယူ မှုသီအိုရီတွေထဲကတစ်ခုက လူတွေကို အမှား လုပ်တိုင်း အပြစ်ပေးခြင်းက၊ မှန်ကန်စွာ သင် ယူမှုကို ဖြစ်စေနိုင်ကြောင်း၊ အဲဒီသီအိုရီကို အသုံးချတဲ့ ရိုးစင်းတဲ့ နည်းလမ်းက မိဘတွေက ကလေးတွေကို ရိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိစမ်းသပ်မှုမှာ အသက်အရွယ်၊ အလုပ်အကိုင် အမျိုးမျိုးက လူအချို့ကို ဆရာ၊ အချို့ကို ကျောင်းသားအဖြစ် နေရာချပြီး အပြစ်ပေးခြင်းက သင်ယူမှုအပေါ် သက်ရောက်ခြင်းတွေ ကို လေ့လာမှာဖြစ်ကြောင်း လှည့်စားရှင်းပြခဲ့ ပါတယ်။ အဲဒီနောက်မှာ ဆရာနဲ့ ကျောင်းသား နေရာအတွက် မဲနှိုက်ပြီး ရွေးသလို ပြုလုပ်ပြပေမယ့် စမ်းသပ်မှုမှာ ပါဝင်သူတွေ အားလုံးက ဆရာအဖြစ်သာ ပါဝင်ကြရပြီး၊ ကျောင်းသားက ငှားထားတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။
ဆရာအဖြစ် ပါဝင်ရမယ့် သူကိုလျှပ်စစ် ရှော့ခ်ပေးရမယ့် စက်ကိုပြပြီး၊ ကျောင်းသားအဖြစ် သရုပ်ဆောင်သူရဲ့လက်မှာ အဲဒီစက်နဲ့ ဆက်ထားတဲ့ အီလက်ထရုတ် (Electrode) ကို တပ်ဆင်ပြခဲ့ပါတယ်။ ကျောင်းသားအဖြစ် သရုပ်ဆောင်သူက သူလွန်ခဲ့တဲ့ နှစ်နှစ်လောက်က နှလုံးရောဂါနဲ့ ဆေးရုံတက်ခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မဟုတ်ကြောင်း ပြောပြပြီး ဒီလျှပ်စစ်ရှော့ခ်တွေက ဘယ်လောက် အန္တရာယ်ရှိနိုင် သလဲလို့ ဆရာအဖြစ်ပါဝင်သူရှေ့မှာ မေးပါတယ်။ သုတေသီအဖြစ် ပါဝင်သူက နာတော့နာမယ်၊ ဒါပေမဲ့ အန္တရာယ်မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ကျောင်းသားကို အခန်းတစ်ခုထဲမှာ ထည့်ပိတ်ထားတာမို့ အပြင်ကနေ မမြင်ရပါဘူး။ ဆရာအဖြစ်ပါဝင်သူက အပြင်ကနေ စာလုံးအတွဲတွေကို ဖတ်ပြပြီး ကျောင်းသားကို အဲဒါတွေ မှတ်သားစေပါတယ်။ နောက်တစ်ကြိမ် ဆရာဖတ်ပြတဲ့အချိန်မှာ အတွဲတွေရဲ့ တစ်ပိုင်းကိုပဲ ဖတ်ပြပြီး ကျန်တဲ့အပိုင်းကို စကားလုံးလေးခုထဲက တစ်ခုရွေးစေမှာ ဖြစ်ပါတယ်။ ကျောင်းသားကပေးထားတဲ့ ခလုတ်လေးခုကနေ အမှန်စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ပထမပိုင်းမှာ ဆရာက အပြာရောင် မိန်းကလေးလို့ ဖတ်သွားပြီး၊ ဒုတိယပိုင်းမှာ ဆရာက အပြာရောင် ယောက်ျားလေး၊ မိန်းကလေး၊ မြက်ခင်း၊ ဦးထုပ် စသဖြင့် ဖတ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသားက အဖြေမှန်အတွက် နံပါတ်နှစ် ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဖြေမှားတိုင်းမှာ ဆရာက သူသုံးမယ့် ဗို့အားကို ပါးစပ်က ပြော၊ အဲဒီဗို့အားခလုတ်ကို နှိပ်ပြီး ကျောင်းသားကို အပြစ်ပေးရမှာ ဖြစ်ပါ တယ်။ ပထမဆုံးအကြိမ် မှားချိန်မှာ ၁၅ ဗို့ စ ပေးပြီး၊ ထပ်မှားတိုင်း ဗို့အားတွေကို တိုးမြှင့် သွားရမှာ ဖြစ်ပါတယ်။
စမ်းသပ်မှုမှာ ၁၀၅ ဗို့လောက် ရောက်တဲ့ အချိန်တွေမှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူထံက အော်ဟစ်သံတွေကြောင့် ဆရာအဖြစ် ပါဝင်သူတွေက မသေမချာ ဖြစ်လာကြပါတယ်။ သို့ပေမဲ့ သုတေသီက ဆက်လုပ်ပါလို့ပြောရင် ဆက်လုပ်ကြပါတယ်။ ဗို့အား ၁၅၀ မှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူထံက “ငါ့မှာ နှလုံးရောဂါ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ အခု ငါ့နှလုံးက ငါ့ကို ဒုက္ခပေးနေပြီ၊ ဒီကနေ ပေးထွက်ပါတော့၊ ဒီစမ်းသပ်ချက်မှာ မပါချင်တော့ဘူး” ဆိုတဲ့ အော်သံထွက်လာပါတယ်။ အဲဒီလို အခြေအနေမှာ ဆရာအဖြစ် ပါဝင်သူတွေထံက ဆက်မလုပ်ချင်တော့ဘူးလို့ ငြင်းပယ်မှုတွေ၊ မေးခွန်းထုတ်မှုတွေ ရှိလာပေမယ့် ဘေးက သုတေသီက ဆက်လုပ်ပါ၊ ဒီစမ်းသပ်ချက်မှာ သင်ဆက်လုပ်နေဖို့ လိုအပ်တယ်လို့ ပြောရင် အများစုက ဆက်လုပ်ကြတာကို တွေ့ရပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဆရာအဖြစ်ပါဝင်သူ ရာခိုင်နှုန်း ၅၀ က ကျောင်းသားအဖြစ် သရုပ်ဆောင်သူကို အမြင့်ဆုံး ဗို့အားဖြစ်တဲ့ ၄၅၀ ဗို့အထိပေးပြီး အပြစ်ပေးခဲ့ကြတယ်လို့ တွေ့ရပါတယ်။
စမ်းသပ်မှုပြီးဆုံးချိန်မှာ ဆရာအဖြစ် ပါဝင်သူတွေကို စမ်းသပ်ခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်နဲ့ ဘယ်သူမှ ထိခိုက်မှု မရှိကြောင်းတွေကို ပြောပြပေးပါတယ်။ အလားတူ စမ်းသပ်ချက်ကို ကျောင်းသားအဖြစ် သရုပ်ဆောင်သူနဲ့ ဆရာအဖြစ် ပါဝင်သူတွေကို ခပ်နီးနီးမှာထားပြီး ဆောင်ရွက်ကြည့်တဲ့အခါ သူတို့နှစ်ဦး ပိုမိုနီးကပ်စွာ ရှိနေခြင်း၊ တစ်ဦးကိုတစ်ဦး မြင်နေရခြင်းတွေက၊ နာခံလွယ်မှုကို သိသာစွာလျော့ကျ သွားစေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် သုတေသီနဲ့ ဆရာအဖြစ် ပါဝင်သူတွေ နီးကပ်စွာရှိခြင်း၊ ဝေးကွာစွာ ရှိခြင်းတွေလည်း များစွာသက်ရောက်ကြောင်း တွေ့ရှိရပါတယ်။ သုတေသီအဖြစ် ပါဝင်သူ အခန်းထဲမှာ လူကိုယ်တိုင်ရှိမနေဘဲ တယ်လီဖုန်းနဲ့ ညွှန်ကြားတာ၊ အသံသွင်းတိတ်ခွေနဲ့ ညွှန်ကြားတာတွေက နာခံလွယ်မှုတွေကို သိသာထင်ရှားစွာ ကျဆင်းစေခဲ့ပါတယ်။ ဆရာအဖြစ်ပါဝင်မယ့် သရုပ်ဆောင်တစ်ဦး၊ နှစ်ဦးကို ထပ်ဖြည့်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဘေးမှာရှိနေတဲ့ အခြားဆရာတွေရဲ့ အပြုအမူတွေက စမ်းသပ်ခံဆရာရဲ့ အပြုအမူကို များစွာသက်ရောက်မှု ရှိကြောင်း တွေ့ရှိရပါတယ်။ ယေးလ်တက္ကသိုလ်နဲ့ ဆက်စပ်မှုကို မသိစေဘဲ အခြားတစ်နေရာမှာ စမ်းသပ်မှုကို ပြုလုပ်ကြည့်တော့လည်း နာခံမှု အတိုင်းအတာက ကွာခြားမှု မရှိဘူးလို့ တွေ့ရပါတယ်။
စတန်လီမေလ်ဂရန်ရဲ့ မိဘတွေက နိုင်ငံရွှေ့ပြောင်းလာရတဲ့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ မေလ်ဂရန်က ဒီစမ်းသပ်ချက်ကို ဂျူးလူမျိုးတွေကို နာဇီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကို စဉ်းစားပြီး  ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ရဲ့ တွေ့ရှိချက်တွေ မထွက်ပေါ်ခင်ကာ လက လူတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုဆိုတာ ဂျာမန်လူမျိုးတွေသာ လုပ်နိုင် တဲ့ အလုပ်လို့ ထင်ခဲ့ကြပါတယ်။ မေလ်ဂရန်ရဲ့ စမ်းသပ်မှုမှာ အမေရိကန်လူမျိုးတွေထဲက အကြင်နာဆုံး နှလုံးသားရှိသူတွေတောင် အခြားသူတွေ အပေါ်မှာ အလွန်ကို ရက်စက်တဲ့ အပြုအမူတွေကို အမိန့်အရ ပြုလုပ်နိုင်စွမ်းရှိကြောင်း အံ့သြစွာ တွေ့ရှိခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ ပုံတူ စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အခါမှာ နာခံလွယ်မှု အနေအထားက မေလ်ဂရန်ရဲ့ တွေ့ရှိချက်နဲ့ မကွာခြားခဲ့ပါဘူး။      
ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်နဲ့ စမ်းသပ် ခန်းထဲမှာ စမ်းသပ်မှုက အလွန်ကွာခြားတယ် ဆိုတာကို မေလ်ဂရန်က သတိပြုမိပါတယ်။ ဒါက မီးခြစ်ဆံမှာ လောင်ကျွမ်းနေတဲ့ မီးနဲ့ ၁၈၇၁ ချီကာဂိုမြို့မှာ ကြုံခဲ့ရတဲ့ သမိုင်းဝင် မီးလောင်ကျွမ်းမှုနဲ့ ကွာခြားသလို ကွာခြားပါ တယ်။ သို့ပေမဲ့ အခြေခံလောင်ကျွမ်းမှုဖြစ်စဉ် ချင်းတူကြသလို သူ့စမ်းသပ်ခန်းထဲက တွေ့ရှိချက်နဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ တူညီတဲ့ အခြေခံ အချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒါက အာဏာရှိ သူတစ်ဦးက တစ်စုံတစ်ယောက်ကို အမိန့်ပေး ပြီး အခြားသူတွေရဲ့ အခွင့်အရေးတွေကို ထိ ခိုက်အောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်၊ ယုတ်မာရက်စက်မှုတွေကိုတောင်မှ ခိုင်းစေလို့ရတယ် ဆိုတာပါပဲတဲ့။
၂၀၀၈ ခုနှစ်မှာ မေလ်ဂရန် စမ်းသပ်မှုတွေကို ပြန်လည်စုပေါင်းသုံးသပ် ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ၁၅၀ ဗို့ကို ရောက်ချိန်မှာ ဆရာအဖြစ် ပါဝင်သူတွေက သူတို့ရဲ့ အပြစ်ပေးမှုတွေကို ရပ်တန့်လေ့ရှိကြတာ တွေ့ရပါတယ်။ အဲဒီအဆင့်မှာ မရပ်သူတွေထဲက ရာခိုင်နှုန်း ၈၀ နီးပါးက ကျောင်းသားအဖြစ် သရုပ်ဆောင်သူကို အမြင့်ဆုံးဗို့အထိ ဆက်ပေးကြကြောင်း တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်မှုက မိန်းမ၊ ယောက်ျား၊ နေထိုင်တဲ့ နိုင်ငံ၊ အသက်အရွယ်၊ ပင်ကိုစရိုက်တွေပေါ် မူတည်ပြီး ကွဲပြားမှုမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း လူ ၈၀၀ ပတ်ဝန်းကျင် ပါဝင်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူ လုံးဝအသံတိတ်ငြိမ်သက် သွားပြီးတဲ့နောက်မှာ အဲဒီလူ နှလုံးအတက်ခ်များ ရသွားပြီလား၊ အကူအညီလိုတဲ့ အနေအထား ရောက်နေပြီလားလို့ သွားရောက်စစ်ဆေးသူ တစ်ယောက်တောင် မရှိခဲ့ပါဘူးတဲ့။ 
အခုအချိန်မှာ သုတေသန ကျင့်ဝတ်စည်းမျဉ်းတွေ ပြောင်းလဲခဲ့ပြီမို့ အဲဒီသုတေသနတွေကို မေလ်ဂရန် လုပ်ခဲ့သလို လုပ်လို့မရတော့ပါဘူး။ သို့ပေမဲ့ ဖြစ်နိုင်တဲ့ အနေအထားနဲ့ ပြောင်းလဲပြုပြင်ပြီး မေလ်ဂရန် စမ်းသပ်ချက်တွေကို ပုံတူပွားပြုလုပ်ခဲ့ကြပါ တယ်။ နာခံလွယ်မှု အတိုင်းအတာက ဒီဘက် ခေတ်တွေမှာ ပြောင်းလဲနေပြီလားလို့ စိတ်ပညာရှင်တွေက သိချင်ခဲ့ကြတာပါ။ ဒါပေမဲ့ နာခံလွယ်မှုတွေက အဲဒီအတိုင်း မပြောင်းမလဲ ရှိသေးကြောင်းကို စိတ်မသက်သာစွာနဲ့ ဆက်လက် တွေ့ရှိခဲ့ကြပါတယ်။ “ကျွန်တော်၊ ကျွန်မက ခိုင်းတဲ့အတိုင်း လုပ်တာပဲ” “ကျွန်တော်၊ ကျွန်မမှာ တာဝန်မရှိဘူး” ဆိုတာတွေကိုလည်း ကြားနေကြရဆဲပါ။
စတန်လီမေလ်ဂရန်က သူ့ရဲ့တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချခဲ့ပါတယ်။ “ကျွန်တော်တို့ စမ်းသပ်လေ့လာမှုရဲ့ အခြေခံအကျဆုံးတွေ့ရှိချက်က သာမန်လူတွေဟာ မိမိအလုပ်ကို မိမိလုပ်ရင်း၊ ရန်လိုစိတ် တစ်စုံတစ်ရာမရှိဘဲ အလွန်ဆိုးရွားလှတဲ့ ဖျက်ဆီးမှုဖြစ်စဉ်ကို ကိုယ်စားဆောင်ရွက်ပေးသူတွေ ဖြစ်သွားနိုင်ခြင်းပါ” တဲ့။
Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာ သင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ ပလောက်စ်က “သာမန်လူတွေက အမိန့်အရ မိမိမသိသူတွေကို သတ်ဖြတ်နိုင်၊ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတဲ့ စတန်လီမေလ်ဂရန်ရဲ့ ပြောဆိုချက်မှန်ခဲ့ရင်၊ ကျွန်တော်တို့ ဒီအချက်တွေကို ဂရုမထားဘဲ နေကြရင် တစ်ချိန်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးတွေ ပြန်လည်ပေါ်ပေါက် လာနိုင်တယ်” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။
စတန်လီမေလ်ဂရန်က ၁၉၈၄ ခုနှစ်၊ အသက် ၅၁ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သို့ပေမဲ့ သူထားခဲ့တဲ့ သုတေသန အမွေအနှစ်တွေကတော့ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပါတယ်။
(ညွှန်း - www.coursera.org  - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ သင်ကြားပို့ချချက်)