အောင်စာရင်း (သို့မဟုတ်) ရှုံးစာရင်း

အောင်စာရင်း (သို့မဟုတ်) ရှုံးစာရင်း
Published 6 June 2015
မောင်တင်ဦး(မြောင်းမြ)

အောင်စာရင်း
 
ဇွန်လ ၆ ရက်နေ့မှာ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာမယ်လို့ သတင်းစာရေဒီယိုက ကြားလိုက်ရတယ်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တစ်နှစ်လုံး ကြိုးစားခဲ့ရတာတွေ။ ဒါမှမဟုတ် ဘဝရဲ့အနာဂတ်ကို တစ်စိတ်တစ်ပိုင်း အဆုံးအဖြတ်ပေးမယ့် အဖြေ။ ဒါမှမဟုတ် လွန်ခဲ့သော ၁၀ နှစ်တာခရီးရှည်ရဲ့ နေ့မနားညမအား ကြိုးပမ်းလာရတဲ့ ပန်းတိုင်။ ခုတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့နေ့ပေါ့။
 
ကျောင်းသံဆန်ခါကြားထဲက စာရွက်တွေပေါ်မှာ ကိုယ့်နာမည်ပါမပါ ကြည့်ရတာ အတော်အသည်းထိတ်ရင်ဖိုရတဲ့ အချိန်တစ်ခုပဲ။ ခုံနံပါတ်တိတိကျကျ မမှတ်မိလို့ ရှာမတွေ့ဖြစ်နေသူ၊ စာစစ်ဌာနမမှတ်မိလို့ ရှာမတွေ့သူ၊ သမီးအတွက် ရတက်မအေးသူ၊ သားအတွက် ရင်ပူနေသူ၊ သူသူငါငါ ရှုပ်ရှက်ခတ်နေကြတယ်။ ဒီလို လူအုပ်ကြီးထဲမှာ အလုအယက်ကြည့်နေရချိန်မှာ “တွေ့ပြီ၊ ငါ့နာမည်တွေ့ပြီ၊ ငါအောင်ပြီကွ” လို့ အော်ဟစ်ရင်း ခုန်ပေါက်ထွက်လာသူရှိတယ်။ “ဟာ.. ဒီ(ဂုဏ်ထူး) တစ်လုံးမှ မပါဘူး။ ငါ့အမေတော့ ပွက်လောရိုက်တော့မှာပဲ” ဆိုကာ အောင်ပေမယ့် မပျော်နိူင်သူလည်းရှိတယ်။ ထို့အတူ မျှော်လင့်ချက်ကြီးကြီးထားပြီး စာရွက်ပေါ်မှာ နာမည်မပါလို့ ကြည့်နေရင်း မျက်ရည်စီးကျနေသူလည်း တွေ့ရတယ်။ ဖြေကတည်းက ပေါ့တီးပေါ့ဆ စာကြိုးစားချင်စိတ် မရှိတဲ့သူ ကတော့ နာမည်မပါလည်း ခံစားချက်မရှိ။  ပေါ့ပျက်ပျက်နဲ့ “ငါ့နာမည်မပါဘူး။ နောက်တစ်နှစ် မင်းနဲ့ငါနဲ့ ဆက်ချစ်လို့ရတာပေါ့ကွာ” ဆိုကာ သူငယ်ချင်းနှစ်ယောက် ပခုံးဖက် အပြုံးမပျက်သူတွေလည်း တွေ့နိုင်တယ်။
 
အောင်စာရင်းထွက်တဲ့နေ့ရဲ့ ဒီမြင်ကွင်းဟာ ရှုပ်ထွေးစုံလင်လွန်းတယ်။ ဒီမြင်ကွင်းကို လှတယ်ပြောရအောင်လည်း အငိုမျက်လုံးတွေက လက်မခံဘူး။ ဒီမြင်ကွင်းကို ရုပ်ဆိုးတယ်ပြောရအောင်လည်း အပြုံးမျက်လုံးပိုင်ရှင်တွေကိုလည်း ငဲ့ကွက် ထည့်တွက်ရဦးမှာ။ ပြုံးသူ၊ ဂုဏ်တက်သူ၊ အောင်ပွဲဆင်သူတွေ ရှိသလို ငိုသူ၊ အနှိမ်ခံရသူ၊ မျက်နှာငယ်ရသူတွေလည်း ရှိနေတယ်။ တစ်ဦးချင်းစီရဲ့ ခံစားချက်တွေက ဒီမြင်ကွင်းကို ဆေးရောင်စုံခြယ်ထားသလိုပဲ။ ချစ်သူငယ်ချင်းနှစ်ယောက်ကို အောင်စာရင်းက တစ်ယာက်ကို အောင်သူ၊ တစ်ယောက်ကို ရှုံးသူလို့ စည်းခြားပစ်လိုက်ပြီလား။
 
အရှုံးသမား
 
စင်စစ် အောင်စာရင်းထွက်တယ်လို့သာ ကြေညာပေမယ့် အရှုံးသမားများကိုလည်း ကြေညာပေးတာဖြစ်တယ်။ တစ်နည်းပြောရရင် စာရင်းကြေညာပေးတာနဲ့ အတူတူပဲ။ နာမည်ပါရင် အောင်တယ်။ နာမည်မပါရင် ရှုံးတယ်။ ဒီတော့ အောင်စာရင်းလို့သာ သတ်မှတ်ကြပေမယ့် ရှုံးစာရင်းလို့လည်း ပြောရင်မမှားနိုင်ဘူး။
 
ဆိုတော့ အခြေအနေတစ်ခုတစ်ခုတိုင်းမှာ ရှုံးသူ၊ နိုင်သူဆိုတာ ဒွန်တွဲနေတဲ့ နိယာမသဘောတရားပဲ။ အောင်နိုင်သူကို ချီးကျူးလက်ခံပေးကြသလို တစ်ဆက်တည်း ဒွန်တွဲပါနေတဲ့ ရှုံးနိမ့်သူကိုလည်း နှစ်သိမ့်အားပေး လက်ခံကြရမှာဖြစ်တယ်။ ဆရာတစ်ယောက်အနေနဲ့ အောင်နိုင်သူကို ချီးမြှောက်ဂုဏ်ပြုရသလို ရှုံးနိမ့်သူကို ကြိမ်းမောင်းပြစ်တင်မှု မပြုရက်ဘူး။
 
ရှုံးရတဲ့အကြောင်းတွေက အမြောက်အမြားရှိနေနိုင်တယ်။ ကျောင်းသား၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဉာဏ်ရည်၊ ပတ်ဝန်းကျင်၊ ပညာရေးစနစ်၊ စာမေးပွဲစနစ်၊ စာစစ်သူ၊ ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်း၊ ဆရာ၊ မိဘစတဲ့ ခေါင်းစဉ်တစ်ခုစီမှာ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းအကြောင်းအရာကို လွှမ်းမိုးနေတဲ့ ကိန်းရှင် (variable) တွေအဖြစ် ပါဝင်ပတ်သက်နေတယ်။ ခေါင်းစဉ်တစ်ခုချင်းစီအကြောင်း ဆွေးနွေးရရင် ဆုံးမယ်မထင်ဘူး။ ရှိစေတော့။
 
အောင်မြင်သူအတွက် ဘယ်တက္ကသိုလ် တက်မယ်။ ဘာမေဂျာယူမယ်။ ဘယ်သင်တန်းတက်မယ်။ လုပ်ငန်းခွင်ဝင်မယ်။ အနာဂတ်ဟာ တဒင်္ဂအားဖြင့် လှပနေတယ်။ စိတ်ကူးယဉ်လို့ကောင်းနေချိန်ပေါ့။
 
ရှုံးနိမ့်သူတွေအတွက်က ခံစားတတ်လေ ကြေကွဲရလေပဲ။ မိဘကဆူ၊ ဆရာကဆူ၊ အ နာဂတ်က မရေမရာ။ သူငယ်ချင်းတွေနဲ့ ရင်မဆိုင်ချင်။ ဒီလိုနဲ့ အဆိပ်သောက် သေကြောင်းကြံသူ၊ အိမ်ကထွက်ပြေးသူ၊ ခိုးရာလိုက်သူစတဲ့ ထွက်ပေါက်ရှာကြသူတွေ ဖြစ်လာတယ်။  ဘေးထွက်ဆိုးကျိုးတွေ ပေါ်လာတယ်။ ဒါတွေဟာ အရှုံးကိုလက်မခံတက်တဲ့၊ မရင့်ကျက်တဲ့လူတွေရဲ့ ဖြစ်ရပ်ပဲ။ ဒီလိုဖြစ်လာစေတဲ့ တရားခံက တစ်ယေက်တည်း မဟုတ်ဘူး။  တစ်ခုတည်းမဟုတ်ဘူး။ ရှုံးသူတစ်ယောက်တည်းကိုပဲ အပြစ်တင်ကြမလား။ အဲဒီအချိန်မှာ အရှုံးကို ကြည်ဖြူစွာလက်ခံတတ်တဲ့ ရင့်ကျက်တဲ့စိတ်ဓာတ်ဟာ အရေးအကြီးဆုံးဖြစ်တယ်။
 
ရှုံးနိမ့်သူ ကာယကံရှင်ကို နှစ်သိမ့်အားပေးဖို့က ပတ်ဝန်းကျင်တစ်ခုလုံးမှာ တာဝန်ရှိတယ်။ တော်သူတွေကိုသာ ချီးကျူးပွဲတွေ၊ ဂုဏ်ပြုပွဲတွေ လုပ်နေတာဟာ ပြည့်စုံတဲ့ မှန်ကန်မှုဖြစ်ရဲ့လား သတင်းစာတွေထဲ စာလုံးအကြီးတွေနဲ့ ချီးကျူးခံရသူကို ထပ်ဆင့်ချီးကျူးဂုဏ်ပြုတဲ့ ကြော်ငြာတွေဟာ ပြည့်စုံမှန်ကန်တဲ့လုပ်ရပ်ဖြစ်ရဲ့လား။ ရှုံးသူဘက်မှ တွေးဆ ဆင်ခြင်ကြည့်သင့်တယ်။
 
စာမေးပွဲတစ်ခု ဖြစ်စဉ်တစ်ခု၊ ပြိုင်ပွဲတစ်ခုမှာ အောင်မြင်သူဆိုတာ လူနည်းစုဖြစ်တယ်။ ပြီး ရှုံးနိမ့်သူက လူများစုဖြစ်နေတတ်တယ်။ အောင်မြင်သူကို ချီးကျူးကြသလို ရှုံးနိမ့်သူကို ကဲ့ရဲ့နှိမ့်ချသလို မဖြစ်သင့်ဘူး။ ရှုံးနိမ့်သူကို နှိမ့်ချတာဟာ လူ့အသိုင်းအဝိုင်းထဲက နှင်ထုတ်သလိုဖြစ်သွားနိုင်တယ်။ လောကမှာ ရှုံးနိမ့်သူတွေက အများသား။
 
ယူ-၂၀ ရှုံးပေမယ့်
 
မြန်မာ ယူ-၂၀ လူငယ်ဘောလုံးအသင်းက ယူကရိန်းယူ-၂၀ အသင်းကို ခြောက် ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တယ်။ ရှုံးတာနဲ့ ညံ့ရောလား။ ရှုံးတာနဲ့ ဝိုင်းနှိမ်ကြမလား။ ရှုံးတာနဲ့ အရှက်ရစေရမယ်တဲ့လား။ ဒီလိုမဖြစ်သင့်ဘူးလေ။ အရှုံးထဲမှာ စိတ်ဓာတ်၊ အရှုံးထဲမှာ ကြိုးစားအားထုတ်မှု၊ အရှုံးထဲမှာ အရည်အချင်း စတာတွေကို အရှုံးထဲမှာ ရှာရမယ်။ ဒီလိုဆင်ခြင်လိုက်တော့ မြန်မာယူ-၂၀ ဘောလုံးသမားလေးတွေကို အပြစ်တင်လို့မရဘူး။ အပြစ်က ယူ-၂၀ လူငယ်တွေမှာတင်ရှိတာ မဟုတ်ဘူး။ စင်စစ်အားနည်းချက်တွေက အများသား။ အစဉ်အဆက်၊ အစဉ်အလာပျိုးထောင်လာတာမဟုတ်တဲ့ အားနည်းချက်။ နိုင်ငံတကာအတွေ့အကြုံနည်းပါးမှု။ တစ်ပွဲတိုး လက်ပူတိုက်ပြိုင်ပွဲဝင်ခဲ့မှု၊ နိုင်ငံတော်ရဲ့ အားကစားနည်းများအပေါ် ထားရှိတဲ့မှုဝါဒ စတာတွေဟာ ယူ-၂၀ အတွက် အားနည်းချက်တွေဖြစ်တယ်။
 
ဆိုတော့ ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်း နဲ့ ဒွန်တွဲနေတဲ့ ဖြစ်စဉ်ဖြစ်လို့ ရှောင်လွှဲလို့မရဘူးဆိုတာကို လုံးဝလက်ခံရမယ်။
 
စာမေးပွဲတစ်ခုဖြေဆိုတာ စာမေးပွဲအောင်ချင်လို့။ ဘောလုံးကန်တာဟာ နိုင်ချင်လို့၊ ပြိုင်ပွဲဝင်တိုင်း နိုင်ချင်လို့ဆိုတာ ယေဘုယျမှန်တယ်။ ဒါပေမဲ့ ခိုးချပြီး စာမေးပွဲအောင်တဲ့သူ ဖြစ်ချင်သလား။ ညစ်ပတ်ပြီး အရည်အချင်းမရှိဘဲ ဘောလုံးပွဲကို နိုင်ချင်သလား။ တစ်ဆက်တည်း လတ်တလော ပတ်ဝန်းကျင်က မြင်သမျှကို ရေးရရင် မဲခိုးပြီး လွှတ်တော်ကိုယ်စားလှယ် (အမတ်) အဖြစ် အရွေးခံအနိုင်ယူမလို့လား။
 
အားငယ်သူကိုအားပေးပါ
 
အဲဒီလို မသမာသူတွေနဲ့ အောင်မြင်သူအဖြစ် ခံယူမယ့်အစား ရိုးသားတဲ့အရှုံးသမားဘဝကို ကြည်ဖြူစွာ လက်ခံလိုက်ပါ။ ရိုးသားလို့ ရှုံးသွားတဲ့အရှုံးသမားကို ကြည့်သူတွေက နှလုံးသားမှ ခွင့်လွတ်နေကြမှာပါ။ အားငယ်စရာမရှိပါဘူး။ စာမေးပွဲအကြောင်း ပြန်ပြောရရင် ဒီတစ်နှစ်မအောင်။ နောက် တစ်နှစ်ပေါ့။ ဒါ အားပေးတဲ့စကားပါ။ မြှောက်ပေးတဲ့စကား မဟုတ်ဘူး။ ဒါပေမဲ့ စာမေးပွဲဆိုတာ အောင်မြင်ဖို့ဖြေကြတာ။ ပျော်လို့ ဖြေတာမဟုတ်တာကိုလည်း ဖြေဆိုသူကလေးတွေ သတိရှိသင့်တယ်။ ကျလည်း ဘာဖြစ်လဲဆိုတဲ့ စိတ်ထားမျိုးကိုတော့ အားမပေးဘူး။
 
အောင်စာရင်းမှာ နာမည်မပါလို့ မျက်နှငယ်စွာ ပြန်လာတဲ့ သားငယ်၊ သမီးငယ်များကို မိဘများက အားပေးကြပါ။ နှစ်သိမ့်ကြပါ။ နွေးထွေးစွာကြိုဆိုပါ။ နောက်တစ်နှစ်အတွက် တစ်ကြိမ်ထပ်မံကြိုးစားခွင့်ပြုလိုက်ပါ။  စာမေးပွဲကျမှ သား၊ သမီးကို အပြစ်တင်တာထက် နှစ်စကတည်းက စနစ်တကျ နည်းမှန်လမ်းမှန် စာသင်ကြားရေးကို ကူညီပံ့ပိုးပေးသင့်တယ်။ 
 
ညှိုးချုံးကျနေတဲ့အရှုံးသမားရဲ့ နှလုံးသားကို အပြုံးများဖြင့် အားပေးနှစ်သိမ့်ပေးကြပါလို့ တိုက်တွန်းရပါကြောင်း။